ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်ရန် ဆန္ဒရှိနေသော မြန်မာအမျိုးသမီးတစုကို ရန်ကုန်မြို့မှ Project Hub Yangon ၏ အစိတ်အပိုင်းတခုဖြစ်သည့် Project-W က ကူညီပေးနေသည်။ Project Hub Yangon သည် စီးပွားရေး လုပ်ငန်းများ စတင်ရာတွင် နည်းပညာနှင့် သုတေသန လုပ်ငန်းများဖြင့် ကူညီပေးနေသည့် အဖွဲ့အစည်းတခု ဖြစ်သည်။ စီးပွားရေး စိတ်ကူးအကြံဉာဏ် များကြောင့် ရွေးချယ်ခံထားရသည့် အမျိုးသမီး ၁၁ ယောက်ထဲတွင် အွန်လိုင်း ပေါ်မှနေ၍ လုံချည်များ စတင်ရောင်းချမည့် သူမှစပြီး ခရီးသွားအေဂျင်စီ ဖွင့်လှစ်မည့်သူအထိ ပါဝင်သည်။ ထိုအမျိုးသမီးများသည် ယခုအချိန်တွင် ၆ လတာ စီမံကိန်းတခုတွင် ပါဝင်နေပြီး စီးပွားရေးလုပ်ငန်း စွမ်းရည်များနှင့် ဈေးကွက် အသိပညာများ သင်ယူလျှက်ရှိကြသည်။ ပြည်တွင်းပညာရှင်များကလည်း အကြံဉာဏ်များ ပေးနေသည်။ ထို့ကြောင့် Project-W ကို ဦးစီးလုပ်ကိုင်နေသည့် Project Hub Yangon ကို ပူးတွဲတည် ထောင်သူ Allison Morris ကို ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ငြိမ်းငြိမ်းက တွေ့ဆုံပြီး အစီအစဉ်၏ အောင်မြင်မှုများ၊ စိန်ခေါ်မှုများ အကြောင်းများကို မေးမြန်းထား ပါသည်။
မေး။ ။ Project-W အကြောင်းပြောပြပေးပါ။
ဖြေ။ ။ Project-W က အမျိုးသမီး လုပ်ငန်းရှင်တွေကို လုပ်ငန်းစတင်နိုင်အောင် အကူအညီ ပေးဖို့အတွက် Project Hub Yangon ကတဆင့် ဆောင်ရွက်နေတဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။ ယှဉ်ပြိုင်တဲ့ ပုံစံနဲ့ရွေးချယ်ပြီး သူတို့ ၆ လ သင်တန်း တက်ဖို့အတွက် နေရာနဲ့ တခြားလိုအပ်တာတွေ စီစဉ်ပေးပါတယ်။ အလုပ်ရုံ ဆွေးနွေးပွဲအတွက် သူတို့ တပတ် တကြိမ် လာရပါတယ်။ ပြည်တွင်းက အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့လည်း ကွန်ရက်ပြုလုပ်ထားတဲ့ အတွက် သူတို့က ကျမ တို့ရဲ့ လုပ်ငန်းရှင်တွေနဲ့ တလတကြိမ် တွေ့ဆုံပြီးတော့လည်း အကြံဉာဏ်တွေ၊ လမ်းညွှန်မှုတွေ ပေးပါတယ်။ လူတွေ ပိုသိ လာစေဖို့ ကျမတို့ Facebook စာမျက်နှာမှာ သူတို့လုပ်ငန်းတွေ အရောင်းမြှင့်တင်နိုင်အောင်၊ မီဒီယာတွေမှာ ဖော်ပြမှု ရှိအောင်လည်း စီစဉ်ပေးပါတယ်။ အစီအစဉ်ကာလအတွင်း သူတို့တွေ အနေနဲ့ အလုပ်ရုံ ဆွေးနွေးပွဲမှာ အေးအေးဆေးဆေး လာထိုင်ပြီး နားထောင်ရုံနဲ့ မရပါဘူး။ အလုပ်ရုံဆွေးနွေးပွဲကို လာတက်ရမှာဖြစ်သလို၊ အမှန်တကယ်လည်း စီးပွားရေး စပြီး လုပ်ရမှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ မတိုင်ခင် သူတို့ရဲ့ လုပ်ငန်းကို အပြည့်အ၀ စတင်တာ၊ ဒါမှမဟုတ် သူတို့ရဲ့ ထုတ်ကုန်ကို ဈေးကွက်မှာ စတင် စမ်းသပ်ရမှာ ဖြစ်ပါတယ်။
ကျမတို့ လုပ်တဲ့ပုံစံက သူတို့လုပ်သမျှ အားလုံးကို ကုန်ကျစားရိတ် အလွန်နည်းပါးစွာ လုပ်နိုင်ဖို့ ကူညီတာပါ။ ကျမတို့ သူတို့အတွက် စီစဉ်ပေးတဲ့ အရင်းအမြစ်တွေ အားလုံး အခမဲ့ဖြစ်ပါတယ်။ အခုအချိန်မှာ လုပ်ငန်း စတင်ဖို့အတွက် အချိန်ပဲ သူတို့ ကုန်ကျပါတယ်။ ကျမတို့ရဲ့ စိတ်ကူးက လုပ်ငန်းကို ငွေကြေး နည်းနိုင်သမျှအနည်းဆုံးနဲ့ စတင်နိုင်ဖို့ ဖြစ်ပါတယ်။ ကျမတို့ ပထမဆုံး အဆင့်မှာ ရုံးခန်းမရှာပါဘူး၊ မငှားပါဘူး၊ ဝန်ထမ်း မခန့်ပါဘူး။ နည်းနည်းလေးနဲ့ ကျမတို့ စတင်ပါတယ်။ ရှင်ဖောက်သည်တယောက် ရဖို့ ကြိုးစားတယ်၊ ပြီးတော့ ရှင်လေ့လာတယ်၊ နောက်ထပ် ဖောက်သည် တယောက်ရတယ်၊ လေ့လာတယ်၊ ရှင်အောင်မြင်လာမယ်။ သူတို့ကို အရင်းအနှီးနည်းနည်းနဲ့ လုပ်ငန်း အငယ်စားကနေပဲ စတင်ဖို့ ကျမတို့က တွန်းအား ပေးပါတယ်။
ဒီအစီအစဉ် ပြီးဆုံးသွားတဲ့အခါ အမျိုးသမီးတွေဟာ သူတို့လုပ်ငန်းအတွက် ဖောက်သည်တွေ ရရှိနေလိမ့်မယ်လို့ မျှော်လင့် ထားပါတယ်။ သူတို့ရဲ့ စိတ်ကူးအကြံဉာဏ်နဲ့ ရင်းနှီးမြှုပ်နှံသူတွေ၊ ငွေကြေးထည့်ဝင်မယ့် သူတွေနဲ့လည်း ကျမတို့က မိတ် ဆက်ပေးပါမယ်။ သူတို့ရဲ့ ထုတ်ကုန်တွေကို စမ်းသပ်ပြီးသား၊ လုပ်ငန်းပုံစံနဲ့ ပတ်သက်လို့ လေ့လာ သရုပ်ခွဲပြီးသား၊ လုပ် ငန်းကို အနည်းငယ် စတင်ခဲ့ပြီးသား ဖြစ်ရပါမယ်။ ဒါမှ ငွေကြေးထည့်ဝင်မယ့် သူတွေကို သူတို့က သရုပ်ပြ ရှင်းလင်းတဲ့ အခါမှာ ခိုင်ခိုင်မာမာ ရှင်းပြနိုင်ပါမယ်။ သူတို့ထဲကတချို့ ရင်းနှီးမြှုပ်နှံမှု ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မေး။ ။ Project-W ကြောင့် ဘယ်သူတွေ အကျိုးကျေးဇူးရရှိမှာလဲ။
ဖြေ။ ။ သူတို့ထဲက အများစုက စီးပွားရေးကဏ္ဍအတွက် တကယ့်ကို လူသစ်တွေပါ။ တချို့က တခြားကဏ္ဍတွေမှာ အလုပ်လုပ် နေကြပါတယ်။ အမျိုးသမီးတယောက် ဆိုရင် နိုင်ငံတကာ NGO တခုက ဝန်ထမ်းပါ။ သူက အခု လူမှုရေးနဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတခု လုပ်ချင်နေတယ်။ ဝန်ထမ်းတယောက် အနေနဲ့ သူ့မှာ နောက်ခံ ခိုင်ခိုင်မာမာ ရှိပေမယ့် စီးပွားရေး လုပ်ငန်းမှာတော့ မရှိဘူး။ အခြေခံအားဖြင့် ကျမတို့က သူတို့ကို အပြောင်းအလဲတခု လုပ်နိုင်ဖို့ ကူညီနေတာပါ။ စွန့်စားရမှုတွေ လျှော့ချနိုင်ဖို့ ကျမတို့က ကူညီပါတယ်။ သူတို့ထဲက အများစုက စီးပွားရေး လုပ်ငန်းတခု စတင်ချိန်မှာ ကြုံ ရမယ့် အခက်အခဲတွေနဲ့ ပတ်သက်ပြီး အရမ်းစိုးရိမ်နေကြတယ်။ ဖြစ်လာနိုင်တဲ့ စိန်ခေါ်မှုတွေကို အဆင်ပြေပြေ ရင်ဆိုင် နိုင်ဖို့ ကျမတို့က လုပ်ပေးပါတယ်။
မေး။ ။ အမျိုးသမီး လုပ်ငန်းရှင် အသစ်တွေကို အလေးပေးပြီးလုပ်တဲ့ ဒီနှစ်အစီအစဉ်နဲ့ မနှစ်က အစီအစဉ်အကြားမှာ ဘာတွေ ကွာခြားမှု ရှိပါသလဲ။
ဖြေ။ ။ ဒီနှစ် အဖွဲ့ထဲမှာ အမျိုးသမီး တော်တော်များများက အရမ်း တွေဝေတတ်ကြတယ်။ သူတို့က သူတို့ စီးပွားရေးပုံစံ၊ သူတို့ အစီအစဉ်ကို အပြည့်အ၀ မြင်ချင်ကြတယ်။ ပြီးတော့ “ဒါကောင်းမယ့် ပုံပဲ။ ကျမ ပိုက်ဆံရှာတော့မယ်။ ကျမ လုပ် မယ်” လို့ပြောတယ်။ အဲဒါ ကောင်းပါတယ်။ ဒါပေမယ့် အစီအစဉ် ချတာချည်းပဲ မဟုတ်ဘူး။ သူတို့တတွေ နည်းနည်းတော့ လုပ်ဖို့လိုတယ်။ ပြီးခဲ့တဲ့ နှစ်က အဖွဲ့နဲ့ ဒီနှစ် အဖွဲ့တွေကြားမှာ ခြားနားမှုတွေ အများကြီး ကျမတွေ့ရတယ်။ အဓိက ကွဲပြားမှု ကတော့ စွန့်စားမှုပဲ။ အမျိုးသမီးတွေက အရမ်း သတိကြီးကြတယ်။ တကယ်လို့ ဆုံးရှုံးနိုင်တယ်ဆိုရင် သူတို့ စပြီး မလုပ်ချင် ကြဘူး။
မနှစ်က ကျမတို့နဲ့ အလုပ်လုပ်ခဲ့တဲ့ အမျိုးသားတွေက တခုခုကို ကြိုးစားကြည့်ဖို့ နည်းနည်းပိုပြီး အဆင်သင့်ဖြစ်တယ်။ သူတို့က ဒီမှာ တနေ့လုံး အလုပ်လုပ်တယ်။ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ စွမ်းဆောင်ရည်တွေကို သူတို့ လက်ခံ ယူနိုင်တယ် ဆိုတဲ့ စိတ်ထားရှိတယ်။ ပြီးခဲ့တဲ့နှစ်က အစီအစဉ်မှာ ကျမတို့က ယောက်ျား၊ မိန်းမ မခွဲခြားဘဲ လျှောက်လွှာ လက်ခံခဲ့တယ်။ လျှောက်လွှာ ၄၅ စောင်မှာ အမျိုးသမီးက ၃ ယောက်ပဲပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်က အစီအစဉ်မှာ အမျိုးသား အများစု ဖြစ်ပြီးတော့ အမျိုးသမီး တယောက်ပဲ ပါတော့တယ်။
ဒီအဖွဲ့က စီးပွားရေး လုပ်ငန်းရှင်တွေအဖွဲ့ ဖြစ်လာတဲ့အခါ ဆက်လက် တွေ့ဆုံနေကြပြီး တယောက်ကိုတယောက် စီးပွားရေး အကြံဉာဏ်တွေ ပေးကြတဲ့ သူတို့ရဲ့ ကိုယ်ပိုင် အကူအညီပေးရေး ကွန်ရက် ဖြစ်လာမယ်လို့ ကျမတို့ မျှော်လင့် မထားခဲ့ပေမယ့် တကယ့်လက်တွေ့မှာ ဖြစ်လာပါတယ်။ မနှစ်က အစီအစဉ်ရဲ့ တဦးတည်းသော အမျိုးသမီး အတွက် ကတော့ လူတိုင်းနဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူက တခြား အမျိုးသား ၆ ယောက်နဲ့အတူ ဘီယာ လိုက်သောက်လို့ မရတဲ့အတွက် ဒီအဖွဲ့ထဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။ အစီအစဉ် ပြီးဆုံးသွားတဲ့ အချိန်မှာ တယောက်ကို တယောက် ကူညီပေးကြတဲ့ အဖွဲ့တခု ဖြစ်လာပေမယ့် မနှစ်က အစီအစဉ်က အမျိုးသမီးကတော့ အမှန်တကယ် အကျိုး အမြတ် မရရှိခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်း စတင်ရေး အပိုင်းမှာ ၂ နှစ် လုပ်ခဲ့ပါတယ်။ Bar Camp နဲ့ Tech Incubator လိုမျိုး အခမ်းအနားတွေ သွားတဲ့အခါ သူတို့အားလုံးက ယောက်ျားတွေ ဖြစ်နေတယ်။ အမျိုးသမီးတွေကို ဦးတည်ပြီးတော့ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို အကူအညီပေးတဲ့ အစီအစဉ်တခု လုပ်ရမယ်လို့ ကျမ တွေးနေခဲ့ပါတယ်။ စိတ်ကူးစိတ်သန်း ကောင်းတဲ့ အမျိုးသမီးတွေ အများကြီး ဒီမှာရှိတာ ကျမသိပါတယ်။ ဒီက အမျိုးသမီးတွေအတွက် စီးပွားရေး အခွင့်အလမ်းကောင်းတွေ အများကြီးပဲ ရှိပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေအတွက် အခက်အခဲတွေ အများကြီး ရှိနေတယ်လို့လည်း ကျမ ခံစားရတယ်။ အထူးသဖြင့် ငယ်ရွယ်တဲ့ မိန်းကလေးတွေ အတွက် စီးပွားရေးလုပ်ငန်း စလုပ်တဲ့အခါမှာ ခက်ခဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ ကွန်ရက် တခုမှမရှိဘူး။ ကွန်ရက်တခု လုပ်ဖို့က ယောက်ျားလေး တယောက်ထက် ပိုခက်တယ်။ ကျမတို့ အခမ်းအနားကို တက်ဖို့ ဖိတ်တဲ့အခါ သူတို့က ပုံမှန်အားဖြင့်ဆိုရင် သူတို့ရဲ့ သူငယ်ချင်းတွေလာမှပဲ လာကြတယ်။ ကျမတို့က အမျိုးသမီးတွေ အနေနဲ့ စီးပွားရေးလုပ်ဖို့ အထောက်အကူ ဖြစ်တယ်၊ သက်တောင့်သက်သာ စကားပြောနိုင်ပြီး မေးခွန်းတွေလည်း မေးလို့ရတယ်လို့ ခံစားရတဲ့ အခြေအနေတခု ဖန်တီး ပေးချင်ပါတယ်။ ကျမတို့က အမျိုးသမီး လုပ်ငန်းရှင်တွေအတွက် ကွန်ရက်လေး ဖန်တီးပေးပြီးတော့ အရှိန် ရလာတဲ့အခါ နောက်နှစ်အနည်းငယ် အတွင်း တယောက်ကိုတယောက် အကူအညီ ပေးနိုင်လာကြ ပါလိမ့်မယ်။
မေး။ ။ အခုအစီအစဉ်မှာ ပါဝင်နေတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။ အမျိုးသမီး တယောက် ဆိုရင် ကလေးငယ်ငယ်လေး တယောက်ရှိတယ်လို့ ကျမသိထားပါတယ်။
ဖြေ။ ။ သူတို့တတွေက ထက်မြက်ပြီး တက်ကြွတဲ့ အမျိုးသမီးတွေပါ။ အလုပ်ကိုလည်း ကြိုးစား လုပ်နေကြပါတယ်။ သူတို့က အလုပ်ကို ပိုပြီး လုပ်နိုင်ကြတယ် ဆိုတာကိုလည်း သိထားတဲ့ လူမျိုးတွေပါ။ ဒါကြောင့် ကျမတို့အစီအစဉ်မှာ လာ ပြီးတော့ လျှောက်ထားခဲ့ကြ ပါတယ်။ သူတို့ တကယ်ကို အလုပ် ကြိုးစားကြပါတယ်။ အများကြီးကို လုပ်နေကြတာ။ အလုပ်ကို အချိန်ပြည့်လုပ်တယ်။ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် ကျမတို့ရဲ့ အစီအစဉ်မှာလည်း ပါဝင်တယ်။ တခါတလေ ကျောင်းမှာ၊ ဒါမှမဟုတ် သီတင်းပတ်ကုန် ရက်တွေမှာ စာသင်ပေးကြတယ်။ ကျမတို့ဆီက အမျိုးသမီး တယောက်က ကလေးရှိပါတယ်။
မေး။ ။ ရှင့်ရဲ့ အစီအစဉ်က ဘာတွေ အောင်မြင်မှုရှိသလဲ။ စိန်ခေါ်မှုတွေရော ရှိပါသလား။
ဖြေ။ ။ ကျမတို့ ဒီအစီအစဉ်ကို စတင်နေတာ ၂ နှစ်လောက်ရှိပါပြီ။ နေရာပေးနိုင်ပြီးတော့ လုပ်ငန်းတည်ထောင်ဖို့ အထောက်အကူ ပေးရေး အစီအစဉ်ကတော့ မနှစ်ကမှ စတင်နိုင်ပါတယ်။ ကျမတို့ရဲ့ အစီအစဉ်က သူတို့လိုအပ်တာတွေနဲ့ အရမ်းပဲ ကိုက်ညီတယ်လို့ လုပ်ငန်းရှင်တွေဆီက ပြန်ကြားရတော့ ကျမတို့ တော်တော် ဝမ်းသာရပါတယ်။ ပြီးခဲတဲ့နှစ်က ကျမတို့ ကူညီခဲ့တဲ့ လုပ်ငန်း ၅ ခုထဲက ၂ ခုက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရရှိသွားတဲ့အတွက် တကယ်ကို ဂုဏ်ယူမိပါတယ်။ ဒီနှစ် အမျိုးသမီးတွေ ဦးဆောင်တဲ့ လုပ်ငန်းတွေလည်း ငွေကြေး အထောက်အပံ့ ရလိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ စိန်ခေါ်မှုတွေ အနေနဲ့တော့ ကျမတို့ရဲ့အဖွဲ့ကို ဖွံ့ဖြိုးလာအောင် ပျိုးထောင်ရတာ ခက်ခဲပါတယ်။ စီးပွားရေး လုပ်ငန်းရှင် တွေရဲ့ စွမ်းရည်နဲ့ပတ်သက်လို့ သင်ကြားပေးနိုင်မယ့် သင့်တော်တဲ့သူ ရှာဖွေရတာကအစ အားလုံးက တန်ဖိုးကြီးပါတယ်။ ရုံးခန်းနေရာ ငှားရမ်းတာနဲ့ အင်တာနက် တပ်ဆင်တာကလည်း ဈေးကြီးပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းတခု စတင် တည်ထောင်တဲ့ သူတွေ အကုန်လုံး ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေအားလုံး ကျမတို့ ရင်ဆိုင်ခဲ့ရပါတယ်။
မေး။ ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရရှိသွားကြတဲ့ လုပ်ငန်းတွေက ဘယ်ဟာတွေလဲ။
ဖြေ။ ။ ရင်းနှီးမြှုပ်နှံမှု အနည်းငယ် ရရှိသွားတဲ့ လုပ်ငန်းတခုက မြန်မာ အွန်လိုင်းရှာဖွေရေး ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ Bindez ပါ။ နောက်တခုကတော့ Blink agency လို့ အမည်ရတဲ့ ပြည်သူ့ ဆက်ဆံရေး ကုမ္ပဏီတခု ဖြစ်ပါတယ်။ သူတို့က မြန်မာနိုင်ငံမှာ လူမှုမီဒီယာ စီမံခန့်ခွဲရေး လုပ်ငန်းတွေ လုပ်ပါတယ်။ တတိယ တခုကတော့ ဖုန်းငွေဖြည့်ကတ်တွေ ဖြန့်ချိတဲ့ အေဂျင်စီတခု ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူ့ဆက်ဆံရေး ကုမ္ပဏီနဲ့ ပူးပေါင်းထားပါတယ်။