၁၉၇၄ ခုနှစ်တွင် ကမ္ဘာပေါ်၌ ဒီမိုကရေစီနိုင်ငံ ၃၅ နိုင်ငံသာ ရှိခဲ့သည်။ ၎င်းတို့ထဲတွင် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဥရောပ အနောက်ပိုင်းနှင့် မြောက်ပိုင်း နိုင်ငံများ၊ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျနှင့် နယူးဇီလန် နိုင်ငံများပါဝင်သည်။ ကမ္ဘာ့ နိုင်ငံများ၏ ၃၀ ရာခိုင်နှုန်းထက် နည်း၏။ ထိုအချိန်မှစ၍ အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် ရောက်သည့်အခါ ဒီမိုကရေစီနိုင်ငံ ၁၂၀ ခန့်အထိ တိုးတက်လာသည်။ တနည်းဆိုရသော် နိုင်ငံ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်း ကျော် ဖြစ်သည်။
သို့သော် လတ်တလော အနီးဆုံး အချိန်တွင် ဘာတွေဖြစ်နေသည်ကို ကျနော်တို့ ကြည့်မည်ဆိုလျှင် အားပျက်ဖွယ် ပုံချပ်တခုကို တွေ့ရမည်ဖြစ်သည်။ မလွတ်လပ်သည့် နိုင်ငံအများအပြား ဥပမာ ယူကရိန်းနိုင်ငံမှ တော်လှန်ရေးများနှင့် အီဂျစ်မှ တော်လှန်ရေး တို့ကဲ့သို့သော စိတ်လှုပ်ရှားဖွယ်ရာ ထင်ရှားသည့် အရေးအခင်းများ ကျနော်တို့ တွေ့ခဲ့ရပြီးဖြစ်သည်။ နေရာဒေသနှင့် ယဉ်ကျေးမှု ကွဲပြားခြားနားကြသော်လည်း ပြည်သူများသည် အကျင့်ပျက်ခြစားသည့် အစိုးရများကို ဆန့်ကျင် အုံကြွခဲ့ကြပြီး လွတ်လပ်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် ဂုဏ်သိက္ခာရှိစွာ ရှင်သန်နေထိုင်နိုင်ခြင်း တို့ကို လိုချင်သော စိတ်ဆန္ဒပြင်းပြမှုကို ထုတ်ဖော်ခဲ့ကြသည်။ သို့သော်လည်း ထိုအုံကြွမှုများသည် (နိုင်ငံရေး သိပ္ပံပညာရှင် Jason Brownlee၊ Tarek Masoud နှင့် Andrew Reynolds တို့ရေးသားသည့် စာတမ်းတစောင်၏ အဆိုအရ) “မဖြစ်စလောက်သာ ရိတ်သိမ်းနိုင်ခဲ့သည်။”
ပြီးခဲ့သည့် ၁၀ – ၁၅ နှစ်အတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးများသည် အောင်မြင်သည်ထက် ရှုံးနိမ့်သည်က တခါတရံ ပိုများနေခဲ့သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အားထုတ်မှုများ ကျဆုံးရခြင်းတွင် အကြောင်းရင်းများစွာ ရှိပါသည်။ အချို့ နိုင်ငံများတွင် ခေါင်းမာသည့် အစိုးရများက အင်အားသုံး၍ ပြင်းထန်စွာ ဖိနှိပ်ချေမှုန်းရန် အသင့်ရှိနေကြပြီး (အီရန်၊ ဆီးရီးယား၊ ဘာရိန်း၊ ဘဲလားရပ်စ် နှင့် ဗင်နီဇွဲလားတို့ကဲ့သို့) စစ်တပ်ကလည်း ၎င်းတို့ အပေါ် သစ္စာစောင့်သိခဲ့ကြ သည်။ စရိုက်လက္ခဏာ ကွဲပြားမှု နက်ရှိုင်းသည့် နိုင်ငံအများအပြားတွင် ဖိနှိပ်ချုပ်ချယ်သည့် အစိုးရကို ဖယ်ရှားပြီးနောက် (အီရတ်၊ အာဖဂန်နစ္စတန်၊ ဂျော်ဂျီယာ၊ ယူကရိန်း၊ လစ်ဗျားနှင့် ဆီးရီးယား ကဲ့သို့) အစိတ်စိတ်ပြိုကွဲပြီး မတည်ငြိမ်မှုများ၊ ပြည်တွင်းစစ်နှင့် နိုင်ငံကျဆုံးခြင်းဆီသို့ ရောက်ရှိသွားခြင်းမျိုးလည်း ရှိသည်။ ရေနံနှင့် သဘာ၀ သယံဇာတများသည် နိုင်ငံအတွက် မင်္ဂလာတပါး မဟုတ်ဘဲ ကျိန်စာ ဖြစ်နေခြင်းများလည်း ရှိသည်။
ဒီမိုကရေစီ ကူးပြောင်းရေး ကျဆုံးခဲ့သည့် (လစ်ဗျား၊ ဆီးရီးယား၊ ယူကရိန်းနှင့် အီဂျစ် ကဲ့သို့) နိုင်ငံများတွင် စည်းလုံး ညီညွတ်မှုမရှိခြင်း၊ အတိုက်အခံများ ပြိုကွဲနေခြင်း စသည်တို့ကို ကျနော်တို့ တွေ့ရှိရသည်။ အိမ်နီးချင်းကောင်း မရှိလျှင်လည်း ပြင်ပမှ ဝင်ရောက်နှောက်ယှက်မှုကြောင့် ပျက်စီးနိုင်သည်။ ဂျော်ဂျီယာ၊ ယူကရိန်းနှင့် ဘဲလားရပ်စ်မှ ဒီမိုကရေစီအရေး အားထုတ်မှုများ ပြိုလဲစေရန် တက်ကြွစွာ ပါဝင်ခဲ့သည့် ရုရှားနိုင်ငံ၏ အခန်းကဏ္ဍ သို့မဟုတ် ဘာရိန်းနှင့် အီဂျစ်တွင် ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ အခန်းကဏ္ဍနှင့် ဆီးရီးယားတွင် အီရန်နှင့် ရုရှားတို့၏ အခန်းကဏ္ဍ တို့ကို တွေ့မြင်နိုင်သည်။
ဆင်းရဲသည့် နိုင်ငံများနှင့် နိုင်ငံရေး ဗဟုဝါဒ သမိုင်းအတွေ့အကြုံ ကင်းမဲ့သည့် နိုင်ငံများတွင် ဒီမိုကရေစီကို စုစည်း ညီညွတ်အောင် ပြုလုပ်ရန် ပိုမိုခက်ခဲကြောင်းလည်း ကျနော်တို့ သိခဲ့ကြသည်။
ထိုသို့သော ဒီမိုကရေစီဖော်ဆောင်ရေး၏ အနုတ်သဘောဆောင်သည့် ဆိုးကျိုးများကို မြန်မာနိုင်ငံမှ အခြေအနေနှင့် နှိုင်းယှဉ်ကြည့်လျှင် မြန်မာနိုင်ငံတွင် အတားအဆီး အနှောက်အယှက် အားလုံးရှိနေကြောင်း ကျနော်တို့ တွေ့မြင်ရမည် ဖြစ် သည်။ မြန်မာနိုင်ငံသည် ဆင်းရဲပြီး မဖွံ့ဖြိုးသေးသည့် တိုင်းပြည်ဖြစ်သလို သမိုင်းကြောင်းတွင်လည်း နိုင်ငံရေး ဗဟုဝါဒ နှင့် ပတ်သက်၍ အတွေ့အကြုံ ကင်းမဲ့နေသည်။ ၎င်း၏ စစ်တပ်တွင်းတွင်လည်း အမိန့်နာခံပြီး စည်းလုံးမှုရှိနေသည့် အပြင် သူတို့၏ ကိုယ်ပိုင် အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ကြမ်းတမ်းသည့် နည်းလမ်းများကို အသုံးပြုရန် အသင့်ရှိနေဆဲ ဖြစ်သည်ဟု ယူဆရသည်။ မြန်မာ့လူမှုအသိုက်အဝန်းသည် ခွဲခြားမှု နက်နက်ရှိုင်းရှိုင်း ရှိနေသည့်အပြင် သယံဇာတ အရင်း အမြစ်လည်း ကြွယ်ဝသည်။ ဒီမိုကရေစီ အိမ်နီးချင်းနိုင်ငံထက် ဒီမိုကရေစီ စနစ် မကျင့်သုံးသည့် အိမ်နီးချင်း နိုင်ငံကလည်း ပိုများနေသည်။ ထို့ကြောင့် အဆိုးကိုမျှော်လင့်၍ အနာဂတ်ကို နိမိတ်ဖတ်ခြင်း မဟုတ်သည့်တိုင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် ကြမ်းတမ်းခက်ခဲလိမ့်မည်ဟု ကျနော်တို့ သုံးသပ်နိုင်ပါလိမ့်မည်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲက စွန့်စားမှုမြင့်မားသည့် အခြေအနေကို ဖန်တီးပေးလိမ့်မည်။ မြင့်မားသော အတားအဆီး၊ စိတ်ခံစားမှုနှင့် ပြင်းထန်သော ယှဉ်ပြိုင်မှုများက ပဋိပက္ခ အခြေအနေသို့ အလွယ်တကူ ရောက်ရှိသွားနိုင်သည်။ မြန်မာနိုင်ငံတွင် ယုံကြည်မှုကင်းမဲ့ခြင်း၊ အမုန်းတရား၊ တင်းမာမှုများနှင့် မျက်မှောက် ပဋိပက္ခများကို လှုံ့ဆော်ပေးနေသည့် အကြောင်းရင်းများစွာ ရှိပြီးဖြစ်သည်။
အခြေအနေကို ပိုမိုရှင်းလင်းစွာ နားလည်ဖို့ အရေးကြီးပါသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မည်သူ အနိုင်ရရှိသည်ဖြစ်စေ အလွန်ခက်ခဲသော တာဝန်ကို ယူရမည်ဖြစ်သည်။ ပြည်သူလူထုကလည်း အလျှင်အမြန် ပြောင်းလဲရေး၊ သက်သာချောင်ချိမှုနှင့် တိုးတက်ကောင်းမွန်လာရေးအတွက် ဖိအားကြီးစွာ ပေးလာခြင်းကြောင့် အနိုင်ရရှိသူသည် အမွေဆက်ခံရမည့် နက်နဲသောပြဿနာများ ကြားတွင် ညပ်သွားလိမ့်မည်။ ကမ္ဘာပေါ်တွင် အကောင်းဆုံး အစိုးရ အာဏာခဲ့ရလျှင်ပင် ပြဿနာအများစုက ဖြေရှင်းဖို့ မလွယ်ကူပါ။ စစ်အုပ်ချုပ်ရေး အောက်တွင် ဆယ်စုနှစ်များစွာရှိနေခဲ့ရပြီး နောက် မည်သည့် ရွေးကောက်ခံ အစိုးရဖြစ်စေ အခွန်များကို မှန်ကန်စွာ ကောက်ယူနိုင်ခြင်းမရှိသော သို့မဟုတ် သဘာဝအရင်းအမြစ်မှ ရရှိသည့် ဝင်ငွေများကို ထိန်းချုပ်နိုင်ခြင်း မရှိသော၊ ပြည်တွင်းဘဏ်များတွင်လည်း ရင်းနှီးငွေနည်းပါးနေသော၊ ကားလမ်း ရထားလမ်းများ ယိုယွင်းနေသော၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်များ ပျက်စီးနေသော အဖက်ဖက်က ကျဆင်းနေသည့် နိုင်ငံတခုကို ဦးဆောင်နိုင်ဖို့ လိုအပ်ပါသည်။ ပြဿနာအများစုမှာ အချိန်တိုအတွင်း ဖြေရှင်း၍ ရနိုင်သည့် ပြဿနာများ မဟုတ်ပါ။ သို့သော်လည်း ပြည်သူများက သည်းခံကြမည် မဟုတ်ပေ။ ထို့ကြောင့် မည်သည့် အစိုးရဖြစ်စေ ကြီးမားသည့် ဖိအားနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ အကယ်၍ အစိုးရသည် နိုင်ငံရေးပြိုင်ဖက်များနှင့်ပါ ဆက်လက် ယှဉ်ပြိုင်နေရလျှင် ပြဿနာဖြေရှင်းရေးကို အလုံးစုံ အာရုံစိုက်နိုင်မည် မဟုတ်ပါ။
ထိုအကြောင်းပြချက်များအတွက် မြန်မာနိုင်ငံအတွက် အကောင်းဆုံး ဇာတ်ညွှန်းမှာ အဓိကကျသည့် နိုင်ငံရေးသမားများ ကြား “ပူးပေါင်းဆောင်ရွက်မှုရှိသည့် ယှဉ်ပြိုင်ခြင်း” ရှိရန်နှင့် ရွေးကောက်ပွဲနောက်ပိုင်း အတွက် အာဏာခွဲဝေသုံးစွဲသည့် အစိုးရတခု ဖြစ်ရေးကို ရွေးကောက်ပွဲ မတိုင်မီ ကြိုတင်သဘောတူညီမှု ရယူထားရန်ဖြစ်သည်။
လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ၏ ရလဒ်ပေါ်တွင် မူတည်နေသော အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်ရေးကို ဦးတည်သည့် အာဏာခွဲဝေသုံးစွဲသည့် အစိုးရတွင် လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ စစ်တပ်နှင့် အဓိက တိုင်းရင်းသား ပါတီများ ပါဝင်စေသင့်သည်။ အာဏာခွဲဝေမှု သဘောတူညီချက်အရ လွှတ်တော်ရွေးကောက်ပွဲတွင် အနိုင်ရသူက သမ္မတနှင့် ပြည်ထဲရေး ဝန်ကြီးနေရာ အပါအဝင် ဝန်ကြီးနေရာ ၅၀ ရာခိုင်နှုန်းကို အမည်စာရင်း တင်သွင်းစေသင့်သည်။ ရွေးကောက်ပွဲတွင် ဒုတိယ မဲအများဆုံး ရရှိသူ(အမှန်တကယ်အားဖြင့် ဆိုလျှင် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သူ) က အာဏာခွဲဝေမှု သဘောတူညီချက်အရ အောက် လွှတ်တော် (ပြည်သူ့လွှတ်တော်) ဥက္ကဌနေရာနှင့် ဝန်ကြီး နေရာ ၂၅ ရာခိုင်နှုန်းကို ရရှိစေသင့်ပါသည်။ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော တိုင်းရင်းသားပါတီများက ဒုသမ္မတ ၁ နေရာ၊ အထက်လွှတ်တော် (အမျိုးသားလွှတ်တော်) ဥက္ကဌ နေရာနှင့် နယ်စပ်ရေးရာ ဝန်ကြီး အပါအဝင် ဝန်ကြီးနေရာ ၂၅ ရာခိုင်နှုန်းကို ရရှိစေသင့်ပါသည်။ စစ်တပ်က လွှတ်တော် ကိုယ် စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း နှင့် ကာကွယ်ရေး ဝန်ကြီးနေရာကို ရနိုင်မည် ဖြစ်သည်။
ထိုသို့သော အစီအစဉ်ကြောင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ အတွက် ပြိုင်ဆိုင်မှု ပိုမိုကျယ်ပြန့်လာမည် ဖြစ်သည်။ သို့သော်လည်း အနာဂတ်အစိုးရတွင် အရေးပါသူအားလုံး ပါဝင်နိုင်ရမည်။ သို့မှသာ အစိုးရက တရားဝင်ဖြစ်ကာ ပြည်သူက သဘောကျပြီး အားလုံးပါဝင်နိုင်၍ ပြဿနာဖြေရှင်းရေးကို ခိုင်ခိုင်မာမာ ဦးတည်ဆုံးဖြတ်ထားသည့် အစိုးရ ဖြစ်လိမ့်မည်။ ပိုမိုနက်ရှိုင်းသော ပြုပြင်ပြောင်းလဲရေး၊ စီးပွားရေးဖွံ့ဖြိုးမှု စတင်နိုင်ရေးနှင့် တိုင်းပြည်၏ အဓိကကျသော ဖွံ့ဖြိုး တိုးတက်မှုနှင့် ပြန်လည်တည်ဆောက်ရေးများကို တာဝန်ယူနိုင်လိမ့်မည်။ တခြားတဘက်တွင်လည်း လွှတ်တော်သည် တရားဝင်ဖြစ်၍ ကိုယ်စားပြုနိုင်ကာ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် ပြန်လည် ရေးသားရေး အတွက် အလေးအနက် ဆွေးနွေး တိုင်ပင်နိုင်အောင် အားလုံးပါဝင်နေလိမ့်မည် ဖြစ်သည်။ လွှတ်တော် အတွက် အချိန်ရရန် အရေးကြီးသလို လာမည့်ဆဲဆဲ ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေ ပြင်ဆင်ရေးဆွေးနွေးရန် ဖိအားမရှိစေရပါ။
သို့သော်လည်း ကံမကောင်းစွာဖြင့် အကြောင်းအရာများက ထို ဦးတည်ချက်အတိုင်း တိုးတက်လာခြင်း မရှိပါ။ အဘယ်ကြောင့် ဆိုသော် စစ်တပ်၊ ကြံ့ခိုင်ရေးပါတီ နှင့် သမ္မတဦးသိန်းစိန်၏ အစိုးရတို့သည် ပြီးခဲ့သော ၆ လ ကာလအတွင်း အဖြစ်အပျက်များအရ ကြည့်မည်ဆိုလျှင် စစ်မှန်သော ညှိနှိုင်းဆွေးနွေးရေးနှင့် သဘောတူညီချက် ရယူရေး အသင့်ဖြစ်မနေကြပါ။ စစ်အစိုးရခေတ်လွန် ထိပ်တန်းခေါင်းဆောင်များက အရေးပါသည့် နေရာကို ဆက်လက် ရရှိလိမ့်မည်၊ ရွေးကောက်ပွဲတွင် အောင်မြင်မည်ဟု ယုံကြည်ထားကြပုံရသည်။ ဗျူဟာမြောက်ရည်မှန်းချက်မှာ အုပ်ချုပ်ရေး အာဏာကို နောက်ထပ် ၅ နှစ် ဆက်လက်ချုပ်ကိုင်ထားရန်ဖြစ်ပြီး ပြုပြင်ရေးလုပ်ငန်းများကို အဆုံးသတ်ပစ်လိုက်နိုင်ကာ စီးပွားရေးလုပ်ပိုင်ခွင့်များကိုပါ ပိုမိုထိန်းချုပ်နိုင်ရေး အသွင်ပေါ်လာနေသည်။ စစ်တပ်ကို ကြီးကြပ်သူနေရာနှင့် အဆုံးအဖြတ်ပေးသည့်နေရာတွင် (ပါကစ္စတန်နှင့် ထိုင်းနိုင်ငံကဲ့သို့) ဆက်လက်ထားရှိရေး လုပ်လာနေသည်ဟု ကျနော်တို့ မြင်နေရသည်။
ထို့ပြင် အရပ်သား အမည်ခံ ပြုပြင်ပြောင်းလဲရေး အစိုးရသည် ဒီမိုကရေစီကို ဆောင်ကျဉ်းပေးရန် ဆန္ဒမရှိကြောင်း ပို၍ပို၍ သိသာ ထင်ရှားလာနေသည့် သဘောလည်း ဖြစ်သည်။ သို့သော်လည်း (ကမ္ဘောဒီးယားမှာ ကဲ့သို့) ဒီမိုကရေစီနှင့် အာဏာရှင်စနစ် ရောနှောထားသည့် မျိုးစပ် ပုံစံမျိုးကို လိုလားသည့် အသွင်လည်း ရှိသည်။ ပြုပြင်ပြောင်းလဲရေး အစိုးရ၏ မိတ်ဆွေဆန်သည့် မျက်နှာနောက်တွင် စစ်တပ်၊ ထိပ်တန်း လက်ရွေးစင် စီးပွားရေးသမားများနှင့် ဘာသာရေး အစွန်းရောက် လှုပ်ရှားမှု စသည်တို့ဖြင့် ဖွဲ့စည်းထားသည့် တြိဂံတခု ရှိနေသည်။ ထို တြိဂံသည် အပြောင်းအလဲ အားလုံးကို အလွယ်တကူ သိမ်းယူ ထိန်းချုပ်နိုင်သည်။ ထို့ကြောင့် အခြေခံ အကျိုးစီးပွားများ ဖြစ်သည့် အထူးအခွင့်အရေးနှင့် သြဇာ လွှမ်းမိုးမှုကို ဆက်လက်ထိန်းချုပ်နိုင်ရေးသည် တံခါးဖွင့်ဝါဒ၊ လွတ်လပ်ခွင့်နှင့် ရွေးကောက်ပွဲများကြောင့် အန္တရယ် မတွေ့နိုင်ပါ။ တြိဂံ၏ ရည်မှန်းချက်ဗျူဟာက ဒီမိုကရေစီ မဟုတ်ပါ။ တည်ငြိမ်မှု၊ စီးပွားရေးနှင့် အာဏာရှင်စနစ်တို့ ရောသမမွှေသော စနစ်ဖြစ်သည်။ (စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဟုလည်း ဆိုနိုင်ပါသည်။) ထိုရွေးချယ်မှုက တိုင်းပြည်ကို အန္တရာယ်ပြွမ်းသော လမ်းကြောင်းပေါ်သို့ ပို့ ဆောင်နေသည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက သူတို့ကို ထောက်ခံမှု အခြေခံနှင့် ကြီးမားသည့် နိုင်ငံရေး အင်အားကို အသက်သွင်းနေသည်။ အခြားတဖက်တွင် အစိုးရနှင့် စစ်တပ်က (ထောက်လှမ်းရေး ကွန်ယက်များမှ တဆင့် သွေးထိုးလှုံ့ဆော်နေခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်) အစွန်းရောက် အမျိုးသားရေးနှင့် ဘာသာရေး လှုပ်ရှားမှုတခု ဖွံ့ဖြိုးလာသည်ကို ခွင့်ပြုပေးနေသည်။ နှစ်ဘက်လုံးတွင် နိုင်ငံရေး လှုပ်ရှားမှု အင်အားက အသက်ဝင်နေ သည်။ ယခုအချိန်တွင် နွားရိုင်းနှစ်ကောင် တကောင်နှင့် တကောင်ဆီ တည့်တည့် ဦးတည်၍ ပြေးလာနေကြပြီဖြစ်သည်။ အင်အားအပြည့် အရှိန်အဟုန်အပြည့်ဖြင့် ပြေးနေခြင်းမဟုတ်သေးသော်လည်း ပြိုင်ဖက် နိုင်ငံရေး အင်အားစုများကြား စေ့စပ်ဆွေးနွေးမှု မပြုလုပ်လျှင် ရွေးကောက်ပွဲကျင်းပမည့် ၂၀၁၅ ခုနှစ်တွင် အချင်းချင်းဝင်တိုက်ခဲ့ပါက စောင့်ပြီဆိုပါက ကြားထဲက မြေဇာပင် တိုင်းပြည်လည်း ကြေမွသွားနိုင်သည်။
ထိုသို့ ဖြစ်လာလိမ့်မည် မဟုတ်ဟု ကျနော် မျှော်လင့်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးခေါင်းဆောင်များက ထိပ်တိုက်ရင်ဆိုင်မှု၏ အခက်အခဲနှင့် အန္တရာယ်များကို နားလည်ကြလိမ့်မည်ဟု ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းကြောင်းလွဲမှားမှုများကို ယူဂိုဆလားဗီးယားနှင့် ဘော့စ်နီးယားတွင် ကိုယ်တိုင် တွေ့ကြုံခဲ့ရသူ တဦး အနေဖြင့် ကျနော် မျှော်လင့်ပါသည်။ စိတ်လှုပ်ရှားဖွယ်ရာကောင်းပြီး ရှောင်လွှဲ၍လည်း မရနိုင်သည့် ပြိုင်ဆိုင်မှု ပြင်းထန်မည့် ၂၀၁၅ ခုနှစ် မတိုင်မီ ညှိနှိုှုင်းဆွေးနွေးရေးသို့ သူတို့တွေ ပြန်ရောက်လာပြီး ပြန်လည်ဆက်သွယ်မိကြမည်ဟုလည်း မျှော်လင့်ပါသည်။
ကိုယ်နိုင်လျှင် သူရှုံးရမည် ဟူသော ပေါင်းလဒ် သုည အမြင်က မြန်မာနိုင်ငံတွင် နှစ်ဘက်လုံး ရှုံးရသည့် အခြေအနေတခုကို လွယ်လွယ်ကူကူ ဖန်တီးသွားနိုင်ပါသည်။ ယူဂိုဆလပ်၊ ဆီးရီးယားနှင့် အီဂျစ် နိုင်ငံသားများကို မေးကြည့်ပါ။ သူတို့ ကြေကွဲဖွယ် ပြောပြနိုင်ပါသည်။ ရွေးကောက်ပွဲ မတိုင်ခင် ဆွေးနွေးညှိနှိုှု်င်း အဖြေရှာပြီး အာဏာခွဲဝေရယူရေး သဘောတူညီချက်က နိုင်ငံရေးပြိုင်ပွဲမှ ကစားသမား အားလုံးအတွက်သာမက တနိုင်ငံလုံးအတွက်ပါ အနိုင်ရရှိသည့် အခြေအနေကို ပေးပါသည်။ ပိုလန်၊ တောင်အာဖရိက နှင့် တူနီးရှား နိုင်ငံသားများကိုလည်း မေးကြည့်ပါ။ သူတို့ ဂုဏ်ယူတကြီး ပြောပြကြပါမည်။
(အီဂေါဘလာဇီဗစ်သည် ချက်နိုင်ငံသား နိုင်ငံရေးသိပ္ပံပညာရှင်တဦးဖြစ်ပြီး ရန်ကုန်မြို့တွင် Educational Initiatives ပရိုဂရမ်ကို တည်ထောင်ကာ မြန်မာနိုင်ငံသားများကို သင်တန်းပို့ချနေပါသည်။ The Irrawaddy အင်္ဂလိပ်ပိုင်း အွန်လိုင်းပါ ၎င်း၏ A Power-Sharing Alternative for Burma’s Political Elites ကို ဆီလျော်အောင် နိုင်မင်းသွင်က ဘာသာပြန်ဆိုထားသည်)