အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံဆီ ခေတ္တလာရောက်လည်ပတ်တဲ့ ၈၈ ကျောင်းသားဟောင်း ကိုမောင်မောင်ဝမ်းကို မြန်မာအစိုးရက ပြည်နှင်ဒဏ်ပေးလိုက်တယ်ဆိုတဲ့သတင်းကို ဖတ်ရတော့ အတော် အံ့သြတုန်လှုပ်သွားပါတယ်။ သူ့ဇာတိမြေ ရေနံချောင်းမြို့မှာ ခွင့်ပြုချက်မရဘဲ အင်္ဂလိပ်စာသင်ပေးမိလို့ မကွေးတိုင်း လဝက က ဖမ်းဆီးပြန်ပို့လိုက်တယ်ဆိုတာကို ထပ်သိရတော့ ပိုပြီး မခံမရပ်နိုင်ဖြစ်လာပါတယ်။
နောက်ထပ်ထွက်လာတဲ့ သတင်းတွေထဲမှာတော့ သူ့ကို စာသင်ပေးမှုနဲ့ ပြည်နှင်ဒဏ်ပေးတာမဟုတ်ဘဲ သူ့ရဲ့ ၂၈ ရက်စာ Social Visa သက်တန်းကုန်နေတဲ့အတွက် အခုလို ဖမ်းဆီးပြန်ပို့တာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးသစ်လည်းဖြစ်၊ သမ္မတဦးသိန်းစိန်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးရဲထွဋ်ကပြောတယ်လို့ ထပ်ဖြည့်ပါလာပါတယ်။ ဒါပေမယ့် ဒီအကြောင်းပြချက်တွေ အားလုံးဟာ မခိုင်လုံပါဘူူး။
ပထမ အကြောင်းပြချက်ဖြစ်တဲ့ ခွင်ပြုချက်မရဘဲ စာသင်မှုဆိုတာကတော့ ရှင်းပြဖို့ မလိုအောင်ကို ရှင်းနေ ပြီးဖြစ်တယ်လို့ ယူဆပါတယ်။ ဒုတိယ အကြောင်းပြချက်ဖြစ်တဲ့ Social Visa သက်တန်းကုန်နေလို့ ဆိုတာကိုတော့ ရှင်းပြဖို့လိုပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်မြို့လယ် ပန်းဆိုးတန်းမှာရှိတဲ့ ”လူဝင်မှုကြီးကြပ်ရေးနှင့် လူဝင်၊ လူပြန်ဝင်နှင့် နေထိုင်ခွင့်ဌာနစု” ရုံးမှာ ကျနော်ကိုယ်တိုင် သွားမေးဖူးပါတယ်။
”အကောင်းဆုံးနည်းကတော့ တရက် ၃ ဒေါ်လာနှုန်းနဲ့ ရန်ကုန်ကအထွက် လေယဉ်ကွင်း လဝကမှာ ဒဏ်ငွေဆောင်ခြင်းပါပဲ” လို့ အဲဒီရုံးတာဝန်ရှိသူတွေက ကျနော့်ကို အသေအချာ ရှင်းပြခဲ့ပါတယ်။ ဒီအတွက် ကျနော်ရဲ့ ၂၀၁၃ ခုနှစ်ခရီးစဉ်အတွင်း ၂၈ ရက်အပြင် နောက်ထပ် သတင်းတပတ် ကျော်နေထိုင်ပြီး တရက် ၃ ဒေါ်လာနဲ့ လေယာဉ်ကွင်း လဝက မှာ ဒဏ်ငွေဆောင်ခဲ့ပါတယ်။ တခြားမိတ်ဆွေ အတော်များများလည်း ဒီလိုပဲ ဒဏ်ငွေဆောင်နေထိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဦးရဲထွဋ်ရဲ့ပြောဆိုချက်ဟာ အကြောင်းပြချက်မခိုင်လုံံပါဘူး။
ဒါဖြင့် ဘာကြောင့် အခုလို ပြည်နှင်ဒဏ်ပေးလိုက်တာလဲ။ ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း ၈၈ အထင်ကရ ကျောင်းသားခေါင်းဆောင်ဟောင်း ၂ ဦးဖြစ်တဲ့ ကိုမိုးသီးဇွန်နဲ့ ကိုမိုးဟိန်းတို့ကို မြန်မာအစိုးရက အလားတူ ပြည်နှင်ဒဏ်ပေးခဲ့ဖူးပါတယ်။ ဘာကြောင့် ဒီလုပ်လုပ်နေတာလဲ။ ဒီလုပ်ရပ်တွေဟာ ပြည်တော်ပြန် တွေတင်မက နိုင်ငံရေးသမားတွေအားလုံး၊ နိုင်ငံရေးစိတ်ဝင်စားသူအားလုံး အလေးအနက် စဉ်းစားသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့တတွေ နိုင်ငံခြားရောက်နေတာ၊ နိုင်ငံခြားသားအဖြစ် ခံယူထားရတယ်ဆိုတာဟာ ပြည်ပမှာနေချင်လွန်းလို့ မဟုတ်ပါ။ ဒါဟာ ၈ လေးလုံး အ ရေးတော်ပုံနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခြေနေကြီးတခုလုံးနဲ့ ဆက်စပ်နေပါတယ်။ တချိန်တည်းမှာပဲ သက်ဆိုင်ရာ နိုင်ငံခြားအစိုးရ သံရုံးတွေကလည်း ဒါကို တခုခု အရေးယူဖို့ လိုအပ်နေပါတယ်။
နောက်တချက်က ၈ လေးလုံး အရေးတော်ပုံအတွင်း ပါဝင်ခဲ့ဖူးသူတွေထဲက ဒီပုဂ္ဂိုလ် ၃ ဦးကိုမှ ဘာ ကြောင့်ရွေးပြီး ပြည်နှင်ဒဏ်ပေးတာလဲ။ တချို့ပြည်တော်ပြန်တွေကိုဆိုရင် ပြည်နှင်ဒဏ်ပေးဖို့နေနေသာ သမ္မတရုံးအကြံပေးတွေ၊ MPC လို့လူသိများတဲ့ ငြိမ်းချမ်းရေးစင်တာမှာ လစာကောင်းကောင်းပေးပြီး တောင် ဦးသိန်းစိန် အစိုးရက ခန့်ထားလိုက်ပါသေးတယ်။ ဒီလူတွေနဲ့ ဟိုလူတွေကြားမှာ ဘာတွေကွာ နေလို့လဲ။ အစိုးရကို ဖားသူနဲ့ အစိုးရကို ဝေဖန်သူကြား ဒီလိုရပ်တည်ချက် ကွာခြားမှုအပေါ်မူတည်ပြီး ဦးသိန်းစိန်အစိုးရက ခွဲခြားဆက်ဆံနေတာလားဆိုတာဟာ ဒီနေ့ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။
နောက်တချက်က လဝက ဥပဒေအပါဝင် မြန်မာနိုင်ငံက ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေဟာ ရန်ကုန်နဲ့ နယ်မြို့တွေအကြားမှာ အတော်ကွာခြားနေတာကိုတွေ့ရပါတယ်။ သတင်းထဲမှာ ကိုမောင်မောင်ဝမ်း ရှင်းပြထားတဲ့အတိုင်း ရန်ကုန်မှာနေပြီး အင်္ဂလိပ်စာသင်ပေးစဉ်က ဘာမှပြဿနာရှာခြင်း မခံရပါ။ ရေနံချောင်းရောက်မှ အခုလိုဖြစ်တာဆိုတော့ လဝက ဥပဒေက ရန်ကုန်မှာတမျိုး၊ နယ်မှာတမျိုးလားဆိုတာဟာ မေးစရာဖြစ်လာပါတယ်။
ဒါဟာ ကိုမောင်မောင်ဝမ်းတယောက်တည်း ကြုံရတာမဟုတ်။ ကျနော်အပါဝင် နယ်မြို့တွေ၊ တောရွာ တွေမှာနေတဲ့ ပြည်တော်ပြန် အားလုံးနီးပါးရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမယ့် တချို့ပြည်တော်ပြန်တွေက နောက်တကြိမ် ပြန်ဝင်ခွင့်ဗီဇာမရမှာစိုးလို့၊ ကျေးလက်ဒေသရှိ သူတို့ရဲ့မိသားစုတွေကို အာဏာပိုင်တွေ က ပြဿနာရှာမှာစိုးလို့ ဒါတွေကို ပြန်မပြောချင်တော့ဘူးလို့ ဆိုပါတယ်။ ဒီမိုကရေစီရအောင် အသက်စွန့်တိုက်ခဲ့ဖူးတဲ့လူတွေက ဒီလိုတော့ သွေးမကြောင်သင့်ဘူးလို့ ထင်ပါတယ်။
ကျနော့်အတွေ့အကြုံကို ပြောရမယ်ဆိုရင် ရန်ကုန်မှာနေပြီး တောခိုကျောင်းသား ဘဝအတွေ့အကြုံ အကြောင်း စာအုပ်ထုတ်တာ၊ နိုင်ငံရေးပါတီရုံးခန်းတွေ သွားတာ၊ သတင်းစာရှင်းပွဲတွေ တက်တာ ဘာမှပြဿနာမရှိပါ။ ဧည့်စာရင်းလည်း တိုင်စရာမလိုပါ၊ ဘယ်ထောက်လှမ်းရေးမှလည်း လာမမေးပါ။ ဒါပေမယ့် ထားဝယ်နယ်က ကျေးလက်တောရွာဆီရောက်တာနဲ့ ထောက်လှမ်းရေးတွေ၊ ရဲတပ်ဖွဲတွေ၊ လဝက တွေက ချက်ချင်းလာမေးတော့တာပါပဲ။ ပြီးရင် ‘’၁၉၄၈ ခု နိုင်ငံခြားသားများ မှတ်ပုံတင်ရေး စည်းကမ်းဥပဒေ” ဆိုတာကိုပြပြီး မြို့နယ် လဝက ရုံးမှာ လူကိုယ်တိုင် ဧည့်စာရင်းတိုင်ရမယ်လို့ ဆိုပါတယ်။
ပြီးတော့ “ရပ်ကွက်အတွင်း တည်းခိုတဲ့ နိုင်ငံခြားသား ဧည့်စာရင်း’။ ‘ရပ်ကွက်နေအိမ် အဆောက်အအုံများတွင် တည်းခိုနေထိုင်သည့် နိုင်ငံခြားသားများနှင့် အိမ်ရှင်များ လိုက်နာရမည့် စည်းကမ်းချက်များ” ဆိုတာတွေကိုလည်း ဧည့်သည်ရော၊ အိမ်ရှင်ပါ လက်မှတ်ထိုးရမယ်လို့ ဆိုပါတယ်။
ဒါတွေဟာ တကယ့်လိုအပ်ချက်အရ လုပ်နေတာလား။ ပြည်တော်ပြန်တွေ စိတ်ညစ်ပြီး နောက်ထပ် လာချင်စိတ်ကုန်သွားအောင် အစိုးရဘက်က တမင်ဖန်တီးနေတာလားဆိုတာဟာ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။ မလာစေချင်ရင်လည်း အရင်စစ်အစိုးရခေတ်ကအတိုင်း ပေါ်လစီမပြောင်းသေးဘူးဆိုပြီး ရှင်းရှင်းပြောထားပါတော့လား။ အခုတော့ သမ္မတကိုယ်တိုင်က ပြန်လာကြပါလို့ တရားဝင်ဖိတ်ခေါ် ပြီးမှ အခုလိုလုပ်နေတာကတော့ မသင့်တော်ပါ။
သမ္မတဦးသိန်းစိန် ဘယ်လိုဖိတ်ခေါ်ခဲ့သလဲဆိုတာကို အားလုံးသိအောင်ပြန်ပြောရမယ်ဆိုရင် “ခင်ဗျားတို့တတွေ ဘယ်နိုင်ငံကိုပဲ ရောက်နေနေ၊ ခင်ဗျားတို့ အားလုံးဟာ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ ဖြစ်တယ်။ ကျွန်တော်တို့ အချင်းချင်းကြားမှာ အားလုံးတူညီချင်မှ တူညီကြပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့် နိုင်ငံကိုယ်ချစ်တဲ့ စိတ်ကတော့ တူကြပါတယ်။ ဒါကြောင့် မတူတာတွေကို ဘေးဖယ်ပြီး တူတာတွေကို တွဲလုပ်ဖို့ အချိန်တန်နေပြီ။ ပြည်ထောင်စုချစ်စိတ်ပေါ် အခြေခံပြီး ကိုယ့်နိုင်ငံအကျိုးအတွက် တဖက် တလမ်းက လက်တွဲဆောင်ရွက်ကြပါလို့ ဖိတ်ခေါ်ပါတယ်” ဆိုပြီး ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က နော်ဝေးနိုင်ငံ အော်စလိုမြို့ ပြည်ပရောက်မြန်မာတွေနဲ့ တွေ့ဆုံစဉ်မှာ သမ္မတဦးသိန်းစိန် ပြောသွားတာကို ကျနော် အသေအချာ မှတ်စုရေးထားပါတယ်။
အခုပြန်ကြားရေးဝန်ကြီးဖြစ်လာတဲ့ ဦးရဲထွဋ်၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ ဝန်ကြီး၊ ဒုဝန်ကြီးအတော် များများ အဲဒီပွဲမှာပါဝင်တဲ့အတွက် ဒါကို သူတို့ဘက်က ငြင်းမယ်မထင်ပါ။ ဒါဖြင့် ဘာကြောင့် အခုလို လုပ်လိုက်တာလဲ။ သမ္မတရဲ့ဖိတ်ခေါ်ချက်က ကာလအကန့်အသတ်ရှိလို့ အခုသက်တန်းကုန်သွားပြီလား။ အားလုံးကို တပြေးညီဖိတ်ခေါ်တာမဟုတ်ပဲ အစိုးကို ဖားတဲ့လူတွေ၊ အနည်းဆုံးအားဖြင့် အစိုးရကို မဝေဖန်တဲ့လူတွေကိုမှ လက်ခံမယ်ဆိုတဲ့သဘောထားများ ချမှတ်ထားလေသလား။
ပြည်တွင်းအင်အားစုတွေအပေါ် ဖမ်းဆီးဖိနှိပ်မှု တိုးလာနေလို့ အစိုးရရဲ့ ဒီမိုကရေစီပြုပြင်ရေးလမ်းကြောင်း နောက်ပြန်ဆုတ်နေပြီလား ဆိုပြီးမေးခွန်းထုတ်ခံနေရစဉ်မှာ အခုလို ပြည်ပက ဝင်လာသူတွေအပေါ်မှာပါ ပြည်နှင်ဒဏ်ပေးတာ၊ မိသားစုနဲ့အတူ နေထိုင်ခွင့်မရအောင် နည်းမျိုးစုံနဲ့နှောက်ယှက်လာတာ တွေဟာ နောက်ပြန်မဆုတ်ရင်တောင် ရှေ့မတိုးတော့ဘူး။ ဒီကနေ ရှေ့တဆင့်မတက်တော့ဘူးဆိုတာကို ဦးသိန်းစိန်အစိုးရက သက်သေပြနေသလားလို့သာ မေးလိုက်ချင်ပါတယ်။
စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်။