ဟင်္သာတခရိုင် ပညာရေးမှူး၊ မြို့နယ်လက်ထောက် ပညာရေးမှူးနှင့် ဟင်္သာတမြို့နယ် သုံးခွကျေးရွာ အလယ်တန်းကျောင်းမှ ဆရာ မ ၃ ဦးကို အရေးယူပေးရန် ကျောင်းသားမိဘ ၁၀၀ ကျော်က ယမန်နေ့ နံနက်ပိုင်းတွင် ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ် တံတားဦး ကျေးရွာအုပ်စု သုံးခွကျေးရွာ အလယ်တန်း ကျောင်းခွဲတွင် တာဝန်ကျနေသည့် ဆရာမ ၃ ဦးမှာ ကျောင်းသားများ အပေါ် ဂရုတစိုက် စာပေသင်ကြားမှု နည်းခြင်း၊ ကျောင်းချိန် ပျက်ကွက်ခြင်း၊ ကျောင်းချိန် နောက်ကျခြင်းနှင့် လုပ်ဖော် ကိုင်ဖက် ဆရာ၊ ဆရာမများအပေါ် တင်းမာစွာ ပြောဆိုဆက်ဆံခြင်းများ လုပ်ဆောင်နေသည့်အတွက် ၎င်းတို့ကို အရေးယူပေးရန် ကျောင်းသားမိဘများက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းပညာရေး ဌာန အဆင့်ဆင့် အထိ တိုင်ကြားသော်လည်း အရေးယူခြင်း မရှိ၍ ဆန္ဒပြခြင်း ဖြစ်သည်ဟု ကျောင်းအကျိုးဆောင် အဖွဲ့ဝင် ဦးမြဝင်းက ဧရာဝတီကို ပြောသည်။
“ကျနော်တို့ရွာက ဆရာမ ၃ ဦးဟာ ကျောင်းသားတွေ ပညာရေးကို လုံး၀ ဂရုမစိုက်ဘူး။ စာလည်း ကောင်းကောင်း မသင်ဘူး။ ကြာလာတော့ ကလေးတွေမှာ စာကောင်းကောင်း မသင်ရ။ ကျောင်းသားမိဘတွေလည်း စိတ်ညစ်ရနဲ့ ဖြစ်ကြတယ်။ ဒီဆရာမ ၃ ဦး ကို အရေးယူ ဖယ်ရှားပေးဖို့ ၂၀၁၃ ခုနှစ်ကတည်းက ပညာရေးဌာန အဆင့်ဆင့်ကို တိုင်တာကို အရေးယူပေးခြင်း မရှိတဲ့အတွက် အခုလို ဆန္ဒဖော်ထုတ်တာပါ”ဟု ၎င်းက ဆိုသည်။
ဆန္ဒပြပွဲကို တံတားဦး ကျေးရွာအုပ်စု သုံးခွကျေးရွာ အလယ်တန်းကျောင်းခွဲ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင် ဦးမြင့်စိုးနှင့် ဦးမြဝင်းတို့က ဦးဆောင်ခြင်း ဖြစ်ပြီး ဟင်္သာတ မြို့နယ်ရဲမှူး၏ ခွင့်ပြုချက်ဖြင့် တရားဝင် ဆန္ဒပြခြင်း ဖြစ်ကြောင်း သိရသည်။
ဆန္ဒပြပွဲသို့ တံတားဦး ကျေးရွာအုပ်စု သုံးခွကျေးရွာ အလယ်တန်း ကျောင်းခွဲတွင် ပညာသင်ယူနေကြသည့် ကျောင်းသားမိဘ ၁၄၀ ကျော် ပါဝင်ဆန္ဒပြခဲ့ပြီး ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ် ပညာရေးမှူးရုံး၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် ဟင်္သာတမြို့ရှိ လူစည်ကားရာ နေရာများ၌ လှည့်လည် ဆန္ဒပြ ခဲ့ကြသည်။
သုံးခွကျေးရွာ ဒေသခံ ကိုသိန်းဇော်မြင့်က “ကျနော်တို့ရွာက ကျောင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဒေသခံ ရပ်မိရပ်ဖ တွေ၊ ကျောင်းသား မိဘတွေနဲ့ ကျောင်း အကျိုးဆောင် အဖွဲ့က ဟင်္သာတခရိုင် ပညာရေးမှူးကို သွားရောက် တွေ့ဆုံတင်ပြတဲ့ အခါမှာ သူ့အခန်းထဲမှာ တရားဝင် တွေ့ဆုံခွင့် မပေးဘူး။ အပြင်မှာ ထိုင်တယ်။ တင်ပြချက်တွေကို မှတ်တမ်းမှတ်ရာယူခြင်း မရှိဘဲနဲ့ သူနဲ့မဆိုင်ဘူးဆိုပြီး ပြောလိုက်တဲ့အတွက် ခရိုင်ပညာရေးမှူးကို နိုင်ငံတော်က လိုအပ်သလို အရေးယူပေးဖို့ ထည့်သွင်း တောင်းဆိုရတာ ပါ”ဟု ပြောသည်။
တိုင်ကြားခြင်း ခံရသော သုံးခွကျေးရွာ ကျောင်းဆရာမများကို ဟင်္သာတ မြို့နယ်ပညာရေးမှူး ဦးဆောင်ပြီး ရွာသို့ကွင်းဆင်း စစ်ဆေး ခဲ့ရာတွင် မြို့နယ် လက်ထောက်ပညာရေးမှူးက ငွေကျပ် ၈ သောင်း တောင်းခံခဲ့သည့်အတွက် ၎င်းကိုလည်း အရေးယူပေးရန် ထည့် သွင်း ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆန္ဒပြသည့် ကျောင်းသား မိဘများက ပြောသည်။
ယင်းသို့ ဖြစ်ပွားနေသော ပညာရေး ဝန်ထမ်း ပြဿနာများနှင့်ပတ်သက်၍ အမှတ်(၁) အခြေခံပညာ ဦးစီးဌာနမှ တာဝန်ခံ ညွှန်ကြား ရေးမှူးချုပ်သည် သြဂုတ် ၃ ရက်က ဟင်္သာတမြို့နယ် ပညာရေးမှူးရုံးတွင် ဒေသခံ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် စစ်ဆေးရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း အမှတ်(၁)အခြေခံပညာ ဦးစီးဌာနတာဝန်ခံ ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ဖြင့် ဆိုပြီး သက်ဆိုင်ရာက ယမန်နေ့က ဧရာဝတီသို့ သတင်းပေးပို့ အကြောင်းကြားခဲ့သည်။
ယခုနှစ် မေလအတွင်းကလည်း ပုသိမ်မြို့အခြေစိုက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို လူ့အခွင့်အရေး လှုပ်ရှားသူများ နှင့် လူ ကုန်ကူးခံရသည်ဟု ယူဆရသူများက ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၁၃ ရက်ကလည်း လူနာတဦး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ မှုနှင့် ပတ်သက်၍ မြောင်းမြဆေးရုံမှတာဝန်ကျ ဆရာဝန်၊ ဆရာဝန်မများ၊ သူနာပြုများနှင့် ဆေးရုံဝန်ထမ်းများအား မြောင်းမြမြို့ခံများက ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။