ဇွန်လ ၁၀ ရက်နေ့က ချင်းပြည်နယ် မတူပီမြို့နယ် ရေဇွာ မြို့နယ်ခွဲတွင် အစိုးရစစ်တပ် အမှတ် ၂၆၉ ခြေလျင်တပ်ရင်းမှ တပ်သားတဦးက အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီး တဦးကို အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့သည်။ ထို့ကြောင့် မတူပီမြို့နယ်နှင့် ရေဇွာမြို့နယ်ခွဲမှ အမျိုးသမီး ၆၀၀ ခန့်က ထိုကိစ္စအပြင် အလားတူဖြစ်ရပ်များအတွင် တရားမျှတစွာ ဆောင်ရွက် အရေးယူပေးရန် ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် ၎င်းတို့ကို ဦးဆောင်ခဲ့သည့် အမျိုးသမီး ၄ ဦးကို အာဏာပိုင် များက ငြိမ်းချမ်းစွာ စုရုံးခွင့် ဥပဒေဖြင့် အရေးယူခဲ့သည်။ ပုံမှန် ဒီမိုကရေစီ လူ့အသိုင်းအဝိုင်းများတွင် ပြဿနာများကို ဆွေးနွေးခြင်းဖြင့် ဖြေရှင်းပေးသော်လည်း ယခုအစိုးရက ထိုနည်းအတိုင်းပြုလုပ်ခြင်း မရှိပေ။
မတော်မရားပြုကျင့်ခြင်းနှင့် ပတ်သက်သည့် ဥပဒေဖွင့်ဆိုမှုများသည် အစဉ်အလာ ဥပဒေများနှင့် ရိုးရာအလေ့အထများ ပေါ်တွင် မူတည်၍ တနိုင်ငံနှင့် တနိုင်ငံ မတူညီဘဲ ကွဲပြားမှုရှိသည်။ သို့သော်လည်း မုဒိန်းမှုတခု အတွက် မပြောင်းလဲသည့် ဖွဲ့စည်းမှုမှာ အတူတူပင်ဖြစ်သည်။ ကျူးလွန်သူနှင့် ခံစားရသူ ဟူ၍ဖြစ်သည်။ အမျိုးသမီးရေးဝါဒီတို့က အင်္ဂလိပ်အခေါ် victim ကို မကြိုက်နှစ်သက်ပဲ survivor ကို သုံးနှုန်းရန် ပိုလိုလားပါသည်။
အချို့သော အမျိုးသမီးဝါဒီတို့က အမျိုးသမီးတို့သည် ကိုယ်ပိုင်စွမ်းအားမရှိသူများဟု အဓိပ္ပါယ်သက်ရောက် သလို ဖြစ်နေသည့် ခံစားရသူ victim ဆိုသည့် အသုံးအနှုံးကို ရှောင်ကျဉ်ကြသည်။ မတရားပြုကျင့်ခံခဲ့ရခြင်း၏ ဆိုးရွားသော သက်ရောက်မှုမှာ ကြုံတွေခဲ့ရသူတို့သည် မိမိကိုယ်မိမိ အပြစ်တင်ခြင်း၊ ခွန်အားကင်းမဲ့ခြင်း၊ ယုံကြည်မှုပျောက်ဆုံးခြင်း၊ ဒေါသကြီးခြင်း၊ မုန်းတီးမှုနှင့် အမြဲလို ကြောက်ရွံ့ထိတ်လန့်နေမှု၊ မိမိ၏ မိသားစုဝင်များ အပါအဝင် လူမှုအသိုင်းအဝိုင်းတွင် ဝင်ဆံ့ခြင်းမရှိတော့ဘဲ အထီးကျန်ခြင်းတို့ကို ခံစားနေကြရသည်။
သေနတ်များ သို့မဟုတ် နျူကလီးယားနှင့် ဓာတုလက်နက်များသည် လူသားတို့၏ အသက်ကို သတ်နိုင်သည် သို့မဟုတ် မသန်စွမ်းသည့် ဒုက္ခိတဖြစ်သွားနိုင်သည်။ သို့သော်လည်း အဓမ္မပြုကျင့်ခံရခြင်းက အမျိုးသမီးများကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ၂ ခုလုံးကို ဖျက်ဆီးပစ်လိုက်နိုင်သည်။ သူတို့ကို အနာရောဂါများအား ကုသသည့်နည်းဖြင့် ကျမတို့ ကုသပေး၍ မရနိုင်ပါ။ ကံဆိုးခဲ့ရသည့် အမျိုးသမီးတို့၏ ကျန်သည့် ဘဝတလျှောက်တွင် အမည်းစက် တခုလို စွန်းထင်းပြီး ထိတ်လန့်ကြောက်ရွံ့မှုများနှင့် နေထိုင်သွားကြရမည်ဖြစ်သည်။ တူညီဝတ်စုံဝတ် ယောက်ျားများက သူတို့၏ အာဏာကို အသုံးချပြီး ထိုကဲ့သို့သော ပြစ်မှုမျိုး ကျူးလွန်မည်ဆိုလျှင် ကျည်ဆံ တတောင့်ပင် အသုံးပြုရန် မလိုပါ။ အလကားရသည့် လက်နက်ဖြစ်ပါသည်။ အစိုးရနှင့် စစ်ဖက်အဖွဲ့အစည်းများက အဓမ္မပြုကျင့်ခြင်းခံရသူ အမျိုးသမီးများထံမှ ဆေးဘက်ဆိုင်ရာ အထောက်အထားတောင်းခံခြင်းအားဖြင့် စွပ်စွဲမှုများကို အလွယ်တကူ ပယ်ချနိုင်သည့်အတွက် ထိရောက်သည့် လက်နက်တခု ဖြစ်နေရခြင်းဖြစ်သည်။ ဆေးစစ်ချက်ဆိုသည်မှာ အဓမ္မပြုကျင့်ခံရပြီးများမကြာမီ အချိန်အတွင်းသာ ရယူနိုင်သည့် အတွက် ရရှိရန် အခွင့်အလမ်း အလွန်နည်းပါးသည်။ ထို့ကြောင့် အဓမ္မပြုကျင့်ခံရသူတို့သည် မှန်ကန်စွာ တရားစီရင်မှုကို ရှာဖွေရန် အခွင့်အရေး မရှိသလို ဖြစ်နေသည်။
အင်အားနှင့် မတရားပြုကျင့်မှုတို့ တခုနှင့်တခု မည်သို့ပတ်သက်သနည်း။ သူစိမ်းတယောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်ခွင့်ရှိသည်ဟု ယောက်ျားတယောက်က မည်သည့်အတွက်ကြောင့် ယူဆနိုင်သနည်း။ မတရားပြုကျင့်မှုတို့တွင် ယောက်ျားနှင့် မိန်းမကြား၊ ဆင်းရဲသူနှင့် ချမ်းသာသူကြား၊ အလုပ်ရှင်နှင့် အလုပ်သမားကြား၊ စစ်ယူနီဖောင်းဝတ်ထားပြီး လက်နက်ကိုင်ဆောင်ထားကြသူများနှင့် လက်နက်မဲ့ အမျိုးသမီးများကြားမှ ခွန်အားနှင့် သက်ဆိုင်နေသော အကြောင်းအရာများ ပါဝင်နေနိုင်သည်။ ပညာရေး၊ လူမှုရေးအဆင့်အတန်းနှင့် လူမျိုးစုကွဲပြားခြင်းများလည်း ပါဝင်နေနိုင်သည်။ လူမှုရေး အခြေခံစံနှုန်းများနှင့် ခွဲခြားမှုများကြောင့် အမျိုးသမီးများအတွက် နစ်နာမှုများ ဖြစ်စေပြီး အပြစ်ကျူးလွန်သူများက အားသာချက်ရှိနေနိုင်သည်။ ထိုသို့သော အခြေခံများကြောင့် အမျိုးသမီးများအပေါ် မတော်တရားပြုကျင့်မှုကို အပြစ်တင် ပြောဆိုနေကြသည့်တိုင်အောင် လူ့အသိုင်းအဝိုင်းက သည်းခံနေခြင်းဖြစ်မည်။ အမှန်စင်စစ် တရားဥပဒေစိုးမိုးမှုနှင့် ဖိုမ တန်းတူညီမျှရေးကို အလေးထားသည့် လူ့အသိုင်းအဝိုင်းဆိုလျှင် မုဒိန်းမှုကို အရေးကြီးသည့် ရာဇဝတ်မှုများအဖြစ် သဘောထားသင့်ပြီး လုံး၀ သက်ညှာမှု မပေးသည့် မူဝါဒကို ကျင့်သုံးသင့်ပါသည်။
ပြီးခဲ့သည့် ၁၀ နှစ် အတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ အမျိုးသမီး အဖွဲ့အစည်းများက မြန်မာစစ်တပ် (တပ်မတော်)က အမျိုးသမီးများကို မတရား ပြုကျင့်ခြင်းခံခဲ့သည့် သွေးပျက်ဖွယ်ရာ အဖြစ်အပျက်များကို မှတ်တမ်းတင် စုဆောင်းခဲ့သည်။ သို့သော်လည်း သူတို့စုဆောင်းနိုင်ခဲ့သည့် မှတ်တမ်းများသည် အမှန်တကယ် ဖြစ်ခဲ့ရသော အတိုင်းအတာ၏ သေးငယ်သည့် အစိတ်အပိုင်းလေးသာ ဖြစ်သည်။ ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်၏ အရပ်သား အမည်ခံအစိုးရ အာဏာရလာပြီး နောက်ပိုင်း၌ တိုင်းရင်းသားဒေသများတွင် မတရားပြုကျင့်သည်ဟု စွပ်စွဲပြောဆိုမှု ၁၀၀ ခန့်ရှိခဲ့သည်ဟု နောက်ဆုံး ဖြစ်ပေါ်ခဲ့သည့် အဓမ္မကျင့်မှုများနှင့် ပတ်သက်၍ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က မှတ်တမ်းတင်ခဲ့သည်။ အံ့အားသင့်စရာကောင်းသည်မှာ ကျူးလွန်သူများကို မည်သို့မျှ အရေးယူ အပြစ်ပေးမှု မရှိခြင်းပင်။
ပြစ်မှုများကို စုံစမ်းစစ်ဆေးရန်၊ ပြစ်ဒဏ် ကျူးလွန်သူကို အပြစ်ရေးရာတွင် ပိုမိုထိရောက်မှုရှိစေရေးအတွက် စစ်တပ်၏ စည်းကမ်းဥပဒေများကို ပြုပြင်ပြောင်းလဲရန် ပျက်ကွက်ခဲ့ခြင်းများက အချက် ၂ ချက်ကို ဖော်ပြနေသည်။ ပထမအချက်မှာ သမ္မတ ဦးသိန်းစိန်က တပ်မတော်အပေါ် သြဇာလွှမ်းမိုးနိုင်မှု မရှိခြင်းနှင့် ဒုတိယအချက်မှာ သမ္မတက ကျူးလွန်သူများကို ဥပဒေအရ အရေးယူအပြစ်ပေးရန် မတတ်နိုင်ခြင်း တို့ဖြစ်သည်။ ဆယ်စုနှစ် ၆ ခုမျှကာလအတွင်းတွင် မြန်မာနိုင်ငံကို စစ်တပ်ကသာ အုပ်ချုပ်ခဲ့ပြီး မူဝါဒများချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် စီမံခန့်ခွဲခြင်းများကို ပြုလုပ်ခဲ့သည်ကို မေ့ထား၍ မဖြစ်ပါ။ အကယ်၍ သူတို့တွင် အဆိုပါ တရားခံများက ကျူးလွန်နေကြသည့် အဓမ္မမှုများကို ရပ်တန့်ရန် ဆန္ဒရှိပါက ယခုပင်ရပ်တန့်လိုက်နိုင်သည်။
ယခုအချိန်အထိ မြန်မာနိုင်ငံ၏ တိုင်းရင်းသား ဒေသများတွင် အကြမ်းဖက်စော်ကားမှုများ ဆက်လက်ရှိနေဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မတရားပြုကျင့်မှုများသည် နေရာတခုတွင် ဖြစ်ပေါ်နေခြင်းမဟုတ်ဘဲ တိုင်းရင်းသား ပြည်နယ် ၇ ခုတွင်ဖြစ်ပေါ်နေသည်။ ပြဿနာက ပျံ့နှံ့နေသည်။ မြန်မာစစ်တပ် အင်အားကြီးမားစွာ ရှိနေသည့်နေရာတွင် မတရား ပြုကျင့်မှုများ ဖြစ်ပေါ်နေပြီး ပုံစံတူအတိုင်း ဆက်ဖြစ်နေသည်။ စနစ်တကျဖြစ်နေသည်။ အချို့သော နိုင်ငံတကာ ဥပဒေ ပညာရှင်များက ထိုကိစ္စသည် စနစ်တကျ ကျူးလွန်နေခြင်း မဟုတ်သလို ကျယ်ပြန့်လာနေခြင်းလည်း မဟုတ်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် မတရားကျင့်မှုသတင်းများသည် တချိန်ထဲ တနေရာထဲတွင် ဖြစ်ပေါ်ခြင်းမရှိဘဲ အရည်အတွက်လည်း နည်းပါးသည်ဟု ငြင်းချက်ထုတ်ကောင်းထုတ်နိုင်ကြပါသည်။ မှန်ပါသည်။ ရဝမ်ဒါမှာကဲ့သို့ မတရားပြုကျင့်မှုများ အစုအပြုံလိုက် ဖြစ်ပေါ်ခဲ့ပါက ကျူးလွန်သူများအတွက် မည်သို့ ဖြစ်လာနိုင်သည်ကို မြန်မာစစ်တပ်က သိပါသည်။ အစုအပြုံလိုက် မတရားပြုကျင့်မှုများကို အစိုးရကရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ လျစ်လျူရှုနိုင်မည် မဟုတ်ကြောင်းလည်း ကောင်းစွာသိနေသည်ဟု ကျမ ထင်ပါသည်။
၂၀၀၅ ခုနှစ်မှ စ၍ ချင်းပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော သို့မဟုတ် ချင်းအမျိုးသမီးများ စော်ကားခံခဲ့ရသော မတရားကျင့်မှု များကို လေ့လာပြီးသည့်နောက် “စစ်သားများက ဘာကြောင့် ဝေးလံသည့် ကျေးရွာများမှ ဆင်းရဲသည့် အမျိုးသမီးများ၊ တခါတရံ အသက်အရွယ်ကြီးရင့်သည့် အမျိုးသမီးများကို ဘာကြောင့် မတရားပြုကျင့်ရသနည်း။ သူတို့ ဘာလိုချင်သနည်း။ သူတို့၏ ရမ္မက်ဆန္ဒကို ဖြည့်ဆည်းရန် အတွက်ပဲလား” ဆိုသည့် မေးခွန်းများ ကျမကိုယ်ကျမ အကြိမ်ကြိမ် မေးကြည့်မိပါသည်။
ချင်းလူ့အခွင့်အရေး အဖွဲ့(CHRO) က လတ်တလော ဖြစ်ပေါ်ခဲ့သည့် မတူပီမြို့နယ်မှ အဖြစ်အပျက် အပါအဝင် လက်ရှိအစိုးရ၏ သက်တမ်းအတွင်း ချင်းပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော မတရားပြုကျင့်မှု အမြောက်အမြားကို သတင်းပို့ တိုင်ကြားခဲ့ပါသည်။ ယခုအချိန်အထိ အစိုးရ၏ တုန့်ပြန်မှုမှာ စိုးရိမ်ပူပန်မှုများအား ထုတ်ဖော်ပြသခဲ့သူများကို ဖမ်းဆီးခြင်းနှင့် တိုင်ကြားမှုများကို ပယ်ချခြင်းတို့သာ ဖြစ်ပါသည်။
အဓမ္မပြုကျင့်မှုများသည် တခါတရံ အစိုးရ၏ အပြစ်မယူသည့် မူဝါဒကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ အကယ်၍ ဦးသိန်းစိန်၏ အစိုးရက ဖြောင့်မတ်မှန်ကန်မည်ဆိုလျှင် သူပြုလုပ်နိုင်သည်များ ရှိသည်။ ပထမဆုံးအနေဖြင့် တိုင်းရင်းသား အမျိုးသမီးများကို အစိုးရတပ်မှ တပ်သားများက မတရားပြုကျင့်မှုများ ရှိနေကြောင်း အစိုးရက အသိအမှတ်ပြု လက်ခံပြီး ထိုပြဿနာကို ဖြေရှင်းရန်အတွက် ဥပဒေပြုပြင်ပြောင်းလဲမှုများ လုပ်နိုင်သည်။ ဥပဒေကြောင်းအရ ဆောင်ရွက်ရာတွင် ဆေးပညာဆိုင်ရာ သက်သေအထောက်အထားအပြင် စေ့ဆော်မှု၊ ဆက်နွယ်ပတ်သက်မှုများ၊ အင်အား ကွာခြားမှုနှင့် ကျူးလွန်ခံရသူ၏ ထိခိုက်နစ်နာမှု တို့ကိုပါ ထည့်သွင်းစဉ်းစားသင့်ပါသည်။ ဒုတိယအချက်မှာ တရားရုံးများအနေဖြင့် မတရားပြုကျင့်ခံရခြင်း တိုင်ကြားမှုများ ရှိလာသည့်အခါတွင် စစ်ဆေးရန် လိုအပ်သည့် အထောက်အကူများ ပြည့်စုံနေရန် လိုအပ်ပါသည်။ မည်သည့် အမျိုးသမီးကမျှ မတရားပြုကျင့်ခြင်း မခံချင်သလို သူတို့ ကျူးလွန်စော်ကားခံရသည့် အဖြစ်ကိုလည်း အများစုက တိုင်ကြားလိုခြင်း မရှိပါ။ တတိယအချက် အနေဖြင့် လက်ရှိပြုလုပ်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တိုင်းရင်းသား အမျိုးသမီးများ မတော်မတရားပြုကျင့်ခံနေရမှု အဆုံးသတ်ရေးကို အစီအစဉ်တခု အဖြစ် ထည့်သွင်းသင့်ပါသည်။ အထက်ပါ လုပ်ဆောင်မှုများကို ပြုလုပ်ပြီးသည့်အချိန်မှ ဦးသိန်းစိန်၏ သမ္မတရာထူး အတွက် ကျမတို့ လက်ခုတ် တီးသင့်ပါသည်။
(ချယ်ရီဇာဟောင်သည် ချင်းပြည်နယ်မှ လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူ အမျိုးသမီးတဦးဖြစ်သည်။ သူ၏ Rape Is Not Just a Crime; It Is a Weapon ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)