ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း ဇူလိုင် ၂၉ ရက်က အစိုးရ တပ်မတော်သား နှစ်ဦး သေဆုံးမှု အပေါ် စစ်တပ်က အခင်းဖြစ်ပွားရာ နောင်မတာ ကျေးရွာရှိ ဒေသခံများအား ခြိမ်းခြောက်မှုပြုသဖြင့် ရွာလုံးကျွတ် တရုတ်ပြည်ဘက်သို့ ထွက်ပြေး တိမ်းရှောင် နေကြရကြောင်း သိရသည်။
နောင်မတာကျေးရွာတွင် အိမ်ခြေ ၁၂၀ ကျော်နှင့် ဒေသခံ ၄၀၀ ကျော်ရှိကြောင်း၊ သေဆုံးသူ ၂ ဦးသည် ယင်းဒေသ အခြေစိုက် အစိုးရစစ်တပ် တပ်မ ၈၈ လက်အောက်ခံတပ်မှ အရာရှိများ ဖြစ်သည်ဟု ဒေသခံများက ယူဆထားသူများ ဖြစ်သည်။
အဆိုပါ အရာရှိ နှစ်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်တပ်မှ ရွာလူကြီး ၅ ဦးကို ရိုက်နှက် စစ်ဆေးမှုများ ပြုလုပ်ပြီး လူသတ် တရားခံ မဖော်ထုတ်နိုင်ပါက ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံများသည် ၎င်းတို့၏ လုံခြုံရေးအရ တရုတ်ပြည်သို့ ထွက်ပြေးတိမ်းရှောင် နေကြပြီး တရုတ်ပြည်တွင်းရှိ ဆွေးမျိုးများအိမ်တွင် ခိုလှုံနေထိုင်ကြကြောင်း၊ တချို့မှာ တရုတ်ပြည်ရှိ ရှမ်းဘုန်းကြီးကျောင်းတွင် နေထိုင်ကြကြောင်း နမ့်ခမ်းမြို့ဒေသခံ စိုင်းအွမ်မှိုင်းက ဧရာဝတီသို့ ပြောသည်။
“စစ်သားနှစ်ဦး သေတာနဲ့ ဒေသခံတွေကို နည်းမျိုးစုံ ခြိမ်းခြောက်တာ၊ ရွာလူကြီး ၅ ဦးကို ရိုက်နှက် စစ်ဆေးတာက နည်းလမ်းမကျဘူး။ အခုဟာက စစ်သား၂ ဦးရဲ့ အသက်ဟာ ရွာသား ၄၀၀ ကျော် အသက်နဲ့ ညီမျှနေတယ်”ဟု စိုင်းအွမ်မှိုင်းက ပြောသည်။
ရွာလူကြီး ၅ ဦး ကို ရိုက်နှက် စစ်ဆေးသည့် ကိစ္စနှင့် နောင်မတာ ကျေးရွာဒေသခံများ တရုတ်ပြည်သို့ ရှောင်ပြေးနေကြသည့် အခြေအနေများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှုး၊ တပ်မမှုးများနှင့် ပြည်နယ်ဝန်ကြီးများကို တင်ပြသွားရန် နမ့်ခမ်းမြို့မိမြို့ဖများနှင့် နိုင်ငံ ရေး ပါတီများက စီစဉ်နေကြကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နမ့်ခမ်းမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်အုန်းကလည်း“ရွာသားတွေ တရုတ်ပြည် ကို ထွက်ပြေးတာတော့ ကြားပါတယ်။ ဘယ်လောက်လဲ ဆိုတာတော့ ကျနော် အတိအကျ မသိသေးဘူး။ ဒီအချိန်က ရွာသားတွေ လယ် ယာ စိုက်တဲ့ အချိန်ပါ။ ရွာသားတွေ ရွာမှာပြန်နေဖို့ ကျနော် ကြိုးစားလုပ်ဆောင် သွားပါမယ်”ဟု ပြောသည်။
နောင်မတာကျေးရွာသည် ယခင်က ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း(RCSS/SSA) ၇၀၁ တပ်စခန်း အခြေစိုက်ရာ ဒေသဖြစ်ခဲ့ပြီး ၂၀၁၃ ခုနစ် မေလတွင် အစိုးရတပ်က သိမ်းပိုက်လိုက်သည့် နယ်မြေ တခုလည်း ဖြစ် သည်။
နမ့်ခမ်းမြို့ခံ တဦးဖြစ်သည့် စိုင်းအောင်က“အခုက တိုက်ပွဲကြောင့် ရွာသားတွေ ထွက်ပြေးနေရတာ မဟုတ်ဘူး။ တပ်သား နှစ် ယောက် အသတ်ခံရလို့ ထွက်ပြေးနေရတာ။ ရွာထဲကိုတောင် ဘယ်သူမှ မဝင်ရဲဘူး။ တပ်ကလူတွေက ရွာမှာ စောင့်နေတာ။ ရွာသား တွေ ရွာပြန်လာရင် ဖမ်းမယ်လို့လည်း ခြိမ်းခြောက်နေကြတယ်”ဟု ဧရာဝတီကို ပြောသည်။
ထိုသို့ အစိုးရ တပ်မတော်သား နှစ်ဦး သေဆုံးမှုကြောင့် ရွာသားများ တရုတ်ပြည်သို့ ထွက်ပြေးတိမ်းရှောင် ကြရသည့် သတင်းနှင့် ပတ်သက် ပြီး နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် နမ့်ခမ်းမြို့ ရဲစခန်းသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။
ယင်းဒေသသည် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ပန်းဆေး ပြည်သူ့စစ်၊ မြို့မ ပြည်သူ့စစ်နှင့် ဝါလိုင်း ပြည်သူ့စစ်တို့ လှုပ်ရှားနေသည့် ဒေသတခု ဖြစ်ကြောင်း ဒေသခံများက ပြော သည်။