ရခိုင်ပြည်နယ် စစ်တွေမြို့ အပါအဝင် မြို့နယ်တချို့တွင် ဖြစ်ပွားနေသော ဂျပန် ဦးနှောက်ရောင် ရောဂါကြောင့် ကလေး ၈ ဦး သေ ဆုံးခဲ့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ ရက်ပိုင်းအထိတော့ ၁၀ နှစ်အောက် ကလေး ၈ ဦး သေဆုံးခဲ့ပါတယ်၊ နောက်ထပ် သေဆုံးမှုတော့ မရှိတော့ပါဘူး၊ ဖြစ်ရ တာကတော့ ခြင်ကြောင့် အဓိက ဖြစ်တာ၊ ကာကွယ်ဖို့အတွက်တော့ ခြင်မကိုက်အောင်၊ ခြင်မပေါက်အောင် လုပ်ရမှာပေါ့”ဟု စစ်တွေမြို့ အထွေထွေ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးစိုးထွန်းအောင် က ဧရာဝတီ ကို ပြောသည်။
သေဆုံးသွားသည့် ကလေးငယ်များသည် စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း စသည့် ဒေသများမှ ဖြစ်ပြီး ဇူလိုင်လမှ သြဂုတ် လဆန်း အတွင်း သေဆုံးခဲ့ကြခြင်း ဖြစ်သည်။
ထိုရောဂါ ဖြစ်ပွားသည့် နေရာများမှာ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မင်းပြား၊ ဘူးသီးတောင် စသည့် ရခိုင်ပြည်နယ်၏ မြောက်ဖျားပိုင်းဒေသများ၌ ဖြစ်ပွားနေကြောင်း၊ အသက်အရွယ် မရွေး ဖြစ်ပွားတတ်ခြင်းကြောင့် အထူးဂရုစိုက်ရန် လို အပ်ကြောင်း၊ အထူးသဖြင့် ကလေးငယ်များသည် ကိုယ်ခံအား နည်းပါး၍ အလေးထားရန်လိုကြောင်း၊ ဆေးစိမ် ခြင်ထောင်များ အသုံးပြုရန် အရေးကြီးကြောင်း စစ်တွေ ဆေးရုံအုပ်ကြီး က ရှင်းပြသည်။
စစ်တွေ ဆေးရုံကြီးတွင်လည်း ထိုရောဂါ ဖြစ်ပွားနေသည့် ကလေးများ အပါအဝင် လူကြီးတချို့ပါ ဆေးဝါး ကုသမှု ခံယူနေပြီး စုစုပေါင်း ၂၀ ဝန်းကျင် ရှိကာ စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း၊ ထို ဂျပန် ဦးနှောက်ရောင်ရောဂါကို ကာကွယ်နိုင်မည့် ဆေးဝါး လည်း မရှိသေးကြောင်း သိရသည်။
ဒေါက်တာ ဦးစိုးထွန်းအောင်က“ကာကွယ်ဆေး မရှိဘူးဆိုတာက ဒီရောဂါကို ကုသဖို့ ဆေးဝါး မရှိသေးတာပါ၊ ဒါပေမယ့် အဲဒီရောဂါနဲ့ဆက်စပ်ပြီး ကူးစက် ဖြစ်ပွားလာတဲ့ ရောဂါတွေကိုတော့ ကုသလို့ရပါတယ်၊ ဆေးရုံမှာ ဆေးဝါး အပြည့်အစုံ ထားပြီးတော့ လုပ်ပေး နေပါတယ်”ဟု ဆိုသည်။
ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အရေးတကြီး လုပ်ဆောင်ရန်မှာ ခြင်ပေါက်ဖွားမှု မရှိစေရန် ရေစီး ရေလာကောင်းမွန်ရေး၊ ရေပုံး ရေခွက်များအား စနစ်တကျ သုံးစွဲရေး၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ရေး၊ ခြုံပုတ်များအား ရှင်းလင်းရေး စသည်တို့ကို အလေးထား လုပ်ဆောင်ရန် လိုအပ်နေကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးစိုးထွန်းအောင် က ဆိုသည်။
စစ်တွေဒေသခံများက စစ်တွေဆေးရုံကြီးမှ ဆေးဝန်ထမ်း တချို့သည် လူနာများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို အလေးထား ဆောင်ရွက်မှု မရှိကြောင်း၊ ငွေကြေး ချို့တဲ့သည့် လူနာများကို ပစ်ပယ်ထားကြောင်း၊ ကျန်းမာရေး ဝန်ထမ်းတချို့၏ လူနာများအပေါ် ဆက်ဆံမှုသည် ရိုင်းပျသည့် အပြုအမူများ ရှိကြောင်း၊ လူနာများအတွက်လည်း ဆေးဝါးနှင့် ခုတင်များ လုံလောက်မှု မရှိကြောင်း ဧရာဝတီ ကို ပြောဆိုကြသည်။
စစ်တွေ ဆေးရုံအုပ်ကြီးနှင့် ပြည်နယ် အစိုးရ အာဏာပိုင်များက ပြောရာတွင် ဆေးဝါးများ အလုံအလောက်ရှိကြောင်း၊ သက်ဆိုင်ရာ ကျန်းမာရေး ဌာန ဆေးဝန်ထမ်းများ အနေဖြင့်လည်း ကျန်းမာရေး ပညာပေးမှု လုပ်ငန်းများကို အမြဲ လုပ်ဆောင်နေကြောင်းလည်း ပြောသည်။
ထို့အတူ ရခိုင်ပြည်နယ်၏ တခြားသော မြို့နယ်၊ ကျေးရွာများ၌လည်း ပြည်နယ် အဆင့် ကျန်းမာရေး ဌာနများမှ ဝန်ထမ်းများ၊ ပြည်နယ် အစိုးရ အာဏာပိုင်များ၊ ကြက်ခြေနီ၊ နိုင်ငံတကာ ကျန်းမာရေး အဖွဲ့များ က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ပြောခွင့်ရသူနှင့် သတင်း ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် က ဧရာဝတီ ကို ပြောသည်။
“ကျေးရွာတွေကအစ လုပ်ပေးနေပါတယ်၊ ဒုက္ခသည် စခန်းတွေမှာလည်းပဲ အကုန် လုပ်ပေးနေပါတယ်၊ နိုင်ငံတကာ အဖွဲ့တွေ ပြော သလို ဒုက္ခသည် စခန်းတွေမှာ ကျန်းမာရေး ဆိုးဝါးနေတယ်ဆိုတာ မဟုတ်ပါဘူး”ဟုလည်း ၎င်းက ပြောဆိုသည်။
ရခိုင်ဒေသများ၌ ဂျပန် ဦးနှောက်ရောင် ရောဂါဖြစ်ပွားနေသကဲ့သို့ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ် စသည့် ဒေသများတွင်လည်း ကလေးငယ်များ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများရှိကြောင်း၊ တချို့ ကလေးငယ်များကို ရန်ကုန်မြို့သို့ တက်ရောက် ကုသရကြောင်း၊ သို့သော် ငွေကြေး မတတ်နိုင်သူများကမူ ၎င်းတို့ဒေသရှိ ဆေးဝါး မပြည့်စုံသည့် ဆေးရုံ၊ ဆေးခန်းများ၌ပင် ကုသနေကြရကြောင်း ရခိုင် ဒေသခံများ က ပြောဆိုကြသည်။