အော်ရီဒူးဖုန်းကွန်ရက် ဝန်ဆောင်မှုကို ယခုလ ၁၅ ရက်နောက်ပိုင်းမှစ၍ လက်ရှိ ဝန်ဆောင်မှုရနေသည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များအပြင် ပြည်၊ မိထ္ထီလာ၊ မကွေးမြို့အပါအဝင် မြို့ ၆၈ မြို့တွင် အသုံးပြုနိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သြဂုတ် ၂ ရက်နေ့က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟော်တယ်တွင် ပြုလုပ်ခဲ့သည့် အူရီဒူး၏ သတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ကြေညာခဲ့ခြင်းဖြစ်သည်။ အော်ရီဒူး၏ အမှုဆောင်အရာရှိချုပ် Mr.Ross Cormack က “အခု ကွန်ရက်ဖြန့်ကျက်တဲ့ ဒေသတွေကို ကျော်လွန်ပြီး သြဂုတ် ၁၄ ရက်နောက်ပိုင်းကနေ စတင်ပြီး ပြည်၊ မကွေး၊ မိထီ္တလာ အပါအဝင် မြို့ပေါင်း ၆၈ မြို့မှာ လူများနိုင်သလောက်များများကို နောက်ဆုံးပေါ်နည်းပညာက ရတဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
၎င်းတို့၏ စာရင်းအရ လက်ရှိဝန်ဆောင်မှုရနေသော ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့မှ မြို့များအပြင် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့နှင့်အနောက်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိမြို့များ ပါရှိကြောင်း သိရသည်။ ယခုနှစ် အကုန်တွင် လူဦးရေ စုစုပေါင်း သန်း ၆၀ တွင် ၂၅ သန်းထံ ဖုန်းကွန်ရက် ရောက်နိုင်မည်ဖြစ်ပြီး ၅ နှစ်အတွင်း ၉၇ ရာခိုင်နှုန်းထံ ရောက်ရှိမည်ဟုလည်း ကြေညာသည်။
လက်ရှိတွင် အူရီဒူးအနေဖြင့် ၎င်းတို့၏ နောက်ဆုံးပေါ် မျိုးဆက်သစ် နည်းပညာဖြစ်သော UMTS ၉၀၀ ဖြင့် ဝန်ဆောင်မှုများပေးနေပြီး အဆိုပါနည်းပညာတွင် ကြည်လင်သော ဖုန်းခေါ်ဆိုမှု၊ မြန်နှုန်းမြင့် အင်တာနက်နှင့် လိုင်းဆွဲအားကောင်းမွန်မှု စသည်တို့ကို ရရှိစေနိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။ ယခုအချိန်တွင် 3G ကွန်ရက်ဖြင့် အသုံးပြုနိုင်မည် ဖြစ်သော်လည်း နောက်ပိုင်းတွင် 4G ကွန်ရက်ကိုလည်း လုပ်ဆောင်ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
အော်ရီဒူးအနေဖြင့် ဆက်သွယ်ရေးလုပ်ငန်းလုပ်ပိုင်ခွင့်လိုင်စင်ရခဲ့သည်မှာ ၂၀၁၄ ဇန်နဝါရီလကုန်ပိုင်းတွင်ဖြစ်ရာ ၆ လကျော်အတွင်း မှာပင် ဝန်ဆောင်မှုများ မြန်ဆန်စွာ ပေးလာနိုင်သည့်အပေါ် မြန်မာနိုင်ငံ ကွန်ပြူတာအသင်းချုပ် အထွေထွေ အတွင်းရေးမှုး ဦးဇော်မင်းဦးက “အဓိကကတော့ အရင်းအနှီးပါပဲ။ နည်းပညာကတော့ အားလုံးတူတူလောက်ပါ။ 3G, 4G ပေါ့။ အခြေခံအဆောက်အဦ Infrastructure အရကြည့်မယ်ဆိုရင် အဓိကက ဖိုက်ဘာဆောက်ရမယ်။ တာဝါဆောက်ရမယ်။ အဲ့အတွက် ငွေကြေးရင်းနှီးမြှုပ်နှံမှုရှိရမယ်။ သူက ချက်ခြင်းရင်းနှီးမြှုပ်နံှမှု တတ်နိုင်တယ်”ဟု ပြောသည်။
၎င်း၏ ပြိုင်ဘက် တယ်လီနောကလည်း ရှေ့လ စက်တင်ဘာတွင် 3G အင်တာနက်နှင့် ဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုကို စတင်တော့မည်ဖြစ်ပြီး ၅ နှစ်အတွင်း လူဦးရေစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းထံ ကွန်ရက်ရောက်ရှိမည်ဟု ကြေညာထားသည်။
အော်ရီဒူးကဒ် အသုံးပြုသူများအနေဖြင့် ယခုဝန်ဆောင်မှုပေးသည့် UMTS ၉၀၀ နည်းပညာသုံး ဝန်ဆောင်မှုကို Apple၊ Samsumg၊ Huawei၊ Sony၊ Nokia၊ HTC ၊LG စသည့်ကုမ္ပဏီများစွာက ထုတ်လုပ်ထားသည့် ဟန်းဆက်များတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။ ယခုလ ၁၅ ရက်မတိုင်ခင်အချိန်အတွင်း စမ်းသပ်အသုံးပြုကာလအဖြစ် သုံးစွဲသူများအပေါ်တွင် အထူးဝန်ဆောင်မှုများပေးပြီး ဈေးကွက်ကို စွဲဆောင်နေသည်။
ယင်းဝန်ဆောင်မှုအရ ယခုလ ၁၅ ရက်နေ့အတွင်း ဆိုပါက အော်ရီဒူးဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုလျှင် မိနစ် ၉၀၀ အခမဲ့ ပြောဆိုနိုင်ကာ မက်ဆေ့ အစောင် ၉၀၀ အခမဲ့ပို့နိုင်မည်ဖြစ်သည်။ အော်ရီဒူးနှင့် အခြားနက်ဝက်များသို့ ခေါ်ဆိုမှုအတွင်း မိနစ် ၉၀ နှင့် မက်ဆေ့အစောင် ၉၀ အခမဲ့ရမည်ဖြစ်ကာ တနေ့လျှင် အင်တာနက်အသုံးပြုမှု အတွက် ၂၀ MB အခမဲ့ရမည်ဖြစ်သည်။ ဖေ့ဘုတ်သုံးစွဲခွင့်အတွက်ကို ဒေတာတန်ဖိုးဖြင့် ကောက်ခံခြင်းမရှိပဲ အခမဲ့သုံးစွဲသွားနိုင်မည်ဟု သိရသည်။