သတင်း

ကန့်ဘလူ ထွန်တုံးတိုက်ပွဲဝင် တောင်သူများ စားဝတ်နေရေး အခက်ကြုံနေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၌ စစ်တပ်က သိမ်းယူထားသော လယ်ဧက ၁ သောင်းကျော် ပြန်လည်ရရှိရေး အတွက် ထွန်တုံး တိုက်ပွဲ ပြုလုပ်ရာမှ ဖမ်းဆီးအရေးယူ ခံနေရသည့် လယ်သမားများနှင့် မိသားစုဝင်များ စားဝတ်နေရေး အခက်အခဲကြုံနေကြ ကြောင်း သိရသည်။

“ကျနော်တို့ တောင်သူ ၂၀၀ ကျော်က အသိမ်းခံရတဲ့ လယ်တွေနဲ့ ပတ်သက်ပြီး တရားရင်ဆိုင် နေရတယ်။ လယ်တွေ ကလည်း အသိမ်းခံရတော့ ဘာမှလည်း လုပ်ကိုင်စားသောက်လို့ မရတော့ဘူး။ တချို့ဆို ကလေးတွေ ကျောင်းတောင် မလွှတ်နိုင်တော့တဲ့ အဆင့်ပါပဲ”ဟု ကန့်ဘလူမြို့နယ် ခအုံးတာ ကျေးရွာမှ ကိုသန်းထိုက်က ဧရာဝတီကို ပြောသည်။

ကန့်ဘလူမြို့နယ် အတွင်းရှိ ငှက်ပျောတိုင်း၊ ထောက်ရှာအိုင်၊ ပေကြီး၊ ခအုံးတာ စသည့် ကျေးရွာများ အနီးရှိ မြေဧက တသောင်း ကျော်ကို ၁၉၉၉ ခုနှစ်က စတင်ပြီး တပ်မတော် ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံးက ကြံ့စိုက်ပျိူးရန်ဟု ဆိုကာ သိမ်း ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုလယ်များအား သကြားစက်ရုံဆောက်လုပ်ခြင်းအပြင် လယ်တချိူ့ကို သေနတ်ပစ် လေ့ကျင့်ရေးကွင်းပြုလုပ်၍ ကျန်လယ်မြေများ ကို သီးစားချ အငှားပေးထားသဖြင့် ဒေသခံများက လယ်မြေများ ပြန်လည်ရရှိရေးအတွက် ယခုအချိန်မှသာ ထွန်တုံးတိုက်ပွဲ ဝင်ခြင်း ဖြစ်သည်ဟု ကိုသန်းထိုက်က ပြောသည်။

သိမ်းယူထားသည့် မြေများပြန်လည် ရရှိရေးအတွက် ယခုနှစ် ဇွန်လ ၃၀ ရက်က စတင်ပြီး ထွန်တုံးတိုက်ပွဲ ဝင်ခဲ့ရာမှ ဇူလိုင်လ ၁၇ ရက်တွင် လယ်သမား ၅၇ ဦးကို ဖမ်းဆီး ထောင်ချခဲ့ကာ ၁၅ ဦးကို ဒေသနှင့် ဝေးရာထောင်သို့ ပို့ဆောင်ခဲ့သဖြင့် ကျန်ရှိခဲ့သည့် မိသားစုဝင်များ စားဝတ်နေရေး ခက်ခဲနေကြကြောင်းလည်း ၎င်းက ဆိုသည်။

လယ်သမားများအား ကူညီပေးနေသည့် ရှေ့နေ ဦးသိန်းသန်းဦးက“လယ်သမား ၅၇ ဦးကိုတော့ အမိန့်ချပြီးသွားပြီ။ ၁၇၃ ယောက် တော့ တရားရင်ဆိုင် နေရတုန်းပါ။ အဲဒီအထဲမှာ အသက်၈၀ အဘိုးအိုနဲ့ အသက် ၁၂ အရွယ် ကောင်းလေးတယောက် ပါတယ်”ဟု ဧရာဝတီကို ပြောပြသည်။

လယ်သမားများအပေါ် မတရားစွပ်စွဲချက်ကို ပြန်လည်ခုခံ ဖြေရှင်းသွားမည် ဖြစ်ကြောင်း၊ ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတထံသို့ စာပေးပို့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လွှတ်တော်ကော်မတီနှင့် လွှတ်တော်တရားရေးရာ ကော်မတီတို့ကိုလည်း တင်ပြသွားမည် ဖြစ်ကြောင်း ဦးသိန်းသန်းဦးက ဆက်ပြောသည်။

ယင်းအမှုတွင် ထွန်တုံးတိုက်ပွဲဝင် လယ်ထွန်ယက်သည့် အမှု တမှုကို ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပြီး တချို့လယ်သမားများသည် အခြားလယ်များ၌ပါ လယ်ထွန်ပေးခဲ့သည့်အတွက် အကျိုးစီးပွားဖျက်ဆီးမှုပုဒ်မ ၄၂၇၊ အားပေးအားမြှောက်မှုပုဒ်မ ၄၂၇/၁၄၄ ဖြင့်ပါ စီရင်ချက် ချခဲ့သဖြင့် ပြစ်ဒဏ် ၃ လမှ ၃ နှစ်အထိ ချခံလိုက်ရသည့် လယ်သမားများရှိကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ တောင်သူ ၁၅ ဦးကို ညောင်ဦး၊ မြင်းခြံ၊ ပခုက္ကူ၊ တောင်ငူ၊ ရွှေဘို၊ ပဲခူး အကျဉ်းထောင်များသို့ ပို့ထားကြောင်း သိရသည်။

ကန့်ဘလူမြို့နယ် ငှက်ပျောကိုင်း ကျေးရွာမှ ကို ဇော်ဝင်းမောင်က“ကျနော်တို့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို တပ်က ဖျက်လိုက် တယ်။ အဝေးပို့ခံရတဲ့ တောင်သူ မိသားစုတွေဆို တော်တော်လေး သနားဖို့ ကောင်းပါတယ်။ ကျနော်တို့ လယ်ယာမြေ ပြန်ရဖို့ အတွက်နဲ့ ထောင်ချခံရသူတွေ ပြန်လွှတ်ဖို့အတွက် ဒီလ ၁၃ ရက်မှာ ဆန္ဒထုတ်ဖော်တာတွေ လုပ်သွားမှာပါ”ဟု ဧရာဝတီကို ပြော သည်။

တောင်သူ လယ်သမားများ၏ ဘဝရပ်တည်မှု ခက်ခဲသည်ကို နိုင်ငံတော် သမ္မ္မတ သိရှိစေလိုကြောင်း၊ သိမ်းဆည်းထားသည့် လယ် ယာမြေ အတွက် စစ်တပ်မှ လျော်ကြေးငွေ ပေးဆောင်ခြင်း မရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်ရှိ ပေကြီး၊ ခအုံးတာ၊ ထောက်ရှာအိုင်၊ ငှက်ပျောတိုင်းနှင့် စံပယ်နံ့သာ ကျေးရွာများမှ လယ်မြေ ဧက ၁၄၀၀၀ ကို ၁၉၉၉ ခုနှစ်က စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(MEC) က သကြားစက်ရုံ ဆောက် လုပ်ရန် တဧကလျှင် လျော်ကြေးငွေ ၂၅ ကျပ် ပေး၍ တောင်သူ ၅၀၀ ကျော်ထံမှ ရယူသွားခဲ့ခြင်းဖြစ်ပြီး ထိုလျော်ကြေးကို တချိူ့လယ်သမားများက လက်ခံခဲ့ခြင်း မရှိဟု ဒေသခံများက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading