လာမည့် ရွေးကာက်ပွဲများ၌ ကျင်းသုံးရန် ဆိုသော ဆန္ဒမဲ အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို လက်မခံနိုင်ကြောင်း ပြည်မြို့ရှိ နိုင်ငံရေး အင်အားစုများ စုပေါင်း၍ ယနေ့နံနက်ပိုင်းတွင် လှည့်လည် ဆန္ဒပြသည်။
ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် သက်တမ်း နုနယ်သေးသည့် မြန်မာနိုင်ငံတွင် PR ကို ကျင့်သုံးပါက အမျိုးသား ရင်ကြားစေ့ရေး လမ်းကို သွေဖည်ပြီး အန္တရာယ်များသည့် အတွက် ကျင့်သုံးရေး အဆိုကို ဖျက်သိမ်းပေးရန် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်ဟု ဦးဆောင်သူ တဦးဖြစ်သော ပြည်ခရိုင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုကျော်ဆန်းက ဧရာဝတီကို ပြောသည်။
“လွတ်လပ်ရေး ရပြီးကတည်းက နိုင်တဲ့လူ လွှတ်တော် ကိုယ်စားလှယ်ရတဲ့ စနစ် ကျင့်သုံးခဲ့တာပါ။ ၁၉၂၀ က ဂျာမနီမှာ PR စနစ်ကို ကျင့်သုံးခဲ့လို့ ဟစ်တလာလိုလူမျိုး ထွက်ပေါ်လာခဲ့တယ်။ မကျင့်သုံးသင့်သေးတဲ့ စနစ်ကို ကျင့်သုံးနေမယ်ဆိုရင် အခု လုပ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးတွေ အကုန် ထိခိုက်သွားနိုင်တယ်။ အခုမှ ကျနော်တို့က ပါတီစုံ ဒီမိုကရေစီကို စရုံ ရှိသေး တယ်။ အခုအချိန်မှာ ပြည်သူက နားမလည်သေးဘူး။ NLD ရော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တချို့ရော၊ တိုင်းရင်းသား ပါတီတွေကပါ ကန့်ကွက်နေတယ်။ ကျနော်တို့လည်း ကန့်ကွက်ပါတယ်”ဟု ကိုကျော်ဆန်းက ပြောသည်။
PR စနစ်ကို ကျင့်သုံးခြင်းအားဖြင့် ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းများ၏ အန္တရာယ်များ ကျရောက်လာနိုင်ကြောင်း၊ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် မဲထည့်ခွင့်ရှိသူ ၄.၃ သန်းကျော်၏ ဆန္ဒကို လျစ်လျူရှုပြီး PR အဆိုကို အတည်ပြု ပေးနေ့သည့် လွှတ်တော် နှစ်ရပ်အပေါ်တွင် ယုံကြည်ရန် အားနည်းလာကြောင်း ပြည်မြို့ရှိ ပြည်သူ အထောက်အကူပြု အဖွဲ့မှ ကိုကျော်ဆွေကလည်း ပြောသည်။
“နိုင်ငံရေး ရေချိန်အရ ပြောမယ်ဆိုရင် မစားရတဲ့အမဲ သဲနဲ့ပက်တာပါပဲ။ ပါတီတခုက မဲတွေ တော်တော်များများ ရတော့မယ့် အခြေအနေကို ကြိုသိနေလို့ အခုလို PR စနစ်ကို အသက်သွင်းနေတာပါ။ လွှတ်တော် နှစ်ရပ်စလုံး ကလည်း ရိုးသားမှု မရှိပါဘူး။ မျိုးစောင့် ဥပဒေတုန်းက လက်မှတ် ၁ သိန်းနဲ့ သမ္မတက လက်မှတ်ထိုး လက်ခံ အတည်ပြုပေးခဲ့တယ်။ ပုဒ်မ ၄၃၆ ကို ၄၃ သိန်းကျော် လက်မှတ်ထိုးတာကြတော့ လွှတ်တော်က ဘာကြောင့် ဆောင်ရွက်မပေးတာလဲ။ ပြည်သူ့အသံကို လေးစား တဲ့ လွှတ်တော် ဆိုရင်ပေါ့”ဟုလည်း ၎င်းက ဆိုသည်။
ယနေ့ပြုလုပ်သော PR မကျင့်သုံးရေး ဆန္ဒပြပွဲအတွက် သြဂုတ် ၁ ရက်က ပြည်မြို့နယ် ရဲတပ်ဖွဲ့ကို အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း ယင်းအကြောင်းကြားစာကို ၅ ရက် ကြိုတင် မတင်ပြခြင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်း PR စနစ်နှင့် ပတ်သက် သော ထောက်ခံ ဆွေးနွေးမှုများ မပြုလုပ်ရသေးခြင်း စသည်တို့ကြောင့် ခွင့်မပြုနိုင်ဟု သြဂုတ် ၂ ရက်က ဦးဆောင်သူများထံ ပြည်မြို့နယ် ရဲတပ်ဖွဲ့က အကြောင်းပြန်ခဲ့သော်လည်း ဆန္ဒပြပွဲကို သတ်မှတ်ထားသည့်အတိုင်း ပြုလုပ်ခဲ့သည်ဟု ပါဝင်သူများက ပြောဆိုသည်။
ယနေ့ ဆန္ဒပြပွဲ၌ ပြည်ခရိုင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၊ ပြည်ခရိုင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး အဖွဲ့ စသည့် နိုင်ငံရေး လှုပ်ရှားမှု အဖွဲ့အစည်း ၅ ဖွဲ့ ခန့် မှ လူအင်အား ၅၀ ခန့် ပါဝင်ကြောင်း သိရသည်။
ယင်း PR စနစ်နှင့် ပတ်သက်ပြီး အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့တွင် ဆက်လက် ဆွေးနွေးမှုများ ပြုလုပ် လျက် ရှိသည်။
PR စနစ် အကောင်အထည် ဖော်ရေးအတွက် ပြည်သူ့လွှတ်တော်၌ ပြည်ထောင်စု သမ္မတ မြန်မာ၊နိုင်ငံတော်နှင့် လိုက်လျော ညီထွေမှု ရှိမည့် ရွေးကောက်ပွဲ စနစ် ပေါ်ပေါက်လာစေရန် လေ့လာ သုံးသပ်ရေး ကော်မရှင် ကို ဇူလိုင်လ နောက်ဆုံးပတ် အတွင်းက ဖွဲ့စည်းခဲ့ကြောင်း၊ အမျိုးသား လွှတ်တော်ကလည်း PR စနစ် လေ့လာ သုံးသပ်ရေး ကော်မရှင် တရပ်ကို ဇူလိုင် လဆန်းပိုင်းက ဖွဲ့စည်းဆောင်ရွက်နေကြောင်း သိရသည်။