Health

အီဘိုလာ မကူးစက်ရေး လေဆိပ်နှင့် နယ်စပ်များတွင် စောင့်ကြည့်စစ်ဆေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာတလွှား သတိထား တပ်လှန့်နေရသည့် အီဘိုလာ ဗိုင်းရပ်စ် (Ebola Virus) မကူးစက်ရေး စောင့်ကြည့် စစ်ဆေးမှုများကို မြန်မာနိုင်ငံရှိ နိုင်ငံတကာ လေဆိပ်များနှင့် နယ်စပ်များတွင် လုပ်ဆောင်နေကြောင်း သိရသည်။

“ပုံမှန် ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းကိုလည်း လုပ်နေပါတယ်။ လောလောဆယ် Ebola Virus နဲ့ ဖြစ်နိုင်စရာ လူနာ မရှိဘူး။ ဖြစ်နိုင်တာက နိုင်ငံခြားကလာတဲ့ ကမ္ဘာလှည့် ခရီးသွားတွေဆီကပဲ။ အဲဒီ လူတွေဆီကနေတဆင့် မဝင်ရောက်လာနိုင်ဖို့ လေဆိပ်တွေ၊ ဧည့်သည်တွေ အဝင်အထွက်လုပ်တဲ့ နယ်စပ်ပေါက်တွေကအ စပေါ့၊ ဝင်လာတဲ့ လူတွေကို စောင့်ကြပ်ကြည့်ရှုတဲ့လုပ်ငန်း ဆောင်ရွက်နေပါတယ်” ဟု ကျန်းမာရေး ဝန်ကြီးဌာန၊ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကံကောင်းက ဧရာဝတီသို့ ပြောသည်။

အဆိုပါ ရောဂါပိုး၏ မူလဇစ်မြစ်ကလည်း မြန်မာနိုင်ငံတွင် မရှိသကဲ့သို့ မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့ပွားနိုင်မည်ဟု သံသယဖြစ်ဖွယ် မူလဇစ်မြစ်များလည်း မရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကံကောင်းက ဆိုသည်။

ရန်ကုန်လေဆိပ်၊ ကျန်းမားရေး ဌာနခွဲက တာဝန်ရှိသူတဦးက “ကျနော်တို့ကိုလည်း နေပြည်တော်၊ ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက လေဆိပ်တွေမှာ လူဝင်လူထွက်ကို ဒီရောဂါနဲ့ ပတ်သက်ပြီး ဘယ်လို စောင့်ကြည့်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေအတိုင်း လေဆိပ်မှာ လုပ်ဆောင်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အီဘိုလာ ဗိုင်းရပ်စ်သည် တိရိစ္ဆာန်မှတဆင့် လူများကို ကူးစက်သော ရောဂါပိုးတမျိုးဖြစ်ပြီး ကူးစက်ခံရသူများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် ရက်ပိုင်းအတွင်း သေဆုံးသည့်အတွက် HIV/ AIDS ရောဂါပိုးထက် ပိုမိုဆိုးဝါးသော ရောဂါဖြစ်ကြောင်း သိရသည်။

ရောဂါပိုးသည် လေထဲမှတဆင့် ကူးစက်နိုင်သည့် ရောဂါပိုးမဟုတ်သော်လည်း ရောဂါခံစားနေရသူများနှင့် အသားချင်း ထိတွေ့ခြင်း၊ အရေပြား ပေါက်ပြဲသော နေရာအား ထိတွေ့ခြင်း၊ နမ်းခြင်း၊ လိင်ဆက်ဆံခြင်းတို့ဖြင့် ရောဂါရှိသူ၏ အသွေးအသား၊ သွေး၊ အချွဲ၊ အရည်တို့ကို လက်ဖြင့် ထိတွေ့ရုံဖြင့် ကူးစက်နိုင်သည်။

၂၀၁၄ ခုနှစ်တွင် အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုး မြစ်ဖျားခံရာ ဂီနီယာ နိုင်ငံမှတဆင့် ဆယ်ရာလီယွန်၊ လိုက်ဘေးရီးယားနိုင်ငံ၊ နိုက်ဂျီရီးယား နိုင်ငံတို့သို့ ကူးစက်ခဲ့ကာ အဆိုပါ ၃ နိုင်ငံကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။ အဆိုပါ ၃ နိုင်ငံတွင် ၂၀၁၄ ခုနှစ်၊ မတ်လမှ စတင်ပြီး ယနေ့အထိ လူဦးရေ ၁၆၀၀ ကျော်ကို ကူးစက်နေပြီး ထက်ဝက်ကျော်မျှ သေဆုံး ခဲ့ပြီဖြစ်သည်။

အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရပြီး ၂၁ ရက်အတွင်း အပြင်းဖျားခြင်း၊ မလှုပ်ရှားနိုင်အောင် အင်အားကုန်ဆုံးခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း တို့ဖြစ်ကာ မကြာခဏ အော့အန်ပြီး ဝမ်းသွားသည့် လက္ခဏာများပြတတ်သည်။ ရောဂါပြင်းထန်လာလျှင် ကျောက်ကပ်၊ အသည်းတို့ကို ပျက်စီးစေပြီး မျက်လုံး၊ ပါးစပ်၊ နှာခေါင်း စသည်တို့မှ သွေးထွက်ခြင်း၊ အရေပြား ပေါက်ပြဲကာ သွေးထွက်ခြင်းများဖြစ်ကာ နောက်ဆုံး သေဆုံးစေသည်။

အီဘိုလာသည် နှစ်ပေါင်း ၄၀ အတွင်း အဆိုးဝါးဆုံးသော ရောဂါကူးစက် သေဆုံးမှု ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ခဲ့သည်။

“တခြားနိုင်ငံတွေမှာ ဖြစ်ပွားလာပြီးမှ ကျနော်တို့နိုင်ငံမှာ ကူးစက်မှု မရှိစေအောင်လို့ တားဆီးတဲ့လုပ်ငန်းမျိုး ဆောင်ရွက်တာ ဖြစ်ပါတယ်။ တားဆီးတယ်ဆိုပြီး လူတွေကို မပေးဝင်တာမျိုးလည်း  လုပ်လို့မရပါဘူး။ ပြင်ဆင်ထားတဲ့ ဆေးရုံတွေကတော့ အဓိက ဆေးရုံကြီးတွေမှာပါ။ အလွန်ပျံ့နံှ့မှု မြန်နိုင်တဲ့ ရောဂါမျိုးတွေ သီးခြား အဆင့်လိုက် ကုသဖို့ပါ။ အဓိက ပြင်ဆင်ထားတာက ရန်ကုန်မှာဆိုရင် ရန်ကုန်ဆေးရုံကြီးအသစ် (ဂျပန်ဆေးရုံ)၊ သင်္ဃန်းကျွန်းဆေးရုံ၊ မြောက်ဥက္ကလာပ ဆေးရုံတို့ပေါ့။ နယ်စပ် တမူးဆေးရုံ၊ မြဝတီဆေးရုံတို့မှာလည်း အထူး ကြိုတင်ပြင်ဆင်မှုတွေ ရှိပါတယ်” ဟု ဒေါက်တာ ကျော်ကံကောင်းက ဆိုသည်။

ထို့အပြင် ပြည်ပနိုင်ငံများမှ စတင်ဖြစ်ပေါ်ခဲ့သည့် ၂၀၀၃ ခုနှစ်က ဆားစ်ရောဂါ၊ ၂၀၁၀ ပြည့်နှစ်ဝန်းကျင်က ပေါ်ခဲ့သည့် H5N1  ရောဂါနှင့် ၂၀၁၁ ခုနှစ်ဝန်းကျင်က H5N9 ရောဂါတို့နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်မှုမရှိရန် စောင့်ကြည့်စစ်ဆေးသည့် လုပ်ငန်းများ လုပ်ဆောင်ထားပြီး ဖြစ်သောကြောင့် အီဘိုလာ ရောဂါပိုးအတွက် သီးခြားစီမံရန် မလိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုးနှင့် ပက်သက်ပြီး အများပြည်သူများ သိရှိစေရန် အစိုးရ သတင်းစာများတွင် အချက်အလက်များ ထည့်သွင်း အသိပေးထားကြောင်း၊ ယခုရက်ပိုင်းအတွင်း မြန်မာ့ရုပ်မြင်သံကြားတွင်လည်း ဆွေးနွေးခန်းများ ရိုက်ကူးတင်ဆက်ရန် စီစဉ်ထားကြောင်း၊ လိုအပ်လျှင်လည်း သတင်းထုတ်ပြန်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုးရှိသူဟု သံသယရှိသူအနီးသို့ မသွားရန်၊ သွားမည်ဆိုလျှင်လည်း ထိုသူ၏ သွေးနှင့် အညစ်အကြေးများကို မထိရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ တားမြစ်ထားသော နေရာသို့ သွားမည်ဆိုလျှင်လည်း အဝတ်အစားများ လုံခြုံ စွာဝတ်ရန်၊ လက်ဆေးရန်၊ တကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရန်၊ တောရိုင်းတိရစ္ဆာန်များ၏ အသားကို ကျက်အောင် ချက်စားရန်၊ အထူးသဖြင့် ဝက်နှင့် မျောက်ကဲ့သို့ တိရစ္ဆာန်များကို သတိပြုရန် ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading