ကြားဖြတ်အစိုးရသတင်း ရေးသားမှုဖြင့် Bi မွန်းတည့်နေ ဂျာနယ်မှ ထုတ်ဝေသူ ၂ ဦး ၊ အယ်ဒီတာ ၃ ဦးနှင့် သတင်း ထောက် ၁ ဦး ကို ၁၉၅၀ ခုနှစ် အရေးပေါ် စီမံချက် ပုဒ်မ ၅ (ဃ)၊ ပုဒ်မ ၅ (ည) တို့ဖြင့် အမှုဖွင့်ထားခဲ့ရာ ယနေ့တွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ပြောင်းလဲအမှုဖွင့် တရားစွဲဆိုလိုက်ပြီး ဖမ်းဆီးထားသူများအနက်မှ အယ်ဒီ တာ ၁ ဦး ကိုမူ ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။
“ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစု များအား ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင် မြှောက်”ဆိုသော သတင်းရေးသားသူ Bi မွန်းတည့်နေ ဂျာနယ်မှ ထုတ်ဝေသူ ၂ ဦး နှင့် သတင်းသမား ၃ ဦး စုစုပေါင်း ၅ ဦးကို သြဂုတ်လ ၄ ရက် နေ့တွင် ပန်းဘဲတန်း မြို့နယ် တရားရုံး တွင် ပထမဆုံးအကြိမ် တရားရုံးတင် စစ်ဆေးခဲ့ပြီး အရေး ပေါ် စီမံချက် ပုဒ်မ ၅ (ဃ) ၊ ၅(ည)တို့ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ရာမှ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ၅၀၅(ခ) ဖြင့် ပြောင်း လဲ တရားစွဲဆို လိုက်ကြောင်း သိရှိရသည်။
Bi မွန်းတည့်နေ ဂျာနယ် အယ်ဒီတာ ၁ ဦးဖြစ်သူ ဦးရဲမင်းအောင် ကိုမူ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆၉ အရ တရား စွဲဆို တင်ပို့ရန် အချက် အလက် လုံလောက်မှု မရှိသဖြင့်် ပြန်လည်လွှတ်ပေးလိုက်ကြောင်း Bi မွန်းတည့်နေ ဂျာနယ် မှ သတင်း သမား များ၏ အမှုလိုက်ရှေ့နေ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဧရာဝတီသို့ ပြော သည်။
“အယ်ဒီတာ ၁ ဦး လွတ်သွားတော့ ၅ ယောက်ပဲ ကျန်တယ်။ အမှုကို ဆက်ကြားနာဖို့အတွက် ၁၄ရက်နေ့ နံနက် ၁၀ နာရီမှာ ချိန်းဆိုလိုက်တယ်။ ပုဒ်မ ၅၀၅(ခ)/၃၄ ဆိုပြီးအမှုကို ပုဒ်မ ပြောင်းပေးလိုက်တယ်။ ပြစ်ဒဏ် လျော့သွားမှာပေါ့ ။ အရင် ပုဒ်မက တမှုကို ထောင် ၇ နှစ် ချလို့ရတယ်။ ပုဒ်မ ၂ ခုဆိုတော့ ၁၄ နှစ်ချလို့ရတယ်။ အခုပြောင်းသွားတဲ့ ပုဒ်မ ၅၀၅ (ခ)ရဲ့ ပြစ်ဒဏ်က အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်ပဲ။ ငွေဒဏ်လောက်နဲ့လည်း ပြီးသွားနိုင်တယ်”ဟု ဦးရောဘတ်စန်းအောင် က ပြောသည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ပြောင်းလဲ အမှုဖွင့် တရားစွဲဆိုခံရသူများမှာ Bi မွန်းတည့်နေဂျာနယ်မှ ထုတ်ဝေသူ ဦးယဉ်မင်းထွန်းနှင့် ဦးကျော်မင်းခိုင် ၊ အယ်ဒီတာ ဦးဝင်းတင် ၊ တာဝန်ခံအယ်ဒီတာ ဦးသူရအောင် (အောင်သန့်-ကျိုက်ကော်) နှင့် သတင်းထောက် ကျော်ဇောဟိန်း(မင်းဝဿန်) တို့ဖြစ်သည်။
လတ်တလော သတင်းသမားများကို ဖမ်းဆီးထောင်ချနေခြင်းများ အပါအဝင် ဒီမိုကရေစီနောက်ကြောင်းပြန်လှည့်သော လုပ်ရပ်များကြောင့် မြန်မာနှင့် အမေရိကန်နိုင်ငံအကြား ဆက်ဆံရေးကို ထိခိုက်စေကြောင်း သတိပေးရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဂျွန်ကယ်ရီကို အမေရိကန်လွှတ်တော်အမတ် ၇၀ ကျော်က တောင်းဆိုထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် နေပြည်တော်တွင် သြဂုတ်လ ၁ဝ ရက်နေ့ ကျင်းပမည့် ASEAN Regional Forum (ARF) အစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံ လာရောက်မည်ဖြစ်ကြောင်း သိရှိရသည်။