မြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ်သမားများ အပါအဝင် ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်ကြသည့် အလုပ်သမားများကို တနှစ် သက်တမ်းရှိ နေထိုင်ခွင့် လက်မှတ်များ ထုတ်ပေးမည်ဟု သိရသည်။
ထိုင်းနိုင်ငံအတွင်းရှိ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများမှ အလုပ်သမားများကို ပြီးခဲ့သည့် လကလည်း တရားဝင် လုပ် ကိုင် နေထိုင်နိုင်ရန် ၂ လ သက်တမ်းရှိ လက်မှတ်များ ပြုလုပ်ပေးခဲ့သည်။
သို့သော် နောက်ဆုံး သတ်မှတ်ရက် ကုန်ဆုံးသွားခြင်းကြောင့် လက်မှတ်မရသေးသူ အများအပြား ကျန်ရှိနေ၍ တနှစ်သက်တမ်း သို့ ပြောင်းလဲခြင်း ဖြစ်သည်ဟု ယူဆကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော် က ဧရာဝတီ ကို ပြောသည်။
တနှစ်နေထိုင်ခွင့် သက်တမ်း ရမည်ဖြစ်၍ အလုပ်သမားအများစု အတွက် ကောင်းမွန်သော်လည်း အလုပ်မရှိသူများ အတွက် အခက် အခဲများရှိကြောင်း၊ အလုပ်မရှိသော်လည်း တရားဝင်နေထိုင်ခွင့် လက်မှတ်ရရေးအတွက် ငွေကြေး အကုန်အကျခံကာ လုပ်ဆောင် နေကြသည်ကို တွေ့ရကြောင်းလည်း ၎င်း က ဆက်ပြောသည်။
ဦးအောင်ကျော်က“တချို့က မဖမ်းရင်ပြီးရောဆိုပြီး ငွေအကုန်ခံလုပ်ကြတယ်၊ အလုပ်မရှိဘဲ လက်မှတ်လုပ်သူတွေ အများကြီးပါ၊ တချို့ဆို အလုပ်ရှင် အထောက်အထားပါမှ လက်မှတ်လုပ်ပေးတယ် ဆိုတော့ ကိုယ့်ရဲ့ အလုပ်ရှင်အဖြစ် အမည်ခံပေးဖို့ ထိုင်းလူမျိုးကို ပိုက်ဆံပေးပြီး ငှားရသေးတယ်”ဟု ပြောဆိုသည်။
တနှစ်သက်တမ်း ထုတ်ပေးမည့် အစီအစဉ်ကို သြဂုတ်လ ၄ ရက်မှ ၂၀၁၅ မတ်လကုန် အထိ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း၊ အလုပ်သမား အများဆုံးရှိရာ ခရိုင် ၇၆ ခုတွင် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း၊ သို့သော် တနှစ်သက်တမ်း ပြည့်သွားပါက မည်သို့ ဆက်လက် စီစဉ်ပေးမည် ဆိုသည်ကို ထိုင်း အစိုးရက အတိအကျ ရှင်းလင်းပြောဆိုမှု မရှိသေးကြောင်း သိရသည်။
တနှစ်သက်တမ်း နေထိုင်ခွင့် လက်မှတ် ရရှိရန် ထိုင်းဘတ်ငွေ ၃၀၈၀(ကျပ် တသိန်း ဝန်းကျင်) ပေးဆောင်ရမည် ဖြစ်သည်။
မဲဆောက်မြို့နယ် အပါအဝင် တာ့ခ်ခရိုင် အတွင်း၌ မြန်မာ အလုပ်သမား ၄ သိန်း ဝန်းကျင်ကလည်း လက်ရှိ အစီအစဉ်ကို ကြိုဆို မည်ဟု ယူဆကြောင်း မဲဆောက် အခြေစိုက် မြန်မာ ပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုး က ဧရာဝတီ ကို ပြောသည်။
“ပထမ ရက် ၆၀ တုန်းကတော့ သိပ် စိတ်မဝင်စားကြဘူး၊ တနှစ်သက်တမ်း ရမယ်ဆိုတော့ အလုပ်ရှင်ရော အလုပ်သမားတွေ၊ လုပ်ငန်းခွင်တွေမှာပါ လှုပ်လှုပ်ရှားရှား ဖြစ်နေကြတာ တွေ့ရတယ်၊ ဒီဒေသက ၄ သိန်းလောက်မှာ အထောက်အထား ရှိသူက တသိန်း ကျော်ပဲ ဆိုတော့ အများစု က လုပ်ကြမယ်လို့ ထင်တယ်”ဟု ၎င်း က ဆိုသည်။
၎င်းအနေဖြင့်မူ လက်ရှိ အစီအစဉ်ကို သတိဖြင့်ကြိုဆိုကြောင်း၊ တာ့ခ်ခရိုင်ရှိ မြန်မာ အများစုမှာ ပျံကျ အလုပ်သမားများဖြစ်၍ အထောက်အထားပြုလုပ်ရန် အလုပ်ရှင်ကို ပွဲစားများဖြင့် ရှာဖွေရခြင်းကြောင့် ငွေကုန်ကြေးကျ များမည်ဖြစ်ကြောင်းလည်း ဦးမိုးကြိုး က ဆက်ပြောသည်။
ထို့အတူ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၏ လုပ်နည်း လုပ်ဟန်များ ရှုပ်ထွေး၍ အခက်အခဲများရှိခြင်း၊ ငွေကြေး သက် သာ မှု မရှိသေးခြင်း၊ အလုပ်ရှင် ရှိမှသာ လက်မှတ်ရမည်ဟု သတ်မှတ်ထားခြင်း၊ အလုပ်ရှင် ရရှိရေးအတွက် အပိုငွေ ကုန်ကျခြင်း စသည့် အခက်အခဲများ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသားများ အနေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် မလာသင့်တော့ကြောင်း၊ ထိုင်းနိုင်ငံ၌ အလုပ်လက်မဲ့ မြန်မာနိုင်ငံ သား အများအပြားရှိနေကြောင်း၊ အလုပ်အကိုင် ရရှိရေးကို မြန်မာအစိုးရ အနေဖြင့်လည်း အလေးထား ဆောင်ရွက်သင့်ကြောင်း အလုပ်သမား အရေးဆောင်ရွက်သူများ က ပြောဆိုသည်။
“ထိုင်းနိုင်ငံအတွင်းကို ခိုးဝင်မလာကြပါနဲ့လို့ ပြောချင်တယ်၊ ထိုင်းနိုင်ငံအတွင်းမှာ အလုပ်တွေမရှိဘူး၊ မြန်မာနိုင်ငံသား အလုပ် လက်မဲ့တွေ များနေတာဟာ အခုအချိန်မှာ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေတယ်”ဟု ဦးအောင်ကျော် က ပြောသည်။
ထိုင်းနိုင်ငံ၌ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ဦးရေ စုစုပေါင်း ၃ သန်းကျော် ရှိပြီး အများစုမှာ တရားဝင် နေထိုင်ခွင့် အထောက် အထား မရှိဟု အလုပ်သမားအရေး ကူညီပေးနေသူများ က ပြောသည်။
ထိုင်းနိုင်ငံ၌ စစ်တပ်က မေလအတွင်း အာဏာသိမ်းပြီးနောက် တရားမဝင် ရွှေ့ပြောင်းလုပ်သားများအား ဖမ်းဆီးခြင်းများ ဆက် တိုက် လုပ်ဆောင်ခဲ့ရာ နိုင်ငံခြားသား အများအပြားသည် မိခင်နိုင်ငံသို့ ပြန်သွားကြပြီးနောက် ထိုင်း စစ်အစိုးရက အလုပ်သမားများ အတွက် ၂ လ သက်တမ်း လက်မှတ်များ ထုတ်ပေးသည့် အစီအစဉ်ကို လုပ်ဆောင်ပေးခဲ့သည်။
တရားမဝင်များအား ဖမ်းဆီးခြင်းသည် ရွှေ့ပြောင်း အလုပ်သမား အားလုံး တရားဝင် ဖြစ်လာစေရန်အတွက်ဟု ထိုင်းအစိုးရ က ပြော ဆိုထားသည်။
မြန်မာနိုင်ငံသားများ အလုပ်လက်မဲ့ များပြားနေခြင်းနှင့်ပတ်သက်၍ မေးမြန်းရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးကို ဧရာဝတီ က ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။