ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမှာ ဇူလိုင်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ ကျင်းပ ခဲ့တဲ့ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးတွေမှာ တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူ စာချုပ် ဒုတိယမူကြမ်း ရေးဆွဲနိုင်ခဲ့တာမို့ လအနည်းငယ်အတွင်း အစိုးရနဲ့ တိုင်းရင်းသားတွေကြားမှာ အပစ်ရပ်ရေး လက် မှတ် ရေး ထိုးနိုင်မယ့်အခြေအနေတွေ ပေါ်ထွန်းလာပေမယ့် စစ်မှန်ငြိမ်းချမ်းရေး ဖြစ်ပေါ်လာနိုင်တဲ့အထိတော့ အစိုးရနဲ့ တိုင်းရင်းသား တွေကြားမှာ ယုံကြည်မှု မတည်ဆောက်နိုင်သေးဘူးလို့ တိုင်းရင်းသားတွေက ပြောဆိုလိုက်ပါတယ်။
တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ်လုပ်ဆောင်လာခဲ့တာ တနှစ်ကျော်ကာလအတွင်း ရောက်ရှိပြီဖြစ်လို့ နှစ်ဖက် ကြားမှာ အရင်ထက် တိုးတက်မှု၊ ယုံကြည်မှုတွေ ရှိလာပေမယ့် ငြိမ်းချမ်းရေး ဖြစ်ထွန်းလာနိုင်တဲ့အထိ နှစ်ဖက်ယုံကြည်မှု မရရှိသေးဘဲ ရွှေရည် စိမ် ယုံကြည်မှုအဆင့်မှာ သာ ရှိနေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေကဆိုပါတယ်။
အစိုးရတပ်နဲ့ တိုင်းရင်းသား တွေကြားမှာ စစ်မှန်ယုံကြည်မှု မရရှိသေးတာက အစိုးရမှာ တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ သွေးခွဲ ဆက်ဆံရေး မူဝါဒရှိ နေတာ ၊ ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေး ဆွေးနွေးနေပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တချို့ကို စစ်တပ်က ပိတ်ဆို့ ဝိုင်းဝန်းထားတာနဲ့ အောက်ခြေ အဆင့်မှာ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေ ကြား ယုံကြည်မှု မရှိတာတွေ ကြောင့် ငြိမ်းချမ်းရေး ရဖို့ အတော်ကို ရုန်းကန်းကြိုးစားရဦးမယ့် အနေအထား ရှိပါတယ်။
လက်ရှိအချိန် အထိ အစိုးရနဲ့ တိုင်းရင်းသားတွေကြားမှာ အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အရှိန်ရနေပေမယ့် တိုင်းရင်းသားတွေမှာ အစိုးရစစ်တပ်ကို ယုံကြည်မှု၊ အစိုးရစစ်တပ်အပေါ် အမြင်သဘောထား ပြောင်းလဲမှုတွေ လုံး၀ မရှိသေးဘဲ သံသယနဲ့သာ ပြောဆိုဆက်ဆံနေကြဆဲဖြစ်ပါတယ်။ အထူးသဖြင့် စစ်အစိုးရ ရေးဆွဲ အတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံး၀ မယုံကြည်၊ လက်မခံတာပဲဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်က “ တိုင်းပြည်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့ အကြောင်း အရင်း ကို ကျနော်တို့ ပြန်တူးဆွကြည့်မယ်ဆိုရင် တိုင်းရင်းသားတွေမှာ သာတူညီမျှ အခွင့်အရေး မရှိခြင်း၊ ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိခြင်းဆိုတဲ့ပြဿနာတွေ ပေါ်ပါတယ်။ အဲ့ ပြဿနာတွေ ဘယ်မှာသွား အမြစ်တွယ် နေသလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ ပြဿနာမှာ သွားပြီးတော့အမြစ်တွယ်နေတယ်” လို့ သုံးသပ် ပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဥက္ကဋ္ဌ ခွန်းအေဘယ်လ်တွဒ်ကတော့ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး မျှော်လင့်ထားသလို အဆိုးဆုံးကိုလည်း ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
“သမ္မတကြီးရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို အကောင်းဆုံးမျှော်လင့်ချက်ထားသလိုအဆိုးကိုလည်းကြိုတွေးရမှာပါ။ ကမ်းလှမ်းမှုက အခွင့်အရေးကောင်းတစ်ခုဖြစ်နိုင်သလို ထောက်ချောက်လည်းဖြစ်နိုင်တယ်” လို့ ခွန်းအေဘယ်လ်တွဒ်က ပြောဆိုပါတယ်။
လတ်တလော အစိုးရစစ်တပ်နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း(SSA/SSPP)၊ ပလောင် (တအာင်း) လွတ်မြောက်ရေး တပ်မတော်(TNLA) တို့အကြားမှာ စစ်ရေးအရ တင်းမာမှုတွေ၊ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲပါပဲ။
SSA/SSPPရဲ့ အထွေထွေအတွင်းရေးမှူး စပ်ခွန်ဆိုင်းက “တပ်မတော်ဘက်က ခုဆိုကျနော်တို့ဘက်ကိုဝိုင်းထားတယ်။ ကျနော်တို့ အနေနဲ့က စစ်ပွဲတွေမဖြစ်စေ ချင်ပေမယ့်သူတို့ကခုလိုဝိုင်းထားတော့ကျနော်တို့လည်း ပြင်ဆင်ထားရတယ်။ တိုက်ပွဲတွေမှာ တိုင်းရင်းသားတွေဘက်က လိုက် တိုက်တာ မျိုးမရှိသေးဘူး။ကျနော်တို့က ခုခံကာကွယ် ထားတဲ့ အပိုင်းပဲ ရှိနေသေးတယ်”လို့ ဧရာဝတီကိုပြောဆိုပါတယ်။
TNLA နဲ့ အစိုးရစစ်တပ်ကြားမှာလည်း တိုက်ပွဲဖြစ်နေပြီး အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု တစုံတရာ မလုပ်နိုင်သေး တဲ့အပြင် စစ်ရေးအရလည်း အခြေအနေ အတော်ကို တင်းမာနေပါတယ်။
TNLA ဥက္ကဋ္ဌ တားအိုက်ဖုန်းက“ခုလက်ရှိ ကျနော်တို့နဲ့ အစိုးရကြားမှာ ဆွေးနွေးမှုက ပြည်နယ်အဆင့်လည်း မရှိသလို ပြည်ထောင်စု အဆင့်လည်းမရှိဘူး။ ဒီတော့ ကျနော်တို့ဘက်ကအစိုးရဘက်နဲ့သေချာဆွေးနွေးမှရှေ့ဆက်နိုင်မယ်။ တနိုင်ငံလုံး ကိုလုပ်ဖို့ဆို ဒေသတခုလုံး မလွှမ်းခြုံနိုင်ရင် မရနိုင်ဘူး။အပစ်ခတ်ရပ်ဖို့လည်းမဖြစ်နိုင်ဘူး။ ကျနော်တို့ဘက်က တချို့ အပိုင်းတွေ ပြောဖို့ခက်နေတယ်။ အစိုးရစစ်တပ်တွေ ပြန်ရုပ်သိမ်းဖို့ အကျေအလည် ညှိုနှိုင်းရမယ်။ ခုချိန်ထိ အစိုးရ ပိုင်း က ဘာကမ်းလှမ်းမှုမှ မရှိသေးဘူး”လို့ ဆိုပါတယ်။
အစိုးရအနေနဲ့ တိုင်းရင်းသားတွေနဲ့ အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုဖို့ စိတ်စောနေပေမယ့်လည်း အခြေခံတပ်ပိုင်းဆိုင်ရာ ညိနှိုင်းမှုများမှာ ခုချိန်ထိအသေးစိတ် မလုပ်နိုင်သေးပါဘူး။
အစိုးရစစ်တပ်ဘက်က အပစ်ရပ်နိုင်ရေးအတွက် အလျော့ပေးမှုတချို့ရှိလာပြီး အပစ်ရပ်ပြီးတာနဲ့ တိုင်းရင်းသားတွေ လက်နက် စွန့်ရမယ်ဆိုတဲ့ မူဝါဒ (DDR) ကို အစိုးရစစ်တပ်ဘက်က ပယ်ဖျက်ပေးလိုက်တာမို့ ဒါကလည်း အပစ်ရပ်ရေး စာချုပ် ချုပ်ဆိုဖို့ နီးစပ်လာစေတဲ့ ခြေလှမ်းတရပ်ပါပဲ။
ဒါပေမယ့်လည်း အပစ်ခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ စာရင်းနဲ့ ပတ်သက်လို့ အစိုးရနဲ့ တိုင်းရင်းသားတွေကြားမှာ အငြင်းပွားမှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။
အစိုးရဘက်က အပစ်ရပ်ရေး လက်မှတ်ထိုးမယ့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၁၆ ဖွဲ့ရှိတယ်လို့ ပြောဆိုပြီး တိုင်းရင်းသား တွေကတော့ အပစ်ရပ်ရေး လက်မှတ်ထိုးကြမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
အပစ်ရပ်ရေးအတွက်မှာတင် အဆင့်များစွာကျန်ရှိနေသေးတာမို့ လအနည်းငယ်အတွင်းမှာ အပစ်ရပ်ရေး လက်မှတ် ထိုးနိုင်တော့မယ် ဆိုတဲ့ ပြောဆိုမှုတွေက လက်တွေ့ဖြစ်လာဖို့ အတော်ကို မလွယ်ကူသေးပါဘူး။
အပစ်ရပ်ရေး ရပြီးသည့်တိုင်အောင် နိုင်ငံရေး ဆွေးနွေးပွဲတွေကတဆင့် ငြိမ်းချမ်းရေး ရနိုင်ဖို့မှာလည်း အတား အဆီး ကြီးတခု ထပ်ရှိနေပါသေးတယ်။ အဲဒီအတားအဆီးကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါပဲ။ တိုင်းရင်းသား တွေ ဘက် က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု မဖြစ်နိုင်ဘူးလို့ ပြောဆိုပါတယ်။
“အာဏာရတချို့က ဖက်ဒရယ်ကိုလက်မခံချင်ကြသေးဘူး။ များသောအားဖြင့် စစ်တပ်ကလက်မခံချင်သေးဘူး။ တိုင်းရင်း သား တွေက ဖက်ဒရယ်တောင်းတာခွဲထွက်ဖို့လို့ဝါဒမှိုင်းတိုက်ခဲ့တော့ ခုချိန်ထိသံသယရှိနေတယ်။ ခွဲထွက် သွားမလား၊ တိုင်းပြည် ပြိုကွဲသွားမလားဆိုတဲ့ သံသယတွေရှိနေတယ်။ ဒါတွေ မဟုတ်မှန်ကြောင်း ပြောရမယ်”လို့ NCCT ခေါင်းဆောင် နိုင်ဟံသာက ဆိုပါတယ်။
တိုင်းရင်းသား အများစုက လက်ရှိ အစိုးရ လက်ထက်မှာ အပစ်ရပ်ရေး အကောင် အထည်ဖော် လာပေမယ့် ငြိမ်းချမ်းရေး ရရှိဖို့ကတော့ အစိုးရစစ်တပ်ရဲ့ သဘောထားအခြေအနေပေါ်မှာပဲ အဓိကမူတည်နေတယ်လို့ ဆိုကြပါတယ်။