သတင်း

PR စနစ် လက်မခံကြောင်း ရန်ကုန်တွင်လည်း ဆန္ဒပြ

This article has been converted from Zawgyi One to Unicode

၂၀၁၅ ရွေးကောက်ပွဲ၌ ကျင့်သုံးရန် စီစဉ်နေသည့် ဆန္ဒမဲ အချိုးကျ ကိုယ်စားပြု စနစ်(PR)ကို လက်မခံကြောင်း နိုင်ငံရေး အဖွဲ့အစည်း များမှ လူအင်အား ၂၀၀ ခန့်သည် ရန်ကုန် မြို့တော် ခန်းမရှေ့၌ ယနေ့ နေ့လယ်ပိုင်း က ဆန္ဒပြသည်။

ယခု ဆန္ဒပြရန်အတွက် သက်ဆိုင်ရာက ကျိက္ကဆံ ကွင်း ဘက်ကိုသာ ခွင့်ပြုပေးခြင်းအား လက်မခံဘဲ မူလစီစဉ်ထားသည့် မြို့တော် ခန်းမ ရှေ့တွင်ပင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ တဦးဖြစ်သည့် ဦးကြည်လင်းက ဧရာဝတီကို ပြောသည်။

“ကျနော်တို့က တင်ထားတဲ့ နေရာမှာပဲ လာပြတာပါ။ ဆန္ဒပြဖို့ ဇူလိုင် ၂၉ ရက်က တင်ထားတာ ဒီလ ၃ ရက်မှ ကျတယ်”ဟု ၎င်းက ပြောပြသည်။

PR စနစ်ကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အသုံးပြုမည်ဟု လွှတ်တော်တွင် ပြောဆိုနေခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ပြင် ဆင်မှုကို အာရုံလွှဲပြောင်းနေသည့်အပြင် ၂၀၁၅ ရွေးကောက်ပွဲ၌ လက်ရှိ အာဏာရ ပါတီက အနိုင် ပြန်မရမည်ကို စိုးရိမ်သဖြင့် PR စနစ်ကို ကျင်းသုံးရန် ရွေးချယ်ခြင်းဖြစ်သည်ဟုလည်း ဦးကြည်လင်းက ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ က PR စနစ် မကျင့်သုံးရန် ပြင်းပြင်း ထန်ထန် ကန့်ကွက်ခဲ့ပြီး တချို့တိုင်းရင်းသား လွှတ်တော်အမတ်များကလည်း လွှတ်တော်သို့ မတက်ရောက်ဘဲ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်မှ ကိုမြတ်ကျော်က“PR စနစ်က ကျနော်တို့ နိုင်ငံနဲ့ မကိုက်ညီသေးဘူး။ ကျနော်တို့ နိုင်ငံရဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးက မရသေးဘူးလေ။ ဒီစနစ်သာ သုံးရင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပိုပျက်စေတယ်” ဟု ပြောဆိုသည်။

PR စနစ် ကျင့်သုံးမှုသည် အင်အားနည်းသည့် တိုင်းရင်းသား လူမျိုးများအတွက် အခက်ကြုံနိုင်ကြောင်း၊ ယင်းစနစ်ကို ဆက်လက် ကျင့်သုံးမည် ဆိုပါက နိုင်ငံရေး အင်အားစုများ ချိတ်ဆက်ပြီး ကန့်ကွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

PR စနစ်နှင့် ပတ်သက်ပြီး အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့တွင် ဆက်လက် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။

PR စနစ် အကောင်အထည်ဖော်ရေး အတွက် ပြည်သူ့လွှတ်တော်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှု ရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေး ကော်မရှင်ကို ဇူလိုင်လ နောက်ဆုံးပတ်က ဖွဲ့စည်းခဲ့ပြီး အမျိုးသားလွှတ်တော်၌လည်း PR စနစ် လေ့လာသုံးသပ်ရေး ကော်မရှင် တရပ်ကို ဇူလိုင်လဆန်းပိုင်းက ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Loading