တွမ်မာလင်နော့စကီးသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမား ရေးရာ ဆိုင်ရာ လက်ထောက်ဝန်ကြီး ဖြစ်သည်။ မကြာသေးမီက အမေရိကန် အဆင့်မြင့်အရာရှိများ ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ရာတွင် ရန်ကုန်၊ နေပြည်တော် စသည့် နေရာ များ အပြင် ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်များသို့လည်း ဇွန်လ ၂၂ ရက်မှ ၂၈ ရက်အတွင်း သွားရောက်ခဲ့ပါသည်။ ယခင်က အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်မှုအဖွဲ့ (HRW) ၏ ဝါရှင်တန်ရုံးတွင် ဒါရိုက်တာ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသော တွမ်မာလင်နော့စကီးသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေ အနေများနှင့် ဒီမိုကရေစီ လှုပ်ရှားမှုများကို ကာလရှည် ကြာစွာ စောင့်ကြည့်လေ့လာခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံသို့ လည်း ယခင်က အကြိမ်ပေါင်းများစွာ လာရောက်ခဲ့သူဖြစ်သည်။
ဧရာဝတီ၏ အယ်ဒီတာချူပ် ကိုအောင်ဇော်က အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ်မာလင် နော့ စကီး အား မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ၂၀၁၅ခုနှစ်ရွေးကောက်ပွဲ၊ လူ့အခွင့်အရေး ကိစ္စ ရပ် များ၊ ဆက်လက်ပေါ် ပေါက်နေသည့် မီဒီယာ ဖိနှိပ်မှုများ အပြင် အမေရိကန်-မြန်မာ စစ်တပ်ချင်း ဆက် ဆံရေးနှင့် ခရိုနီစီးပွားရေး သမား များကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားခြင်း စသည်တို့နှင့် ပတ်သက်သော သူ၏ အမြင်သဘောထားများကို အီးမေးလ်မှ တဆင့် တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ခင်ဗျားက မြန်မာနိုင်ငံနဲ့ နှစ်ပေါင်းများစွာ ပတ်သက်နေခဲ့တယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကာလ ကြာရှည်စွာ တာဝန်ထမ်းဆောင်ခဲ့ရသလို အသိအမြင်အတွေ့ အကြုံတွေလည်းရှိနေတယ်။ မြန်မာနိုင်ငံကိုလည်း အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့တယ်။ ဒါပေမယ့် အခု လတ်တလောသွားရောက်ခဲ့တဲ့ အကြိမ်မှာတော့ ၂ နိုင်ငံ ကြားက ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်အောင်လုပ်ခဲ့ပြီး ဆက်ဆံမှုကို အဆင့်မြှင့်ဖို့ ကြိုးစားနေတဲ့ အမေရိကန် အစိုရ ကို ကိုယ်စားပြုသူတယောက် အနေနဲ့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတကြိမ်မှာ ခင်ဗျားရဲ့ ထင်မြင် ချက်က ဘယ်လိုရှိပါတယ်။
ဖြေ။ ။ ကျနော့်ရဲ့ ပထမပိုင်း မြန်မာနိုင်ငံ ခရီးစဉ်တွေက ၁၉၈၆ နဲ့ ၁၉၈၇ ခုနှစ်တွေမှာ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်း နောက်ပိုင်းမှာတော့ နယ်စပ်ဒေသကို အကြိမ်ပေါင်းများစွာ သွားရောက်ပြီးတော့ ရန်ကုန်နဲ့ မန္တလေး မြို့တွေမှာ သူတို့ရဲ့သူငယ်ချင်းတွေ သေနတ်နဲ့ ပစ်သတ်တာကို မြင်ခဲ့ရပြီး တောတွင်းကို ထွက်ပြေး ရောက်ရှိလာတဲ့ ကျောင်းသားတွေနဲ့ တွေဆုံခဲ့ပါတယ်။ အဲဒီမှာ အစိုးရစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေလည်းရှိပါတယ်။ ဒါကြောင့် ကျနော့်မှာ အမြင်တချို့ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံ အကြွင်းမဲ့ စစ်အာဏာရှင် စနစ်အောက်ကို ဘယ်လိုရောက်သွားရသလဲဆိုတာနဲ့ ဘယ်လိုတွေ ဖြတ်သန်းခဲ့ရတယ်ဆိုတာ ကျနော်သိပါတယ်။ လက်ရှိကာလရဲ့ စိန်ခေါ်မှုတွေကို အလေးထား လေ့လာဖို့ ကျနော်မြန်မာနိုင်ငံကို လာခဲ့ ပါတယ်။ အဲဒီမှာ အလွန် အလေးအနက်ထားရမှာ တွေရှိပါတယ်။ တချို့ကို အမည်တပ်ပြီး ပြောရမယ်ဆိုရင် ရခိုင် ပြည်နယ်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာပြဿနာတွေ၊ ကချင်ပြည်နယ်က မတည်ငြိမ်မှု ပဋိပက္ခ တွေနဲ့ လတ်တလောမှာ စာနယ်ဇင်းသမားတွေ ဖမ်းဆီးခြင်း ခံနေရတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော် တွေ့ ဆုံခဲ့တဲ့ အခုအချိန်မှာ ပြောင်းလဲဖို့ အတွက် လုပ်ဆောင်နေသူတွေ (တက်ကြွလှုပ်ရှားသူတွေ၊ စာနယ်ဇင်းသမား တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ) အားလုံးနီးပါးကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရာဇဝတ်သားတွေလို့ သတ်မှတ်ခြင်းခံခဲ့ရတာ ကျနော် မှတ်မိနေပါတယ်။ သူတို့ ရရှိခဲ့တဲ့ လွတ်လပ်မှုဟာ ပြိုကွဲလွယ်ပြီး နောက်ကြောင်း ပြန်လှည့်သွားနိုင်ပါတယ်။ ဒါပေမယ့် အဲဒါက စစ်မှန်ပြီး အပြည့်အ၀ လုံခြုံ စိတ်ချရမှု ရှိသင့်ပါတယ်။
ဒီလို တိုးတက်မှုရှိလာခြင်းက ဒါကိုရဖို့အတွက် ကြီးမားစွာပေးဆပ်ခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ ထူးကဲတဲ့စွမ်းဆောင် မှုကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ ခရီးစဉ်တိုင်းမှာ ပြောင်းလဲရေးကို ကူညီဖို့အတွက် အမေရိကန်ပြည် ထောက်စုက ပါဝင်ပေးနေတဲ့ အခန်းကဏ္ဍ (မြန်မာပြည်သူတွေ ကလည်းကျနော်တို့ ပါဝင်ဖို့ မျှော်လင့်ကြပါတယ်) က ကျနော့်ကို အမြဲတမ်း ဖိအားဖြစ်စေပါတယ်။ ကျနော်မြင်သလောက်ဆိုရင် အခုအချိန်မှာ အင်အားကောင်းနေ မြန်မာနိုင်ငံနဲ့ အမေရိကန်တို့ရဲ့ အားကောင်းနေတဲ့ ဆက်ဆံရေးဟာ လွန်ခဲ့တဲ့နှစ်တွေတုန်းက သတိထားကြီးကြီး နဲ့ ပုံဖော်ခဲ့ရတာဖြစ်ပါတယ်။ လူကြိုက်များပေမယ့် အာဏာမရှိတဲ့ ဒီမိုကရေ စီ လှုပ်ရှားမှုနဲ့ အတူ စစ်အာဏာရှင် ခေတ်မှာ ကျနော်တို့ ရပ်တည်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ကံကောင်းထောက်မစွာနဲ့ မြန်မာအစိုးရနဲ့ ကျနော် တို့ နီးကပ်တဲ့ ဆက်ဆံမှုကို ပုံဖော်နိုင်ခဲ့ပါပြီ။ ဒါကလည်း အစိုးရက ပြည်သူလူထုကို ကိုယ်စားပြုမှု တိုးတက်လာ လို့ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဆက်ဆံရေးသစ်က ၂နိုင်ငံလုံးကို အကျိုးကျေးဇူးဖြစ်စေနိုင်ပါတယ်။ အမေရိကန် အစိုးရ အရာရှိတယောက်အနေနဲ့ ဒီဖြစ်စဉ်မှာ ကျနော်ပါဝင်ရတဲ့ အစိတ်အပိုင်းအတွက် ဂုဏ်ယူမိပါတယ်။
မေး။ ။ လတ်တလောကာလအတွင်းမှာ မြန်မာနိုင်မှာ ကြုံတွေ့ခဲ့ရတဲ့ နိမိတ်လက္ခဏာတွေ( မီဒီယာဖိနှိပ်မှုတွေ၊ လူမှုအသိုင်းအဝိုင်းကြားတင်းမာမှုတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချမှုတွေ အစရှိသဖြင့်) ကြောင့် ပြည်သူအများအပြားက ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကနေ သွေဖီသွားပြီလို့ ပြောနေကြပါတယ်။ ၂၀၁၃ ခုနှစ်မှာတုန်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ပေါ်လာနေပြီ လို့ပြောတာနဲ့ ဒီမိုကရေစီရှိလာပြီလို့ ပြောတာရဲ့ ကြား မှာ ကွာခြားချက် အများကြီးရှိတယ်လို့ ခင်ဗျားပြောခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဒီမိုကရေစီ ဖြစ်ပေါ်လာရေး က မျှော်လင့်ထားတာထက် ပိုပြီးခက်ခဲသလို ဖြစ်နေတဲ့ အပေါ်စိတ်ပူတာမျိုး ရှိပါသလား။ ပြီးခဲ့တဲ့ ခရီးစဉ်က အဖြစ်အပျက်၊ အကြောင်းအရာတွေကို လေ့လာပြီး ဘာတွေထုတ်ယူနိုင်ခဲ့ပါသလဲ။
ဖြေ။ ။ အကြွင်းမဲ့ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်းက ကျနော် ကိုယ်တိုင်မျှော်လင့် ထား တာ ထက် ပိုပြီးတော့ မခက်ခဲ့ပါဘူး။ အလွန်ကို ခက်ခဲမယ်လို့ ကျနော် မျှော်လင့်ထားခဲ့ပါတယ်။ မြန်မာနိုင်ငံ ဟာ နိုင်ငံ သူ့ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးစနစ်ကို ပြောင်းလဲရမယ်။ အုပ်ချုပ်ရေးပိုင်းရဲ့ စဉ်းစားတွေးခေါ်မှုကို လုံးဝအသစ်ဖြစ် အောင်ဖန်တီးရပါမယ်။ ဆယ်စုနှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တဲ့ လွတ်လပ်တဲ့ စာနယ်ဇင်း၊ အမှီအခိုကင်းတဲ့ တရားစီရင်ရေး စတဲ့ အရာတွေကို တည်ထောင်ရပါမယ်။ ထောက်ပံံ့ရပါမယ်။ ဒါတွေကို ပြုလုပ်ခြင်းဟာ ဆင့်ကဲ ဖြစ်စဉ်တခုရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီးတော့ အလုံးစုံပြောင်းလဲရေး လုပ်ငန်းစဉ်တခု မဟုတ်ပါဘူး။ ဆိုလိုတာက အာဏာ ပုံသဏ္ဍန် ဟောင်းတွေက အသစ်တွေနဲ့ တွဲရှိနေပါမယ်။ ယေဘုယျ အားဖြင့်တော့ ဒီအပြောင်းအလဲကို ဆန့်ကျင်တဲ့ အင်အားတွေ ရှိခဲ့သလို ဆက်လက်ပြီးရှိနေပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမယ် ဒါမှမဟုတ် လွှတ်တော်ရွေးကောက်ပွဲတွေကျင်းပပြီး အချိန်တိုအတွင်း အောင်မြင်မှုရလာမယ်လို့ ကျနော်ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ ထို့နည်းတူစွာပဲ လက်ရှိဖြစ်ပေါ် နေတဲ့ ပြဿနာတွေကို ပြုပြင်ပြောင်းလဲရေး ကျရှုံးစေမယ့် နိမိတ်လက္ခဏာတွေလို့ ကျနော်မမြင်ပါဘူး။ အလွယ် ကူဆုံး အလုပ်တွေ အားလုံးနီးပါးပြီးဆုံးသွားပြီ၊အခုအချိန်မှာတိုင်းပြည်က အခြေခံ ဥပဒေကို ဘယ်လိုပြောင်း လဲမလဲ။ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ဘယ်လို အဓိပ္ပါယ်ပြန်လည် သတ်မှတ်မလဲ၊ လူ့အခွင့်အရေးကို ဥပဒေအရ ဘယ်လို အာမခံချက်ပေးမလဲ စတဲ့ ပိုပြီးနက်ရှိုင်းတဲ့ စိန်ခေါ်မှုတွေနဲ့ စတင် ရင်ဆိုင်နေရပြီလို့ ကျနော် မြင်ပါတယ်။ ပိုပြီးနက်ရှိုင်းတဲ့ ပြောင်းလဲမှုတွေက ပိုပြီးနက်ရှိုင်းတဲ့ ခုခံတွန်းလှန်မှုတွေကို ယူဆောင်လာပါတယ်။ နောက်ပြီး ရ လဒ်ဆိုတာက ကြိုတင်ဆုံးဖြတ်လို့ မရပါဘူး။ အမေရိကန် အစိုးရ အရာရှိတယောက်အနေနဲ့ ကျနော့်ရဲ့ အလုပ်က အောင်မြင်တိုးတက်မှုကို ခန့်မှန်းဖို့ မဟုတ်ပါဘူး။ မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက မြန်မာ နိုင်ငံမှာ ဆက်လုပ်သွားမှာကလည်း ဒီအတိုင်းပဲဖြစ်ပါမယ်။ အစိုးရအဖွဲ့ထဲမှာရော အစိုးရပြင်မှာပါ ရှိနေတဲ့ ပြုပြင် ပြောင်းလဲရေးသမားတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်။
မေး။ ။ခင်ဗျားရဲ့ခရီးစဉ်မှာ ရန်ကုန်ကိုရောက်တုန်းက စစ်တပ်ချင်း ဆက်ဆံရေးပြုလုပ်ရမယ့် အချိန်ပဲ လို့ ပြော ခဲ့တယ်။ ဒါကို တဆင့်ချင်းလုပ်သွားမှာ ဖြစ်ပြီးတော့ သဘာဝဘေးအန္တရယ် တုန့်ပြန်မှု၊ လူ့အခွင့်အရေးနဲ့ တရားဥ ပဒေစိုးမိုးရေး သင်တန်းပေးတာတွေကို အကန့်အသတ်နဲ့ ပြုလုပ်သွားမယ်လို့ လည်းပြောခဲ့တယ်။ သဘာ၀ ဘေး အန္တရယ် တုန့်ပြန်မှု သင်တန်းမှာ ဘာတွေပါဝင်သလဲဆိုတာ အသေးစိတ် ပြောပြနိုင်မလား။
ဖြေ။ ။ပြောနိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ အမေရိကန် စစ်ဖက်ကျွမ်းကျင်သူတွေက အချိန် ၃ ရက် ကနေ ၄ ရက်လောက်ကြာနိုင်မယ့် သင်တန်းအစဉ်အစဉ်တွေ ပို့ချပေးဖို့ ကျနော်တို့ ပြောခဲ့ကြပါတယ်။ သင်ခန်းစာတွေထဲမှာ သင်ကြားပို့ချမှုတွေနဲ့ ဆိုင်ကလုံး မုန်တိုင်းလိုမျိုး သဘာဝဘေးအန္တရယ်နဲ့ ကြုံတွေ့ရတဲ့ အရပ်သားပြည်သူတွေကို စစ်တပ်က ဘယ်လို ကူညီထောက်ပံ့ပေးနိုင်သလဲဆိုတာကို ဖြစ်စဉ် လေ့လာမှုတွေ လည်းပါဝင်ပါလိမ့်မယ်။ အားလုံး က စာသင်ခန်းထဲမှာပဲ ပြီးသွားမှာပါ။ ဒီအဆင့်မှာ ကျနော်တို့က လက်တွေ့ ကွင်းဆင်းရတဲ့ လေ့ကျင့်မှုတွေ ဒါမှမဟုတ် လေ့ကျင့်ခန်းတွေ ပြုလုပ်သွားမှာ မဟုတ်ပါဘူး။
မေး။ ။ မြန်မာစစ်တပ်ဟာ စစ်ပွဲတွေ တိုက်နေဆဲပဲ ဖြစ်သလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ လဲ ဝေဖန်မှုတွေခံနေရဆဲပဲဖြစ်ပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ဒီလေ့ကျင့်ခန်း တွေက ရလာတဲ့ စွမ်းရည်တွေကို ပဋိပက္ခဒေသတွေမှာ အသုံးချနိုင်လာနိုင်တဲ့ အတွက် ဒီလို ဆက်ဆံရေးမျိုး အပေါ် တိုင်းရင်းသားအဖွဲ့တွေက စိုးရိမ်နေကြတယ်။ ဒီလို စိုးရိမ်မှုတွေအတွက် ဘယ်လို တုန့်ပြန်ချင်ပါသလဲ။
ဖြေ။ ။ ကျနော့်ရဲ့ ခရီးစဉ်အတွင်းမှာ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ မတိုင်ခင် ဝါရှင်တန်မှာလည်း တွေ့ခဲ့ပါတယ်။ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့ အချိန်မှာ အမေရိကန်က မြန်မာစစ်တပ်နဲ့ ဆက်သွယ်ဖို့ ခြေလှမ်းပြင်နေတဲ့ အတွက် တချို့တွေက တ ကယ်ကို စိတ်ပူနေခဲ့ပါတယ်။ ကျနော်တို့ လုပ်ဆောင်ခဲ့ပြီးတဲ့ ချိတ်ဆက်မှုတွေဟာ လက်ရှိ အခြေအနေနဲ့ ပတ် သက်လို့ ကျနော်တို့ သေသေချာချာ စဉ်းစားသုံးသပ်ပြီးမှ ပြုလုပ်တာဖြစ်တဲ့ အတွက် ရင်ဆိုင်တိုက်ပွဲတွေမှာ အသုံးပြုနိုင်တဲ့ သင်ခန်းစာတွေ မပါဝင်ပါဘူးလို့ သူတို့ကို ကျနော် အာမခံခဲ့ပါတယ်။
ကျနော်တို့ရဲ့ ဆက်သွယ်မှုတွေနဲ့ အတွေ့အကြုံလှယ်မှုတွေက လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို လေး စားဖို့၊ စစ်ဖက်ကို အရပ်ဖက်က ထိန်းချုပ်နိုင်တဲ့ဆီကို အပြည့်အ၀ အသွင်ကူးပြောင်းသွားနိုင်ဖို့ ကို သီးသန့် ရည်ရွယ်ပြီး ပုံစံချထားတာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဥပဒေနဲ့ မူဝါဒတွေနဲ့ အညီ သင်တန်းတက်ရောက်ခွင့် ရှိသူ တိုင်းကို စနစ်တကျ စစ်ဆေး ရွေးချယ်ပါတယ်။ အစိုးရက သူတို့ကို အရေးယူဖို့ အားထုတ်ခြင်း ဒါမှမဟုတ် လိုအပ်တဲ့ ပြင်ဆင်မှုတွေပြုလုပ်ခြင်း မရှိရင်တောင်မှ အရင်က လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင် ပတ်သက်ခဲ့ တယ်လို့ ခိုင်မာတဲ့ သတင်းအချက်အလက်ရရှိထားတဲ့ ဘယ်စစ်ဖက် အဖွဲ့အစည်းကိုမှ ကျနော်တို့က သင်တန်း ပေးမှာ မဟုတ်ပါဘူး။
တချိန်ထဲမှာပဲ ကျနော်တို့ ပေးချင်တဲ့ သတင်းစကားက စစ်တပ်တွေဟာ နိုင်ငံရေးနဲ့ စီးပွားရေး မှာမဟုတ်ဘဲ အမျိုး သားကာကွယ်ရေးကိုပဲ အလေးထားပြီးတော့ ယူရတဲ့တာဝန် နည်းပါးသွားပြီဆိုရင် စစ်တပ်လည်း ပိုမိုအားကောင်း ခိုင်မာလာမယ်။ သူတို့ရဲ့ လူမှု အသိုင်းအဝိုင်းကလည်း ပိုပြီးလေးစားမှုရှိလာမယ် ဆိုတာပါပဲ။ ဒီသတင်းစကားကို အမေရိကန် စစ်တပ်အရာရှိတွေက မြန်မာ အရာရှိတွေဆီကို ပို့ဆောင်ပေးနိုင်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ ပြီးခဲ့တဲ့ ကျနော့် နောက်ဆုံး ခရီးစဉ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး Tony Crutchfield လိုက်ပါလာပါတယ်။ သူက အမျိုး သားကာကွယ်ရေးကောလိပ်မှာ စစ်မြေပြင်အရာရှိတွေနဲ့ နည်းပြဆရာတွေကို မိန့်ခွန်းပြောခဲ့တုန်းက ဒီသတင်း စကားကို တိုက်တွန်းပြောကြားခဲ့ပါတယ်။
မေး။ ။ ဒီလို စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှုက အနာဂတ်မှာ ပိုကောင်းမွန်ပြီး လူလေးစားမှု ပိုမိုရှိတဲ့ ပရော်ဖက်ရှင်နယ် ပီသတဲ့ မြန်မာစစ်တပ်ဖြစ်လာစေနိုင်မယ်လို့ ယုံကြည်ပါသလား။ ဒါမှမဟုတ် မျှော်လင့် ချက် စိတ်ကူး တခု သက်သက်လား။
ဖြေ။ ။ ကျနော်တို့ရဲ့ ဦးတည်ချက်တွေနဲ့ မျှော်လင့်ချက်တွေက သိပ်အများကြီး မဟုတ်ပါဘူး။ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်တွေ အတွင်းမှာ ကျနော်တို့ ကာကွယ်ရေးဌာနက မြန်မာစစ်တပ် တာဝန်ရှိသူတွေ၊ စစ်ဥပဒေရုံးအရာရှိတွေ၊ လေ့ကျင့်ရေး အရာရှိတွေနဲ့ မိတ်ဆက် အတွေ့အကြုံ ဖလှယ်မှု အစီအစဉ် ၃ ခု လုပ်ဆောင်ခဲ့ပါတယ်။ ဒီလို အတွေ့အကြုံ ဖလှယ်မှုတွေက လူ့အခွင့်အရေး ဥပဒေတွေနဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ဥပဒေတွေကို အ လေး ပေးခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန သင်ကြားရေးကျောင်းတခုနဲ့လည်း တရားဥပဒေစိုးမိုးရေးနဲ့ နိုင် ငံတကာ ဥပဒေစံနှုန်း တွေနဲ့ ပတ်သက်ပြီး အမြင်ချင်း ဖလှယ်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲတခုလည်း ပြုလုပ် ပေးခဲ့ ပါတယ်။
အလွန် နက်ရှိုင်းတဲ့ စစ်တပ်ချင်းဆက်ဆံရေးတခုလည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် လက်နက်ကိုင် ပဋိပက္ခ တွေနဲ့ လူ့အခွင့်အရေး ချိူးဖောက်မှုတွေ ရပ်ဆိုင်းသွားပြီးတော့ ဒီမိုကရေစီ စနစ်တခု အတွင်းမှာ ကတိပေးထားတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပြတာကို ကျနော်တို့ မြင်ရမှပဲဖြစ်လာပါလိမ့်မယ်။ တကယ်တော့ အဲဒါကို ကျနော် အရမ်းကို မြင် ချင်ပါတယ်။ အဲဒီအချိန်အထိ ကျနော်တို့တွေ တယောက်ကို ယောက် ကောင်းကောင်းသိလာနိုင် ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ရပါဦးမယ်။ အကန့်အသတ်နဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေက မြန်မာစစ်တပ်ကို ပရော်ဖက် ရှင်နယ်စစ်တပ်တခုရဲ့ အရည်အသွေးတွေအပေါ် အမေရိကန်ရဲ့ အမြင်နဲ့ သက်ဆိုင်တဲ့ စိတ်ကူးသစ်တွေကို မိတ်ဆက်ပေးနိုင်ဖို့လဲ ရည်ရွယ်ပါတယ်။
စစ်သားချင်း ပြောဆိုဆက်ဆံမှုက နောက် ၅ နှစ်ကနေ ၁၀ နှစ်အတွင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်တွေဖြစ်လာကြ မယ့် အရာရှိငယ်တွေရဲ့ အတွေးအခေါ်အပေါ်မှာ သက်ရောက်မှု အနည်းငယ်ရှိနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါ တယ်။ အနာဂါတ်အပြောင်းအလဲကိုလည်း မြှင့်တင်နိုင်ပါလိမ့်မယ်။ ဒီအရာရှိတွေက ဒီလိုဆက်ဆံမှုတွေကို ဖြစ်ပေါ် လာစေတဲ့ ပြုပြင်ပြောင်းလဲရေးရဲ့ အကျိုးကျေးဇူးတွေကို သိမြင်နိုင်ကြမယ်၊ နိုင်ငံရေးကနေ ဆုတ်ခွာခြင်း ရဲ့ အကျိုးအမြတ်ကို မြင်နိုင်ကြမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အမေရိကန် စစ်တပ်နဲ့လည်း အလွန်နီးကပ် တဲ့ ဆက်ဆံရေး ရှိလာနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစစ်တပ်ရဲ့ အနာဂါတ်ကို ပိုင်းဖြတ်ပေးမယ့် အဓိက အ ကြောင်း အရာက နောက်လာမယ့် နှစ်တွေ အတွင်းမှာ ပြုလုပ်မယ့် စစ်တပ် ခေါင်းဆောင်ပိုင်းရဲ့ ဆုံးဖြတ်ချက် တွေပဲဖြစ်ပါလိမ့်မယ်။
မေး။ ။ မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ် အလယ်ပိုင်းလောက်မှာ ပဋိပက္ခ အဓိကရုဏ်းတွေ ဖြစ်ပေါ်လာတာကို မြင်တွေ့ခဲ့ရတယ်။ မူဆလင်တွေကို ဦးတည်တဲ့ ဗုဒ္ဓဘာသာ အစွန်းရောက်လှုပ်ရှားမှုတခု အားကောင်းလာတယ်။ မကြာသေးခင်က မန္တလေးမှာဖြစ်သွားခဲ့တယ်။ တိုက်ခိုက်မှုတွေဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုတွေကြောင့်လို့ ပြည်သူအများစုက ယုံကြည်ကြတယ်။ မြန်မာနိုင်ငံမှာ ရှိစဉ်တုန်းက ခင်ဗျားတွေ့ခဲ့တဲ့ တာဝန်ရှိသူတွေ၊ ဘုန်း တော်ကြီးတွေ၊ သာမန်ပြည်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်အတိုင်းအတာ လောက်အထိ ဆွေးနွေးခဲ့ပါသလဲ။
ဖြေ။ ။ ကျနော်တက်ခဲ့တဲ့ အစည်းအဝေးပွဲတိုင်းမှာ ဒီအကြောင်းအရာတွေကို ကျနော် ဆွေးနွေးခဲ့ပါတယ်။ မော်လမြိုင်မြို့မှာ ဗုဒ္ဓဘာသာ၊ မူဆလင်နဲ့ ခရစ်ယန် အသိုင်းအဝိုင်းက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ၊ အမျိုးသမီး အခွင့်အရေး ကန့်သတ်မှုကို ဆန့်ကျင်ပြီး ဘာသာရေးလွတ်လပ်ခွင့်ကို တောင်းဆိုတဲ့ အတွက် အသက်အန္တရယ် ခြိမ်းခြောက်ခံရတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံတဲ့အခါ၊ နေပြည်တော်မှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရထိပ်တန်းအရာရှိတွေ၊ စစ်ဖက်အရာရှိတွေနဲ့ တွေ့ ဆုံ တဲ့အခါ ကျနော်ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံရေး အတွက် ဘာသာရေးနဲ့ အမျိုးသားရေး ကို အသုံးချ ထာဟာ ဒီမို ကရေစီ အတွက် အန္တရယ်ရှိပြီးတော့ ကျနော်တို့ မကြာခနမြင်တွေ့နေရသလို အသက်အန္တရယ် ခြိမ်းခြောက်မှုတွေ လည်း ရှိပါတယ်။
အမုန်းစကားတွေနဲ့ အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်သူပဲ ရှိနေသည်ဖြစ်စေ အကျိုးဆက်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲက ဒီမိုကရေစီ မဟုတ်တော့ဘဲ ဘာသာရေးနဲ့ လူမျိုးရေး သတ်မှတ်မှုကို ရွေးချယ်တဲ့ ဆန္ဒ ခံယူပွဲ ဖြစ်သွားနိုင်ပါတယ်။
သမ္မတဦးသိန်းစိန်ကလည်း ကိုယ်ကျိုးစီးပွားအတွက် ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်မှုများကို ပြင်းပြင်းထန်ထန် ဆန့် ကျင်ကြောင်း ပြောခဲ့ပါတယ်။ သူက မန္တလေးမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို “အုပ်စု တစု သို့မဟုတ် အဖွဲ့အစည်းတခု ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်မှု” လို့ ပြောခဲ့ပါတယ်။ “ပဋိပက္ခမှာ ပါဝင်တဲ့သူတွေ အရှိန် မြင့်တက်လာအောင် လှုံ့ဆော်တဲ့သူတွေကို ဥပဒေနဲ့ အညီ အလျှင်အမြန် အရေးယူမယ်” လို့လည်း ကတိပေးခဲ့ပါတယ်။ မြန်မာနိုင်ငံ နဲ့ သူ့ရဲ့ အသွင်ကူးပြောင်းရေးကို အောင်မြင်စေချင်တဲ့ မြန်မာနိုင်ငံရဲ့ မိတ်ဆွေတွေကလည်း မြန်မာပြည်သူတွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေက ဒီအချက်မှာ တစုတရုံးထဲ စုစည်းပြီး အကောင်အထည်ဖော်နိုင်ကြမယ်လို့ မျှော်လင့် ထားကြပါတယ်။
ဒီလိုလုပ်ဖို့ အတွက် အခြားဘာသာကို ကူးပြောင်းခွင့်တားမြစ်ပိတ်ပင်ထားတဲ့ ခွဲခြားတဲ့သဘောဆောင်တဲ့ ဥပဒေ တွေကို ပယ်ဖျက်ဖို့ လိုပါတယ်။ အစိုးရရဲ့ အရေးယူဆောင်ရွက်မယ့် အစီအစဉ် (Rakhine State Action plan ) ကိုလည်း အကောင်အထည်ဖော်ဖို့ လိုပါလိမ့်မယ်။ တားဆီးခံထားရတဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အခွင့် အရေးတွေကို အပြည့်အဝပြန်ရနိုင်ရမယ်။ အထူးသဖြင့် အခုအခါမှာ အစိုးရကလည်း ကတိပြုထားပြီး ဖြစ် တဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေကို ပြည်နယ်အတွင်းက လိုအပ်နေသူအားလုံး ရရှိနိုင်ရပါမယ်။ အိမ်ယာမဲ့ ရိုဟင် ဂျာတွေနဲ့ တခြားမူဆလင်တွေကို ပြန်လည်စုစည်းပြီး သူတို့ရဲ့ ရပ်ရွာအသိုင်း အဝိုင်းဆီကို ပြန်သွား နိုင်ရပါမယ်။
မေး။ ။ အခု ခရီးစဉ်မှာတွေ့ခဲ့တဲ့ အစိုးရတာဝန်ရှိသူတွေ အပေါ်ခြုံငုံကြည့်ရင် ဘယ်လို မြင်မိပါသလဲ။
ဖြေ။ ။ အစိုးရနဲ့ စစ်တပ်အရာရှိတွေနဲ့ တွေ့ဆုံမှုတိုင်းမှာ ကိစ္စရပ်တိုင်းကို ဆွေးနွေးလို့ ရပါတယ်။ ဘယ် လောက် ထိရှ လွယ်တဲ့ ကိစ္စကို ဖြစ်စေ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ဆွေး နွေးလို့ရပါတယ်။ ကျနော်တို့ သဘောမတူညီမှု တွေရှိခဲ့ရင်တောင် ကျနော်တို့ရဲ့ ပြောဆို ဆွေး နွေးမှုတွေက အပြုသဘောဆောင်တယ်လို့ ကျနော် ခံစားရပါတယ်။
မေး။ ။ ခင်ဗျားတွေ့ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အမျိုးသမီးတွေဆီက ရခဲ့တဲ့ အရေးပါတဲ့ သတင်းစကားက ဘာပါလဲ။ ပြည်သူတွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက တက်ကြွနေကြ ဆဲ ဖြစ်တဲ့ အတွက် တိုင်းပြည်အောင်မြင်မှုရရှိလိမ့်မယ်လို့ ခံစားရပါသလား။
ဖြေ။ ။ လုံးဝပါပဲ။ မြန်မာနိုင်ငံမှာ အတိအကျမျော်လင့်နိုင်တာ ရှိတယ်လို့ ကျနော်သဘောတူပါတယ်။ လာဖြစ် လို့လဲဆိုတော့ တချိန်တုန်းက နှုတ်ဆိတ်နေခဲ့ရတဲ့၊ အကျဉ်းချထားခြင်းခံရတဲ့ ဒါမှမဟုတ် တိုင်းပြည်က တိမ်း ရှောင်ခဲ့ရတဲ့ ပြည်သူတွေရဲ့ ပါရမီနဲ့ စွမ်းအားကနေ အခုအချိန်မှာ အကျိုးအမြတ်တွေရရှိနေလို့ ဖြစ်ပါတယ်။ သူတို့ တင်လာတဲ့ အသေးစိတ် ခေါင်းစဉ်ကတော့ ဥပဒေပြုပြင်ပြောင်းလဲဖို့ လိုအပ်ချက်ကနေ ငြိမ်းချမ်းရေး လုပ်ငန်း စဉ် တွေ၊ ရေကာတာ တည်ဆောက်မှုတွေကြောင့် အန္တရယ်ကြုံနေရတဲ့ မြစ်တွေအထိ အဖွဲ့အစည်း ပေါ်မှာမူတည်ပြီး အပြောင်းအလဲရှိပါတယ်။ အစိုးရက စတင်ဖြေရှင်းနေပြီဆိုပေမယ့် မြေသိမ်းခံနေရတဲ့ ပြဿနာကလည်း အစည်း အဝေးတိုင်းမှာတွေ့ရပါတယ်။ ဒီကိစ္စကြောင့် မြန်မာနိုင်ငံက စီးပွားရေးကို တံခါးဖွင့်လိုက်တဲ့ အချိန်မှာ လူမှုရေး မတည်ငြိမ်မှုတွေ ဖြစ်လာမှာကို ကျနော်စိုးရိမ်မိပါတယ်။ အဖွဲ့အစည်းတိုင်းက သတိထားတဲ့ မျှော်လင့်ချက်နဲ့ မယုံ သင်္ကာဖြစ်မှု ပေါင်းပြီး ထုတ်ဖော်ပြောခဲ့တာ တောင်းဆိုခဲ့တာကတော့ အမေရိကန်ပြည်ထောင်စု အနေနဲ့ သူတို့ ကို ဆက်လက်ထောက်ခံဖို့နဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတလျှောက်မှာ သူတို့ အစိုးရကို အားပေးဖို့ပဲ ဖြစ်ပါတယ်။
မေး။ ။ ဗိုလ်ချုပ်ကြီးဟောင်း တယောက်လဲ ဖြစ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေး နဲ့လည်း တွေ့ ဆုံခဲ့တယ်။ ကော်မရှင်က ရွေးကောက်ပွဲမတိုင်မီ တင်းကျပ်တဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ ချမှတ် နိုင်ဖို့ ကြိုးစားတေယ်။ ဒါကို ပြည်သူတွေက လာမယ့်ရွေးကောက်ပွဲမှာ အဓိက အတိုက်အခံပါတီ (NLD) နဲ့ တိုင်းရင်း သားပါတီတွေ မဲအများစု ရရှိမသွားအောင် ကာကွယ်ဖို့ လုပ်ဆောင်နေတယ်လို့ မြင်ကြပါတယ်။ ခင်ဗျား ဦး တင်အေးကို ဘယ်လို သတင်းစကားတွေပေးခဲ့ပါသလဲ။
ဖြေ။ ။လာမယ့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲက မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ စောင့်ကြည့်မှု အများ ဆုံး ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ ကျနော် ကော်မရှင် ဥက္ကဌကို ပြောခဲ့ပါတယ်။ မဲဆွယ်ယှဉ်ပြိုင်မှုမှာ အတား အဆီးဖြစ်စေတဲ့ ဥပဒေတွေနဲ့ စာနယ်ဇင်းသမားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဆက်လက် ဖမ်းဆီးနေတာ တွေနဲ့ ပတ်သက်လို့ စိုးရိမ်တဲ့ အကြောင်းကိုလည်း ကျနော်ပြောခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုက မြန်မာ ပြည်သူတွေရဲ့ ဆန္ဒကို ဖော်ပြနိုင်ပြီး ပွင့်လင်း မြင်သာမှုတဲ့ အားလုံးပါဝင်နိုင်တဲ့ ယုံကြည်လက်ခံနိုင် လောက်တဲ့ ရွေးချယ်တင်မြှောက်မှု လုပ်ငန်းစဉ်တွေကို ထောက်ခံသွားမှာပါ။ ဒီကိစ္စအပေါ် ကျနော်တို့ရဲ့ စိတ်ဝင်စားမှု က လည်း ရွေးကောက်ပွဲနေ့ အထိပဲမဟုတ်ပါဘူး။ ဆန္ဒမဲတွေကို ရေတွက်စာရင်းပြုစုပြီးလို့ အဖြေထွက်လာပြီး ၂၀၁၆ ခုနှစ် မတ်လမှာ အစိုးရသစ်တခု တက်လာတဲ့ အထိဖြစ်ပါတယ်။
မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုက်နိုင်တယ် ဒါမှ မဟုတ် ကျင်းပခဲ့ရင်လည်း ၂၀၁၀ ခုနှစ် ရွေး ကောက်ပွဲလို လွတ်လပ်မှု၊ တရားမျှတမှု မရှိနိုင်ဘူးလို့ ထင်ပါသလား။ တကယ်လို့ ဖြစ်လာခဲ့ရင် အမေရိကန် နိုင် ငံနဲ့ ခင်ဗျားရဲ့ ဌာနက ဘယ်လို နည်းလမ်းတွေသုံးပြီး ကိုင်တွယ်မလဲ။ အမေရိကန်နိုင်ငံက ဒဏ်ခတ် ပိတ်ဆို့မှု နဲ့ ဖိအားပေးမှုကိုပြန်လည်အသက်သွင်းသင့်တယ် လို့ရော ထင်ပါသလား။
ဖြေ။ ။ ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြောခဲ့သလိုပါပဲ။ ကျနော်တို့မျှော်လင့်ထားတဲ့အတိုင်း အမေရိကန်နဲ့ မြန်မာရဲ့ ဆက်ဆံရေးက ရှေ့ဆက်သွား နိုင်ပါတယ်။ ဒါမှမဟုတ် နောက်ပြန်သွားပြီဆိုရင်တော့ မြန်မာနိုင်ငံထဲမှာ ဘာဖြစ်နေသလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲကိုနောက်နှစ်ထဲမှာ ယုံကြည်လက်ခံ နိုင်လောက်တဲ့ ပွင့်လင်းမြင်သာတဲ့ နည်းလမ်းနဲ့ ကျင်းပနိုင်လိမ့်မယ်ဆိုတဲ့ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက် တွေက အကောင်းဆုံး အာမခံချက်ပါပဲ။
မေး။ ။ အမေရိကန်က နာမည်ပျက်စာရင်းသွင်းထားတဲ့ မြန်မာစီးပွားရေးသမားတွေနဲ့ ရန်ကုန်မှာ တရက် အချိန်ယူပြီး တွေခဲ့တယ်။ ဒီတွေ့ဆုံမှုတွေကနေ (SDN) စာရင်းကနေ လွတ်မြောက်အောင်ဘယ်လို လုပ်ရမလဲ ဆိုတဲ့ လမ်းကြောင်းတွေ ချပေးခဲ့ တယ်။ ဒီစာရင်းကနေ ပယ်ဖျက်ခံရဖို့ သူတို့ ဘာတွေလုပ်ဖို့ လိုသလဲ။
ဖြေ။ ။ အမေရိကန် အစိုးရရဲ့ (SDN) စာရင်းမှာပါဝင်နေတဲ့ မြန်မာစီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းက လူအကုန်လုံးနဲ့ တွေ့ဆုံဖို့ ကျနော်တို့ ကမ်းလှမ်းခဲ့ပါတယ်။ သူတို့ထဲက အများစုက လက်ခံခဲ့ပါတယ်။ (SDN) စာရင်း က ပယ်ဖျက်ဖို့ ဆိုတာက နိုင်ငံရေး မဟုတ်ဘူး။ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက စီမံခန့်ခွဲတဲ့ အုပ်ချုပ်ရေး ကိစ္စဆိုတာ ကျနော်တို့က ရှင်းပြခဲ့ပါတယ်။ အသနားခံလာသူက သူတို့ရဲ့ အခြေခံ အမူအကျင့် တွေကို ပြောင်းလဲပြီဖြစ်ကြောင်း သက်သေအထောက်အထားနဲ့ တင်ပြရမှာ ဖြစ်ပါတယ်။ ကျနော်တို့ကလဲ သူတို့ ရဲ့ အမူအကျင့်တွေကို ပြောင်းလဲစေချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြောင်းလဲရေး လမ်းကြောင်းမှာ အတားအဆီး မဖြစ်စေချင်ပါဘူး။ (SDN) စာရင်းဝင်တွေက စစ်တပ်နဲ့ စီးပွားရေး အဆက်အသွယ်ဖြတ်လိုက်ပြီလား၊ မြေယာ သိမ်းယူမှုကို ရှောင်ရှားခြင်း အပါအဝင် လူ့အခွင့် အရေးကို လေးစားသလား၊ အရပ်ဖက်ဥပဒေတွေကို လိုက် နာသလားဆိုတာ ကျနော်တို့ ကြည့်သွားပါမယ်။ ဒီအရာတွေကို ပြသနိုင်ဖို့ အကောင်းဆုံး နည်းလမ်းတခုကတော့ စီးပွားရေး ပိုင်ဆိုင်မှုများအတွက် ယုံကြည်နိုင်လောက်တဲ့ လွတ်လပ်တဲ့ စာရင်းစစ် စနစ်ကို အသုံးပြုဖို့ နဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေမှာ ယုံကြည်နိုင်လောက်တဲ့ လွတ်လပ်တဲ့ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု အကဲဖြတ်မှုတွေရှိဖို့ ဖြစ်ပါတယ်။ ဒီကိစ္စမှာ ကုသိုလ်ဖြစ် လှူဒါန်းမှုတွေကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး ဆိုတာ ရှင်းလင်းအောင်ပြောထားပြီး ဖြစ်ပါတယ်။ သူတို့ ပိုက်ဆံကို ဘယ်လို သုံး သလဲဆိုတာက အရေး မကြီးပါဘူး။ သူတို့ပိုက်ဆံ ဘယ်လိုရှာသလဲ ဆိုတာက အရေးကြီးပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ လတွေအတွင်းမှာ အစိုးရက စာနယ်ဇင်းသမားတွေကို ခြိမ်းခြောက်မှု၊ ဖမ်းဆီးမှုတွေ တိုးလာခဲ့ပါတယ်။ သမ္မတကလည်း မီဒီယာတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပါတယ်။ မီဒီယာ လွတ်လပ်မှု နောက်ကြောင်းပြန်လှည့် သွား တဲ့ အပေါ်မှာရော စိုးရိမ်မှုရှိပါလား။
ဖြေ။ ။ ဟုတ်ကဲ့ လတ်တလောမှာ စာနယ်ဇင်းသမားတွေကို ဥပဒေကြောင်းအရ အရေးယူမှုတွေပြုလုပ်လာတဲ့ အတွက် ကျနော်တို့ အလွန်စိုးရိမ်မိပါတယ်။ မြန်မာနိုင်ငံဟာ မီဒီယာ လွတ်လပ်ခွင့်အလေးထားမှုကို တည် ဆောက်နေတဲ့ အတွက် ကြီးမားတဲ့ တိုးတက်မှုရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒီတိုးတက်မှုက နောက်ကြောင်း ပြန်သွား မယ်ဆိုရင် တိုင်းပြည်အတွက် ကြီးမား တဲ့ ထိခိုက်နစ်နာမှုဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တာဝန်ယူမှုမရှိတဲ့ စာနယ်ဇင်းတွေ အမြောက်အများရှိနေတာကိုလည်း ကျနော်တို့ နားလည်ပါ တယ်။ ဒါက မီဒီယာ ပတ်ဝန်းကျင် အသစ်တခုမှာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီမိုကရေစီနိုင်ငံ တွေမှာ စာနယ်ဇင်းသမား ကို ဖမ်းဆီးတဲ့ နည်းနဲ့ ပြဿနာကို မဖြေရှင်းပါဘူး။ သူတို့က စာနယ်ဇင်း ကျင့်ဝတ် စည်းကမ်းတွေ တည်ဆောက် လိုက်နာ စေတဲ့ နည်း နဲ့ ဖြေရှင်းပါတယ်။
အခြားပြည်သူတွေကလည်း အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒထုတ်ဖော်မှုတွေ ကြောင့် ဖမ်းဆီး အရေးယူခံနေရတဲ့ အချိန်မှာ လတ်တလော ဖြစ်ရပ်တွေကို အစိုးရက ဖြေရှင်းလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ နောက်ပြီး တော့ စာနယ်ဇင်း သမားများကို အရေးယူဖို့ အသုံးပြုနေတဲ့ ဥပဒေတွေကိုလည်း ပြုပြင်ပြောင်းလဲသင့်ပါတယ်။
မေး။ ။ ဖိနှိပ်ချုပ်ချယ်ခံနေရတဲ့ မြန်မာပြည်သူတွေ အနေနဲ့ သည်းခံဖို့လိုအပ်တယ်။ အုပ်ချုပ်သူတွေရဲ့ မျှော်လင့်ချက် တွေဟာ ဒီမို ကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ အရေးအပါဆုံး ဖြစ်တယ်လို့ နိုင်ငံတကာက လေ့လာဆန်းစစ်သူ တချို့ကပြောကြတယ်။ ဒီအနေအထားနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လို ထင်ပါသလဲ။
ဖြေ။ ။ မြန်မာ့ ဒီမိုကရေစီရေးကို ပြောဆိုနေသူတွေက လက်ရှိအခြေအနေဟာ လိုအပ်ချက်တွေ ရှိနေသေး ပေမယ့် လက်ခံနိုင်လောက်တဲ့ အနေအထားရောက်ပြီလို့ ပြောရလောက်အောင် သူတို့ဘဝနဲ့ ရင်းပြီး စွန့်စားခဲ့တာ မဟုတ်ပါဘူး။ အကျဉ်းထောင် ထဲမှာ ဒါမှမဟုတ် နိုင်ငံရပ်ခြားမှာ နှစ် ၂၀ လောက်နေခဲ့ရတဲ့သူတွေ မဟုတ်ပါဘူး။ ကျနော့်ရဲ့ ကိုယ်ပိုင် မျှော်လင့်ချက်ကတော့ မြန်မာနိုင်ငံဟာ ဒီနေရာလောက်အထိကို ရောက်ဖို့ ဘယ်လောက် အဝေးကြီးလာခဲ့ရတယ် ဆိုတဲ့ ခံစားချက်နဲ့ တရား ဥပဒေစိုးမိုးမှုရှိတဲ့ ဒီမိုကရေစီနိုင်ငံတခုဖြစ်ဖို့က ဘယ်နိုင် ငံ အတွက် မဆို ခက်ခဲတယ်ဆိုတဲ့ အသိ ရောယှက်နေပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ နိုင်ငံရဲ့ မိတ်ဆွေတွေရဲ့ ပန်းတိုင်က ဆက်ရှိ နေပါလိမ့်မယ်။ ဆက်ရှိနေ ရပါမယ်။ ကျနော်တို့ အနေနဲ့ မြန်မာ ပြည်သူတွေရဲ့ မြင့်မားတဲ့ မျှော်လင့်ချက်တွေကို သူတို့ ရပိုင်ခွင့်ရှိတာတခု၊ သူတို့ ကို တွန်းအားပေးတဲ့အရာ၊ ပြုပြင်ပြောင်းလဲရေးရဲ့ မောင်းနှင်အားလို့ ရှု့မြင်သင့်ပါတယ်။ ပြဿနာလို့ မမြင်သင့်ပါဘူး။
(နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်သည်)