အမေရိကန်နိုင်ငံသား ခံယူထားသူ မြန်မာတဦးကို အခွင့်မရှိဘဲ ပညာသင်ကြားပေးမှုဖြင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန(လဝက) က ယနေ့ နေ့လယ်ပိုင်းတွင် ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း သိရှိရသည်။
ပြည်နှင်ဒဏ် ပေးခံရသူသည် မကွေးတိုင်း ရေနံချောင်းမြို့၌ အင်္ဂလိပ်စာ သင်ကြားပေးနေသည့် ကိုမောင်မောင်ဝမ်း ဆိုသူ ဖြစ် သည်။
၎င်းသည် မကွေးတိုင်း ရေနံချောင်း ဇာတိဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ် ၄ ရက်က ဇာတိမြေရှိ လူငယ်များကို အခမဲ့ပညာသင်ကြား ပေးနေစဉ် မကွေးတိုင်း လူဝင်မှုကြီးကြပ်ရေးဌာနက လာရောက်တားမြစ်ပြီး ယမန်နေ့ညက ရန်ကုန်လေဆိပ်သို့ တိုက်ရိုက်ပို့ ေ ဆာင်ခဲ့ခြင်း ဖြစ်သည်ဟု ကိုမောင်မောင်ဝမ်း က ပြောသည်။
“ရန်ကုန်မှာ အင်္ဂလိပ်စာ သင်ကြားပို့ချခဲ့ပေမယ်၊့ ဘာပြဿနာမှ မတက်ခဲ့ပါဘူး။ အခု ကျနော့်ဇာတိ ရောက်ခါမှပဲ လူမှုရေး ဗီဇာ နဲ့ မြန်မာနိုင်ငံကို လာတဲ့သူဟာ အခမဲ့ဖြစ်စေ၊ အခနဲ့ဖြစ်စေ ပညာသင်ကြားပေးခွင့် မရှိဘူး ဆိုတဲ့ ဥပဒေနဲ့ တားဆီးခံရပြီး Deport (ပြည်ပကို နှင်ထုတ်) လုပ်တာပါ”ဟု ၎င်းက ဧရာဝတီ ကို ပြောပြသည်။
ရေနံချောင်းမြို့မှ လူငယ်များကို ၂ရက်ကြာ အင်္ဂလိပ်စာ သင်ကြားပေးနေစဉ် ဇူလိုင်လ ၅ ရက်နေ့က ၎င်းအား လဝက နှင့် ရဲ တပ်ဖွဲ့ဝင် များက ခေါ်ယူပြီး ရန်ကုန် လေဆိပ်သို့ တိုက်ရိုက် ပို့ဆောင်ခြင်း ဖြစ်ကြောင်း ကိုမောင်မောင်ဝမ်းက ရှင်းပြသည်။
“ကျနော်သိရသလောက် မကွေးတိုင်း ဝန်ကြီးချုပ်က ဖိအားပေးပြီး လဝက ကို ကျနော့် ဆီလွှတ်တယ်၊ ကျနော်လာတဲ့ လူမှုရေး ဗီဇာက အခမဲ့ဖြစ်စေ၊ အခနဲ့ဖြစ်စေ စာသင်ကြားရေး လုပ်ငန်း လုပ်လို့မရဘူး၊ လုပ်လို့ရှိရင် ကျနော့်ကို တိုင်းပြည်က နှင်ထုတ် မယ် ဆိုပြီး သူတို့ နုတ်နဲ့ပဲ လာပြောတယ်”ဟုလည်း သူက ပြောဆိုသည်။
ကိုမောင်မောင်ဝမ်းသည် ဇူလိုင်လ ၅ ရက်နေ့က အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လူမှုရေးဗီဇာ(Social Visa) ဖြင့် ရောက်ရှိလာ ပြီး ရန်ကုန်မြို့တွင် Future Bright Education Centre နှင့် ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူ ဦးစီးသည့် နာရေးကူညီမှုအသင်း (ရန်ကုန်) တို့တွင် အင်္ဂလိပ်စာ လေ့လာသူများစွာကို အင်္ဂလိပ်စာ ပို့ချခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ လူမှုရေး ဗီဇာဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူ မည်သည့် နိုင်ငံသားမဆို အခမဲ့ဖြစ်စေ၊ အခဖြင့် ပညာသင်ကြားပေးခွင့် မရှိကြောင်း ပြဋ္ဌာန်းထားသည်။
သို့သော် ကိုမောင်မောင်ဝမ်းကမူ မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ လာရောက်ကာ စာသင်ကြားပို့ချမှုများ လုပ်ဆောင်နေ ကြောင်း၊ နိုင်ငံခြား ကုမ္ပဏီ ပိုင်ရှင်တချို့ကလည်း အလုပ်ရုံဆွေးနွေးပွဲများ လုပ်ဆောင်နေကြောင်း ရှိသည့်အတွက် ၎င်းတို့လည်း အဆိုပါ ဗီဇာ ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ မေးခွန်းထုတ်လိုကြောင်း ပြောဆိုသည်။
သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ယခုကဲ့သို့ ဦးမောင်မောင်ဝမ်းကို ပြည်နှင်ဒဏ်ပေးခြင်းသည် ဗီဇာ သက် တမ်း ကုန်နေသည့်အတွက် ဗီဇာ စည်းကမ်းချိုးဖောက်မှုကြောင့် ဖြစ်ကြောင်း က ဧရာဝတီကို ပြောသည်။
“ဖြစ်စဉ်က ဦးမောင်မောင်ဝမ်း စာသင်လို့ ဖြစ်တာမဟုတ်ပါဘူ။ အမေရိကန်နိုင်ငံသား ခံယူထားတဲ့သူတဦး စာသင်နေကြောင်း သတင်းအရ လဝက က စိစစ်ပါတယ်။ စိစစ်တဲ့ အခါမှာ သူ့ဗီဇာက သြဂုတ်လ ၂ ရက်နေ့ ကတည်းက သက်တမ်းကုန် နေတဲ့ အတွက် ဗီဇာစည်းကမ်း ချိုးဖောက်မှုနဲ့ ပြည်နှင်ဒဏ်ပေးတာလို့ လဝက ဝန်ကြီးဌာနကနေ စုံးစမ်းသိရပါတယ်”ဟု ဦးရဲထွဋ်က ဧရာဝတီကို ပြောပြသည်။
မြန်မာနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ယခုကဲ့သို့ ပြစ်ဒဏ်ဖြင့် ပြည်နှင်ဒဏ်ပို့ခြင်း ခံရသော မည်သည့်နိုင်ငံသားမဆို မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်ခွင့် မရတော့ဘဲ အစိုးရ၏ သီးခြား ခွင့်ပြုချက်၊ ကင်းလွတ်ခွင့်ပေးမှသာ မြန်မာနိုင်ငံသို့ ပြန် လည် သွားရောက်ခွင့်ရှိကြောင်း သိရသည်။
ကိုမောင်မောင်ဝမ်းသည် မြန်မာ စံတော်ချိန် နေ့လယ် ၂ နာရီခွဲလေယာဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တဆင့် ထိုင်းနိုင်ငံ ဘန်ကောက် မြို့သို့ ထွက်ခွာရမည်ဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်သည့် ကိုမောင်မောင်ဝမ်းသည် ၂၀၀၈ ခုနှစ်က ထိုင်း-မြန်မာနယ်စပ် နို့ဖိုး ဒုက္ခသည် စခန်းမှ တဆင့် အမေရိကန်နိုင်ငံသို့ ပြန်လည်နေရာချထားရေး အစီအစဉ်ဖြင့် ပြောင်းရွှေ့ အခြေချခဲ့သူဖြစ်ကြောင်းလည်း သိရ သည်။
၎င်းသည် အမေရိကန်နိုင်ငံတွင် နေထိုင်ရင်း မြန်မာလူငယ်များ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်စေရန်၊ အင်တာနက် အွန် လိုင်းတွင် The Best English 4 You အစီအစဉ်အပြင်၊ ဆိုရှယ်မီဒီယာ(Facebook) မှတဆင့် သင်ကြားပေးနေသူလည်းဖြစ် သည်။