ပဲခူးတိုင်း အင်းတကော်မြို့က ယာဉ်တိုက်သေဆုံးမှု တခုမှာ အဓိက တာဝန်ရှိတဲ့ ယာဉ်ထိန်းရဲတွေကို အမှုဖွင့်ဖို့ ကြိုးစားနေတဲ့ သေ ဆုံး သူရဲ့ မိခင်ကို ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေက ဖိအားပေး ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ ကာယကံရှင် မိသားစုက ပြောပါတယ်။
သေဆုံးသူရဲ့မိခင်ဖြစ်သူ ဒေါ်ဝင်းကြည်က သားဖြစ်သူသေဆုံးမှုဟာ သာမန်မဟုတ်ဘဲ ယာဉ်ထိန်းရဲ တပ်ဖွဲ့တွေရဲ့ ဥပဒေမဲ့ အကြမ်း ဖက် ဖမ်းဆီးမှုကြောင့် သေဆုံးရတာ ဖြစ်တယ်ဆိုပြီး အင်းတကော် ရဲစခန်းမှာ အမှုဖွင့်ဖို့ ကြိုးစားပေမယ့် ရဲစခန်းက အမှုဖွင့် မပေး ဘဲ အချိန်ဆွဲထားတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။
ယာဉ်တိုက်မှုမှာ သေဆုံးသွားတဲ့ သားဖြစ်သူအတွက် မိခင်ဖြစ်သူနဲ့မိသားစုက ဒီကိစ္စကို အမှုမှန် ဖော်ထုတ်ပြီး အရေးယူဆောင်ရွက် စေလိုတယ်လို့ မြို့ခံတွေကလည်း ပြောဆိုကြပါတယ်။ သေဆုံးသူ ကိုမင်းမင်းငယ်မှာ ဇနီးနဲ့ ကလေးသုံးဦး ကျန်ခဲ့ပြီး ဆင်းရဲချို့တဲ့ ကြတယ်လို့ သိရပါတယ်။
အင်းတကော် ရဲစခန်းမှာ အမှုဖွင့်ခွင့် မရရှိတဲ့နောက် မိခင်ဖြစ်သူက အဖြစ်မှန် ပေါ်ပေါက်ရေး အတွက် မျှတတဲ့ တရားစီရင်ရေးနဲ့ အရေးယူ ဆောင်ရွက်ပေးဖို့ နိုင်ငံတော် သမ္မတရုံး အပါအဝင် ဌာနဆိုင်ရာ ရုံးတွေကို တိုင်တန်းစာတွေ ပေးပို့ခဲ့ပြီး တပတ်အကြာမှာဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေရဲ့ ငွေပေးချဉ်းကပ်မှု၊ ခြိမ်းခြောက် ဖိအားပေးမှုတွေ ကြုံတွေ့လာရတယ်လို့ ပြောပါတယ်။
သေဆုံးသူ ကိုမင်းမင်းငယ်ရဲ့ မိခင်ဖြစ်သူ ဒေါ်ဝင်းကြည်က“အမှုဖွင့် မပေးလို့ နေပြည်တော်အထိ စာပို့တိုင်တော့ ကျမတို့ကို ရဲတွေကိုယ်တိုင်က ငွေပေးစည်းရုံးတယ်။ မရတော့ ခြိမ်းခြောက်တယ်။ ကျမသားအတွက် သူတို့ပေးတဲ့ လျော်ကြေးကိုလည်း မယူဘူး။ အမှုမှန်ပေါ်တဲ့ အထိ ကြိုးစားမှာပဲ။ တခြားလူတွေကို ဒီလိုဆက်လုပ်နေရင် ဘယ်နှယ့်လုပ်မလဲ။ ကျမသားသေလို့ သူတို့ကို နာစေ ဆိုတဲ့စိတ်နဲ့ မဟုတ်ပါဘူး။ ဒီလို တရားလက်လွတ် လုပ်တာကို ဥပဒေက တရားသဖြင့် ဆောင်ရွက်ပေးဖို့ပါ”လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ ကိုမင်းမင်းငယ်ဟာ ရေမြောင်းတွေမှာ ပြွန်ချတဲ့ အလုပ်လုပ်ကိုင်သူဖြစ်ပြီး အခင်းဖြစ်ပွားခဲ့တဲ့ ဇွန်လ ၈ ရက် မနက် ပိုင်း က မိုးရွာလို့ အလုပ်မဖြစ်တာနဲ့ ပဲခူး-ရန်ကုန် ကားလမ်းမကြီး အတိုင်း လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ကိုမျက်ပြူးနဲ့ အတူ ဆိုင်ကယ် စီးပြီး အင်းတကော်ကို ပြန်လာခဲ့ကြတယ်လို့ သိရပါတယ်။
၎င်းတို့စီးလာတဲ့ ဆိုင်ကယ် အင်းတကော်မြို့ ရဲစခန်းရှေ့ အရောက်မှာ အသင့်စောင့်နေတဲ့ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တွေထဲက တပ်ဖွဲ့ဝင်တဦးက ဆိုင်ကယ်ဦးထုပ်နဲ့ ထွက်ရိုက်ပြီး ဖမ်းဆီးဖို့ ကြိုးစားရာမှာ ဆိုင်ကယ်မောင်းနေတဲ့ ကိုမင်းမင်းငယ်က တိမ်းရှောင်ဖို့ ကြိုးစားရင်း လမ်းရဲ့ ဆန့်ကျင်ဘက် အခြမ်းမှာ ရပ်ထားတဲ့ ၁၂ ဘီးကားကို ဝင်တိုက်မိတာကြောင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ရ တယ်လို့ ကာယကံရှင် မိသားစုနဲ့ မျက်မြင်တချို့က ပြောဆိုပါတယ်။
အခင်းဖြစ်စဉ်မှာ သေဆုံးသူ ကိုမင်းမင်းငယ်ရဲ့ ဆိုင်ကယ်နောက်မှာ လိုက်ပါစီးနင်းတဲ့ ကိုမျက်ပြူးက ဒဏ်ရာပဲရခဲ့ပြီး ဖြစ်စဉ်တခု လုံး ကို တွေ့မြင်ခဲ့သူလို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ကိုမျက်ပြူးကို ဆေးကုသ စရိတ်အဖြစ် အင်းတကော် ရဲတပ်ဖွဲ့က ကျပ် ၇ သိန်း ပေး စည်းရုံးသွားတယ်လို့ သေဆုံးသူ ကိုမင်းမင်းငယ်ရဲ့ အစ်ကိုဖြစ်သူ ကိုမင်းမင်းလတ်က စွပ်စွဲပြောဆိုပါတယ်။
“ဒီအမှုမှာ အရေးအကြီးဆုံး မျက်မြင်သက်သေ မျက်ပြူးက ဟိုဘက်ကပေးတဲ့ ပိုက်ဆံ ၇ သိန်းကို လက်ခံလိုက်ပြီ။ အခု ဖြစ်ရပ်မှန် ကို ကျနော်တို့ ဘယ်လိုလုပ် အားကိုးရတော့မလဲ”လို့ သူက ဆိုပါတယ်။
အခင်းဖြစ်ပွားပြီး နောက်တနေ့မှာ ကာယကံရှင် မိသားစုတွေက ယာဉ်ထိန်းရဲတွေကို အမှုဖွင့်ဖို့ ကြိုးစားခဲ့တာကို အင်းတကော် ရဲစခန်းက လက်မခံခဲ့တဲ့အတွက် ကာယကံရှင် မိသားစုက အမှုမှန် ပေါ်ပေါက်ရေးနဲ့ တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော် သမ္မတရုံး၊ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဌာနတွေကို တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။
ဇူလိုင်လဆန်းပိုင်းက အင်းတကော် ရဲစခန်းက ဒုရဲအုပ် သန်းစိုးနဲ့ ပုဂ္ဂိုလ်တဦးက အရပ်ဝတ်တွေ ဝတ်လာပြီး ရာအိမ်မှူးဟောင်း ဦးတင်အေးကို ခေါ်ကာ သေဆုံးသူအတွက် တိုင်ကြားမှုတွေ ဆက်လက် မလုပ်ဆောင်ဖို့နဲ့ တိုင်တန်းထားတာတွေကို ရုတ်သိမ်းပေး ဖို့ ကျပ် ၁၅ သိန်းနဲ့ လာရောက် ညှိနှိုင်းခဲ့တယ်လို့ ဒေါ်ဝင်းကြည်က ပြောပါတယ်။
“သူတို့က ဒီ ၁၅ သိန်းကိုယူ လက်မှတ်ကို ထိုးပေးပါလို့ ပြောတယ်။ ဒီလက်မှတ်က ဘာအတွက် ထိုးပေးရမလဲ မေးတော့ ကျမတိုင်ကြားထားတာတွေကို ပြန်လည်ပြီး ရုပ်သိမ်းပေးဖို့ အဲဒီလိုပြောတယ်။ ကျမက ဒါမဖြစ်နိုင်ဘူး။ ၁၅ သိန်းကိုလည်း မလိုချင်ဘူးဆိုပြီး ငြင်းတယ်။ အတင်းငြင်းဆန်တဲ့ အခါမှာ ကျမကို ဟောက်လား ဟန်းလားလုပ်တော့ ကျမသား မင်းမင်းလတ်နဲ့ ကျမ ချွေးမဟာ အဲဒီ ညတွင်းချင်းပဲ အုပ်ချုပ်ရေးမှူး အိမ်ကိုပြေးပြီး တိုင်ကြားလိုက်ရတယ်”လို့လည်း ဒေါ်ဝင်းကြည်က ပြောဆိုပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ ဇွန်လထဲမှာလည်း ရာအိမ်မှူးဟောင်း ဦးတင်အေးက တဆင့် ကျပ် ၈ သိန်းနဲ့ ကျေအေးပေးဖို့ စတင် ပြောဆိုခဲ့ တာကို လက်မခံခဲ့တဲ့ အတွက် ၁၀ သိန်း အထိ တိုးမြှင့်ပေးခဲ့ပြီး အင်းတကော် ရဲတပ်ဖွဲ့က ထပ်မံ ညှိနှိုင်းတာကို ကာယကံရှင် မိသားစုက လက်မခံတဲ့အတွက် ခြိမ်းခြောက်မှု ခံခဲ့ရတယ်လို့ ဒေါ်ဝင်းကြည်က ရှင်းပြပါတယ်။
အင်းတကော် ရဲစခန်းမှ ဒုရဲအုပ် သန်းစိုးက သေဆုံးသူ မိသားစုတွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ငြင်းဆန် ခဲ့ပါတယ်။ သူ့အနေနဲ့ ဒီဖြစ်စဉ်အပေါ် ကျပ် ၁၅ သိန်း ပေးပြီး ညှိနှိုင်းမှု မလုပ်ခဲ့သလို၊ ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်ခဲ့တာ မရှိဘူးလို့ ဧရာဝတီ ကို ပြောပါတယ်။
ငွေပေးညှိနှိုင်းတယ် ဆိုတာနဲ့ ပတ်သက်ပြီး“သူတို့ အလကား လျှောက်ပြောနေတာ” လို့ တုံ့ပြန်ပြီး ခြိမ်းခြောက်တယ် ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး“မဟုတ်ပါဘူး အဲဒါတွေက ဒီခေတ်ထဲမှာ ခြိမ်းခြောက်လို့လည်း မရဘူးလေ” လို့ ဒုရဲအုပ် သန်းစိုးက ပြောပါတယ်။
ဒေါ်ဝင်းကြည်ကတော့ အခင်းဖြစ်ပွားပြီးနောက် ဇူလိုင် ၁၆ ရက်၊ ၁၇ ရက်မှာ ပဲခူးမြို့မ ရဲစခန်းက သေဆုံးသူဖြစ်စဉ်နဲ့ ပတ်သက်ပြီး ၎င်းတို့ မိသားစုကို စစ်ဆေး မေးမြန်းမှုတွေလုပ်ဖို့ ခေါင်းစဉ်တပ်ခေါ်ယူခဲ့ပြီး ရဲအရာရှိတွေရဲ့ ကြိမ်းမောင်း ပြောဆိုမှုတွေကို ခံခဲ့ရ တယ် လို့ ဆိုပါတယ်။
“ခင်ဗျား ဒီအမှုကို ရှေ့တိုးမှာလား၊ နောက်ဆုတ်မှာလားလို့ မေးတယ်။ ကျမက ရှေ့တိုးမယ်လို့ ပြောလိုက်တော့ ခင်ဗျားအဖြစ်က သားလည်းသေ၊ မအေလည်း လီဆယ်မှုနဲ့ ထောင်ကျဦးမယ်ပေါ့။ တကယ်ဆိုလို့ရှိရင် ခင်ဗျားသားက ဦးထုပ်သာ ဆောင်းခဲ့ရင် ဒီလို အဖြစ်မျိုးနဲ့ ကြုံစရာ အကြောင်းမရှိဘူး၊ ကျနော်တို့ ရဲတွေဟာ တာဝန်အရ အလုပ်လုပ်နေတာ၊ အလကား အလုပ်လုပ်နေတာ မဟုတ်ဘူးပေါ့၊ အဲဒီလိုပြောတယ်”လို့ ရဲအရာရှိရဲ့ပြောဆိုချက်တွေကို ကိုးကားပြီး သူက ပြန်ပြောပြပါတယ်။
ဒေါ်ဝင်းကြည်က ဆက်လက်ပြီး“တာဝန်အရ အလုပ်လုပ်တယ်ဆိုလို့ရှိရင် ကျမသားကို ဦးထုပ်မပါရင်ဖမ်း၊ ဦးထုပ်မဆောင်းတဲ့ အတွက် ဒဏ်ရိုက်ပေါ့၊ အခုတော့ မမိ၊ မိတဲ့နည်းနဲ့ ရိုက်ချလိုက်လို့ ကျမသား သေရတာတာဟာ ရှင်တို့လုပ်ရပ်လို့ ပြောတော့ ဒါမပြောနဲ့ တရားမဝင်ဘူးလို့ ပြောတယ်။ ခင်ဗျားကိစ္စက တရားမဝင်လို့ ကျုပ်တို့က အရေးမယူ ပေးတာလို့လည်း ပြောတယ်။ နောက်ဆုံး ကျမကို အမှုစစ်တဲ့အကြောင်း လက်မှတ်ထိုးဆိုပြီး ထိုးခိုင်းတယ်။ ကျမကလည်း ဒါကျမကို အမှုစစ်တာမဟုတ်ဘူး။ ခြိမ်းခြောက်တာ ဖြစ်နေတဲ့ အတွက် လက်မှတ် မထိုးနိုင်ဘူးလို့ ပြောခဲ့တယ်”လို့ ပြောဆိုပါတယ်။
ဒုရဲအုပ် သန်းစိုးက“သူတို့ ဘာလို့ အမှုဖွင့်ခွင့် မရလဲဆိုတော့ အမှုက ဖွင့်ထားပြီးပြီလေ။ လိုအပ်တဲ့ သက်သေတွေ အကုန်လုံး ခေါ်စစ်ပြီးနေပြီ။ သူတို့ဟာသူတို့ အရက်မှုးပြီး မောင်းလာပြီးတော့ ကားကို ဝင်တိုက်တာ”လို့ ဆိုပါတယ်။
အင်းတကော် ရဲစခန်းက ကိုမင်းမင်းငယ် သေဆုံးမှုဟာ ယာဉ်ထိန်းရဲတွေနဲ့ ပတ်သက်မှု မရှိကြောင်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ယာဉ် ထိန်း ရဲတွေကို ခေါ်ယူစစ်ဆေးတာ မရှိကြောင်း ဖြစ်စဉ်အပေါ် ယာဉ်မတော်တဆမှု ပုဒ်မ ၃၀၄ (က)နဲ့ပဲ ဖွင့်လှစ် ဆောင်ရွက် ထား တယ်လို့ ဒီအမှုကို ကိုင်တွယ် စစ်ဆေးနေတဲ့ အမှုစစ် ဒု ရဲအုပ်ထင်ကျော်ကလည်း ပြောပါတယ်။
ဒုရဲအုပ် ထင်ကျော်က“ဒီကိစ္စကို ကျနော်တို့က မတော်တဆ သေဆုံးမှုနဲ့ ဆောင်ရွက်ထားတယ်။ လူတဦး တယောက်ရဲ့ ပေါ့ဆမှုကြောင့် မတော်တဆ ယာဉ်တိုက်ပြီး သေတာပေါ့”လို့ အရေးယူ ဆောင်ရွက်ထားတဲ့ ပုဒ်မနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။
အခင်းဖြစ်ပွားတဲ့ နေရာအနီးမှာရှိတဲ့ ဈေးဆိုင်ရှင် တဦးကတော့ ဒီဖြစ်စဉ်မှာ ယာဉ်ထိန်းရဲရော သေဆုံးသူရော အမှားတွေ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ ကိုမင်းမင်းငယ်နဲ့ သူငယ်ချင်း ဖြစ်သူတို့ဟာ ဦးထုပ် မဆောင်းထားသလို ယာဉ်ထိန်းရဲ ထွက် တားဆီးတာကို မောင်းပြေးဖို့ ကြိုးစားခဲ့ကြောင်း ယာဉ်ထိန်းရဲကလည်း ပုန်းလျှိုစောင့်ဆိုင်းနေပြီး ထွက်တားတာကို ရပ်မပေး တဲ့ အတွက် ဆိုင်ကယ်ဦးထုပ်နဲ့ လွှဲရိုက်ခဲ့တာလို့ ပြောပါတယ်။
“အဲဒီနေ့က မော်တော်ပီကယ်တွေက အင်းတကော် ရဲစခန်းနားလေးမှာ ဆိုင်ကယ်တွေ ဖမ်းနေတာ ဆိုင်ထဲကနေ မြင်နေရတယ်ဗျ။ ဟိုသေသွားတဲ့ ကောင်လေးက ရပ်မပေးလို့ မော်တော်ပီကယ်ကလည်း ထုံးစံအတိုင်း အကြမ်းနည်းသုံးပြီး လုပ်လိုက်တာ။ ကောင် လေး က ဟန်ချက်ပျက်ပြီး တဖက်ကားလမ်းမှာ ရပ်ထားတဲ့ ၁၂ ဘီးကားကြီးကို သွားပြီး ဝင်ဆောင့်တာ။ ဆိုင်ကယ်နောက်မှာ စီး လိုက်လာတဲ့ ကောင်လေးကတော့ မော်တော်ပီကယ် လှမ်းရိုက်လိုက်လို့ ဆိုင်ကယ် ဟန်ချက်ပျက်သွားကတည်းက ကားစီ မရောက် ခင် ပြုတ်ကျသွားတာ”လို့ အဲဒီ ဆိုင်ရှင် က ရှင်းပြပါတယ်။
အင်းတကော်မြို့ပေါ် ဆိုင်ကယ် အသုံးပြုနေသူတွေထဲမှာ အထူးသဖြင့် လူငယ်ပိုင်းတွေက ဆိုင်ကယ် ဦးထုပ် မဆောင်းတာ၊ နောက်ကြည့်မှန် မထည့်တာ၊ သုံးယောက်တွဲ စီးတာတွေ လုပ်တာတွေကို နေ့စဉ်လို တွေ့မြင်နေရပြီး ဖမ်းဆီးတဲ့ ယာဉ်ထိန်းရဲတွေကလည်း အကြမ်းဖက် ဖမ်းနေတာတွေကို မကြာခဏ တွေ့မြင်နေရကြောင်းလည်း သူက ပြောပါတယ်။
“မော်တော်ပီကယ်တွေ ဖမ်းနေတဲ့ နေရာက ရဲစခန်းနားလေးမှာ ကျနော်တို့ဆိုင်နဲ့ မလှမ်းမကမ်းမှာပဲ။ သူတို့ အမြဲတမ်း လုပ်တာက အကွယ်တခုမှာ ပုန်းချောင်းမယ်၊ အနီးရောက်မှ ဆိုင်ကယ်ကို ထွက်တားတယ်။ မရပ်ပေးရင် ဦးထုပ်တို့၊ တုတ်တို့နဲ့ လှမ်းရိုက်တယ်၊ ပစ်တယ် အဲဒီလိုလုပ်တာ။ ဒီက ကလေးတွေကလည်း ဆိုးတယ်။ ပဲခူးမြို့ပေါ်သွားတဲ့လူ မဟုတ်ရင် အများစုက ဦးထုပ် မဆောင်းကြဘူး။ သူတို့ဖမ်းတဲ့ နေ့တွေဆိုရင် ဘယ်ဆိုင်ကယ်ထိတော့မလဲ ရင်တထိတ်ထိတ် ကြည့်နေရတာ”လို့ ဈေးဆိုင်ရှင်က ဆက်ပြော ပါတယ်။
အခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး နေပြည်တော် ပြည်ထဲရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂၄ ရက်မှာကွင်းဆင်းပြီး သေမှုသေခင်းပုံစံ သရုပ်ပြ ရုပ်သံမှတ်တမ်းတွေ လာရောက် ယူဆောင်ခဲ့ပေမယ့် ကာယကံရှင်နဲ့ မျက်မြင်တွေကို မမေးဘဲ အင်းတကော် ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုပ်သွားတယ်ဆိုပြီး မြို့ခံတချို့က မကျေမနပ် ဖြစ်နေတယ်လို့ သိရပါတယ်။
အင်းတကော်မြို့ခံ ကိုသက်ထွန်းဦးက“ရဲအချင်းချင်း သရုပ်ပြ မှတ်တမ်းတင်တယ်။ ကျနော်တို့ ဒီဘက်က ခံစားရတဲ့ လူဘက်ကြ တော့ အခုချိန်ထိ ဘာမှ စုံစမ်းခြင်း မေးမြန်းခြင်း မလုပ်ဘူးဗျ။ ကာယကံရှင် မိသားစုက ဒါကို တရားဥပဒေ စိုးမိုးဖို့ လိုလားတယ်။ ဒီ ဥစ္စာက လုပ်ပိုင်ခွင့်ရှိတဲ့ ရဲတွေကိုယ်တိုင်က အကြီးအကျယ်ကာကွယ်နေတော့ ဒီကိစ္စ ပေါ့သေးသေးတော့ တွက်လို့မရဘူး”လို့ ပြော ပါတယ်။
သေဆုံးသူရဲ့ မိခင်ဒေါ်ဝင်းကြည်က“ကျမကတော့ နောက်မဆုတ်ဘူး။ အမှန်တရားနဲ့ ပတ်သက်လာရင် အသေခံသွားမယ်လို့ သန္နိဌာန် ချထားတယ်။ အခုကိစ္စက ကျမ သားတယောက်အတွက် ကျမ ရင်ဆိုင်နေတာ မဟုတ်ဘူး။ ကျမ သားကဲ့သို့ နောက်လူတွေ ဒီလိုမျိုး ခံစားရမှာစိုးလို့”ဆိုပြီး ပြောဆိုပါတယ်။ ။