မြန်မာနိုင်ငံရဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက သတင်းစာပညာ ဖောင်ဒေးရှင်း တည်ထောင်ဖို့ အမေရိကန် ဒေါ်လာ ၁ သန်း မတည်မယ်လို့ သိရပါတယ်။
လတ်တလောမှာ ဖောင်ဒေးရှင်း ဖွင့်နိုင်ဖို့ စတင်စီစဉ်နေပြီဖြစ်ပြီး ကနဦးမတည်ငွေ ဒေါ်လာ ၁ သန်းကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်က ထုတ်ယူသုံးစွဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“မှန်တာကိုမှန်တဲ့ အတိုင်း ရေးတတ်တဲ့ မီဒီယာတွေ ပေါ်ပေါက်စေဖို့နဲ့ လူငယ်မီဒီယာတွေ မြန်မာ့ အဆင့်ကနေ ကမ္ဘာ့အဆင့် ကို ထိုးဖောက်နိုင်ဖို့ အတွက် လုပ်ချင်တယ်လို့ ဦးတေဇက ချပြတာပါ၊ ကျနော်တို့က အကူအညီပေးလို့ ဒီဘက်ကို အကောင်း ရေးရမယ်၊ မကောင်းရေးရမယ် ဆိုတာမျိုး မရှိပါဘူး၊ ဘာအနှောင်အဖွဲ့မှ မရှိပါဘူး”လို့ အဆိုပါ သတင်းစာပညာ ဖောင်ဒေးရှင်း စတင်ဖို့ စီစဉ်သူ အဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုဘိုသန်းက ဧရာဝတီကို ပြောပါတယ်။
သတင်းစာပညာ ဖောင်ဒေးရှင်း ဖြစ်ပေါ်လာပုံမှာ ဖေဖော်ဝါရီလ အတွင်းက သတင်းသမား ၁၄ ဦးနဲ့အတူ သွားခဲ့တဲ့ ဦးတေဇ ၏ ပူတာအို ခရီးစဉ်မှာ ကတိပေးခဲ့တာကြောင့် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
“မီဒီယာပညာနဲ့ ပတ်သက်ပြီး ပြည်ပနိုင်ငံတွေမှာ သွားပြီး လေ့လာချင်သူတွေကို ကူညီပေးချင်တဲ့ အပိုင်းကလွဲပြီး ဘာမှ မရှိပါဘူး”လို့ ကိုဘိုသန်းက ဆက်ပြောပါတယ်။
သတင်းစာပညာ ဖောင်ဒေးရှင်းကို အဓိက ဦးဆောင်ကိုင်တွယ်မှာက ထူးဖောင်ဒေးရှင်း ဖြစ်ပြီး သတင်း မီဒီယာသမား တချို့ ဖောင်ဒေးရှင်းမှာ ပါဝင်ဖို့ ရှိနေတယ်လို့လည်း သတင်းမီဒီယာ လောကမှာ ပြောဆိုနေကြပါတယ်။
“သူတို့တွေက ရည်ရွယ်ချက် ကောင်းကောင်းနဲ့ လုပ်တာ ဆိုရင်တော့ ကောင်းတာပေါ့၊ လုပ်စရာတွေက အများကြီး ရှိတယ် လေ၊ ဒီကိစ္စက တကယ် လက်တွေ့မှာတော့ နည်းနည်းခက်မယ် ထင်တယ်၊ ဘယ်သူတွေ သင်မှာလဲ၊ ဘယ်သူတွေက တက်မှာလဲ ဆိုတာမျိုး ရှိတယ်လေ၊ ဘက်လိုက်တာတွေ မပါဘဲ သတင်းပညာ သင်ရင်တော့ ကောင်းတာပေါ့”လို့ မြန်မာနိုင်ငံ စာနယ် ဇင်း ကောင်စီ(ယာယီ) ဒု ဥက္ကဋ္ဌ ဦးသီဟစောက ပြောဆိုပါတယ်။
သြဂုတ် ၅ ရက်ထုတ် ပြည်ထောင်စု နေ့စဉ် သတင်းစာမှာ ဦးတေဇက မြန်မာနိုင်ငံမှာ မီဒီယာတွေက မမျှမတ တဘက် စောင်း နင်း ရေးတာတွေ တွေ့ရကြောင်း၊ ဒီမိုကရေစီနိုင်ငံ စစ်စစ်မှာ ရေးကြတဲ့ အရေးအသားမျိုး မတွေ့ရကြောင်း၊ စစ်မှန်တဲ့ မီဒီယာ တွေ ထွက်ပေါ်ဖို့၊ စစ်မှန်တဲ့ သတင်းစာဆရာ လူထု ဦးစိန်ဝင်း တို့လို ပုဂ္ဂိုလ်တွေ ပေါ်ထွက်လာဖို့ အတွက် ဖောင်ဒေးရှင်း ထောင်ဖို့ စိတ်ကူးရတာ ဖြစ်တယ်လို့ ပြောဆိုထားတာကို တွေ့ရပါတယ်။
“ဦးတေဇ မကောင်းရင် မကောင်းတာကို ရေးရဲ ရမယ်။ မှန်တယ်ဆိုလည်း မှန်တာ ရေးရဲရမယ်။ မှားတယ်ဆိုလည်း မှားတာကို ရေးရဲရမယ်။ မီဒီယာကို စတုတ္ထမဏ္ဍိုင်အဖြစ် အသိအမှတ်ပြုထားပြီး ဖြစ်တဲ့အတွက် ဘယ်အစိုးရ တက်တက် အစိုးရကို ထိန်း ကျောင်းပေးတာ ဖြစ်ရမယ်။ ပြန်ဆဲတဲ့မီဒီယာ မဟုတ်ဘူး။ ထိန်းကျောင်းပေးပြီး ပညာပေးတဲ့ အလုပ်ဖြစ်တယ်။ သူများနိုင်ငံမှာလည်း အဲဒီလိုပဲ။ လူငယ် မီဒီယာသမားတွေ အနေနဲ့ ကမ္ဘာ့အဆင့်ကို ထွက်နိုင်ဖို့ ဒီသုံးချက်ပဲ။ နိုင်ငံတကာ အဆင့်ရှိတဲ့ ငါတို့မြန်မာတွေ ထွက်လာစေချင်တယ်။ မှားနေရင် မှားနေတယ်လို့ ပြောရဲရမယ်။ မှန်ကန်တာပဲ ရေးရမယ်”လို့လည်း ဦးတေဇက ပြည်ထောင်စု နေ့စဉ် သတင်းစာမှာ ပြောဆိုထားပါတယ်။