မြန်မာနိုင်ငံကို သွားမည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီအနေဖြင့် လူ့အခွင့်အရေးနှင့် ဘာသာရေး ဆိုင်ရာ လွတ် လပ်ခွင့်များနှင့်ပတ်သက်၍ မြန်မာအစိုးရအား ဖိအားပေးသင့်ကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေးအဖွဲ့(HRW) က တိုက်တွန်းလိုက်သည်။
မြန်မာနိုင်ငံ၏ စိုးရိမ်ဖွယ်အနေအထားရှိနေသော ဘာသာရေး လူမျိုးရေး ခွဲခြားမှု၊ အမုန်းပွားမှုများ ကျယ်ပြန့်လာသည့် လှုပ်ရှားမှု၊ တိုင်းရင်း သား လူမျိုးစုအရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုင်ရာများနှင့်ပတ်သက်၍ သြဂုတ် ၈ ရက်နေ့မှ ၁၀ ရက်အထိ နေပြည်တော် တွင်ကျင်းပမည့် အာဆီယံ- အမေရိကန်ဆိုင်ရာစည်းဝေးပွဲနှင့် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ် (ARF) အစည်းအဝေးများ တက်ရန် ရှိသည့် ဝန်ကြီး ဂျွန်ကယ်ရီအနေဖြင့် ဖိအားပေးသင့်သည်ဟု HRW ၏ ယနေ့ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လူ့အခွင့်အရေး ပညာပေးသူ များစွာကလည်း မြန်မာ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် နောက်ပြန်ဆွဲနေကြောင်း ပြောဆိုကြသည်ဟုလည်း HRW က ဆိုသည်။
ဂျွန်ကယ်ရီသည် သြဂုတ် ၉ ရက်၌ နေပြည်တော်သို့ ရောက်ရှိ၍ မြန်မာ အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံရန်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
HRW ၏ ထုတ်ပြန်ချက်တွင် လွန်ခဲ့သည့် နှစ်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ မြင့်တက်လာခြင်းနှင့်အတူ ဆန္ဒပြသူများအား ဖမ်း ဆီးခြင်း၊ သတင်းသမားများကို ဖမ်းဆီးတရားစွဲဆိုခြင်းများကြောင့် နိုင်ငံရေးအကျဉ်းသားများ ထပ်တိုးလာခဲ့ကြောင်းလည်း ဖော်ပြ ထားသည်။
တရားစီရင်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် အားစိုက်လုပ်ဆောင်မှုနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စအား အားဖြည့်မှုများကြောင့် အဆိုပါ ကဏ္ဍများတွင် တိုးတက်မှု အနည်းငယ်ရှိခဲ့ကြောင်းလည်း HRW က ထုတ်ပြန်ချက်တွင် ပါရှိသည်။
သို့သော်လည်း တိုင်းရင်းသား လူမျိုးစုလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာအစိုးရ စစ်တပ်တို့ စစ်ပွဲများဖြစ်ပွားသည့် ပဋိပက္ခ ဇုန်များအတွင်း အစိုးရ စစ်တပ်က အဓမ္မ မြေသိမ်းမှုများ၊ အဓမ္မပြုကျင့်မှုများကို ကျူးလွန်ကြောင်း၊ တိုက်ပွဲများလည်း တိုင်းရင်းသား လူနည်းစု ဒေသများတွင် ဆက်လက်ဖြစ်ပွားနေခဲ့ကြောင်း HRW က ဆိုသည်။
အဆိုပါ ဖြစ်ရပ်များ နှင့် ပတ်သက်ပြီး လွန်ခဲ့သည့် ဇူလိုင်လက သမ္မတ အိုဘားမား ထံပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် မီးမောင်း ထိုးပြထားကြောင်းလည်း HRW က သတိပေးထားသည်။
“အမေရိကန်က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးကိစ္စတွေနဲ့ပတ်သက်ပြီး အပေါင်းလက္ခဏာ ဆောင်တယ်လို့ သံယောင်လိုက် မှုတွေ ဆက်လုပ်နေစဉ်မှာ တကယ့် အရှိတရားက ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ဟာ ရပ်တန့်နေတာ မဟုတ်ပေမယ့် နောက်ကြောင်း ပြန်လည်လာနေတယ်”လို့ HRW ၏ အာရှဒေသရေးရာ ဒါရိုက်တာ ဘရက်ဒ် အဒမ် က ပြောသည်။
ဆက်လက်ပြီး သူက“ကယ်ရီအနေနဲ့ သူ့ရဲ့ မြန်မာ ခရီးစဉ်တွင်းမှာ ရိုဟင်ဂျာ(ဘင်္ဂါလီ) တွေနဲ့ပတ်သက်ပြီး ကန့်သတ် ဖိနှိပ်မှုတွေ၊ တိုင်းရင်းသား အုပ်စုတွေအပေါ် မြန်မာအစိုးရစစ်တပ်က အဓမ္မပြုကျင့်မှုတွေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လိုအပ်ချက် တွေ အပါအဝင် စိုးရိမ်ဖွယ်လူ့အခွင့်အရေး ပြဿနာတွေအပေါ် နက်ရှိုင်းတဲ့ သတင်းစကား ပြည်သူလူထုကို ပေးသင့်တယ်”ဟု ပြော ဆိုသည်။
မြန်မာနိုင်ငံသည် ယခု ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူနေရာ အာဆီယံ အစည်းအဝေးများကိုလည်း တာဝန်ခံ ကျင်းပပေးလျက်ရှိသည်။ လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံ အစည်းအဝေးများထဲက အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတ ဘားရက် အိုဘားမား တက်ရောက်ဖွယ် ရှိကြောင်း သိရသည်။
နိုင်ငံမဲ့ဖြစ်နေသည့် ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာများနှင့်ပတ်သက်၍လည်း အလွန်အမင်းစိုးရိမ်မှု ဖြစ်နေရသည်ကို ဂျွန်ကယ်ရီ အနေဖြင့် ထုတ်ဖော်ပြသရန်တိုက်တွန်းလိုပြီး မွတ်စလင်များအပေါ် ဗုဒ္ဓဘာသာအစွန်းရောက်များ၏ အကြမ်းဖက်တိုက်ခိုက်မှုများ၊ လူနည်းစု ကိုးကွယ်သည့် အခြား ဘာသာများအပေါ် ကန့်သတ်ပိတ်ပင်မှုများနှင့် ပတ်သက်၍လည်း ထုတ်ဖော်ပြောဆိုသင့်ကြောင်း HRW က ထောက်ပြသည်။
လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် သတ်ဖြတ်မှုများကြောင့် လူပေါင်း ၁ သိန်း ၄ သောင်း အိုးအိမ်စွန့်ခွာထွက်ပြေးရပြီး ဒုက္ခသည်များ ဖြစ်ခဲ့မှု၊ လူပေါင်း ၁ သိန်းကျော် နိုင်ငံမှ ထွက်ပြေးရမှုများအပေါ် မည်သူ ကမျှ တာဝန်ရှိ ကြောင်း ထုတ်ဖော်ပြောဆိုမှုများ မရှိဟုလည်း HRW က ဆိုသည်။
မွတ်စလင် ဆန့်ကျင်ရေး၊ အကြမ်းဖက်မှုများဖြစ်ပေါ်စေသည့် လုပ်ရပ်များနှင့်ထုတ်ပြန်မှုများ လုပ်ဆောင်နေသော ဗုဒ္ဓဘာသာ ခေါင်းဆောင်များကိုလည်း မြန်မာမအစိုးရက ထိရောက်သည့် အရေးယူမှု တစုံတရာ မလုပ်ဘဲ ရှိနေကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။
ထို့အပြင် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အသင်းကဲ့သို့ ဘာသာရေး အဖွဲ့အစည်းများ၏ တောင်းဆိုနေသည့် မျိုးစောင့် ဥပဒေကိုပင် ဥပဒေအဖြစ်ပြဋ္ဌာန်းရန် လုပ်ဆောင်နေကြောင်းလည်း ထောက်ပြသည်။
မျိုးစောင့် ဥပဒေအရ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများအနေဖြင့် ဘာသာခြားနှင့် လက်ထပ်ထိမ်းမြားခွင့်ကို ပိတ်ပင်ထားသည့် အတွက် လူ့အခွင့်အရေးလှုပ်ရှားနေသူများကလည်း ကန့်ကွက် ရှုတ်ချနေကြသည်။ ထိုကန့်ကွက်နေသူများကိုလည်း အသက်အန္တရာယ် ဖြစ်စေသော နည်းမျိုးစုံသုံး၍ ခြိမ်းခြောက်ခံနေရသည်ဟု ဆိုသည်။
မြန်မာ့ ပြုပြင်ပြောင်းလဲမှုအပေါ် အကောင်းမြင်လွန်းမှုများသည် မွတ်စလင် ဆန့်ကျင်ရေး၊ ခွဲခြားရေးနှင့် အမုန်းပွား အကြမ်းဖက် ဖြစ်စဉ်များ မြင့်မားလာစေရန် အားပေးအားမြှောက်ပြုသကဲ့သို့ဖြစ်နေကြောင်းလည်း HRW က ထောက်ပြထားသည်။
“မြန်မာအစိုးရက နိုင်ငံမှာ ဘာသာရေး ခွဲခြားကန့်သတ်မှုတွေ လှုံ့ဆော်နေတဲ့ အစွန်းရောက် ဗုဒ္ဓဘာသာဝင်တွေကို လုပ်ခွင့်ပေး နေ တာဟာ မီးနဲ့ ကစားနေတာပါပဲ”ဟု ဘရက်ဒ် အဒမ်က ဆိုသည်။
ထို့အပြင် မြန်မာအစိုးရ စစ်တပ်အနေဖြင့်လည်း ကလေးစစ်သား အသုံးပြုမှု၊ လိင်အကြမ်းဖက်မှု၊ အပြစ်မဲ့ပြည်သူများ အား သတ်ဖြတ်မှု၊ နှိပ်စက် ညှဉ်းပန်းမှုစသည့် လူ့အခွင့်အရေးများကို ချိုးဖောက်နေကြောင်း၊ ဓားမဦးချ လုပ်ကိုင် စားသောက်နေသည့် မြေ ယာ အမြောက်အများ သိမ်းဆည်းမှုကြောင့် လူအမြောက်အများ မြေမဲ့ယာမဲ့ဖြစ်စေသည့် အစိုးရစစ်တပ်၏ ကျောထောက် နောက် ခံ ပေးထားသော ခရိုနီ စီးပွားရေး လုပ်ငန်းရှင်များတွင်လည်း တာဝန်ရှိကြောင်း HRW ကြေညာချက်က ဆိုသည်။
မြန်မာအစိုးရနှင့် အစိုးရစစ်တပ်တို့မှ တိုင်းရင်းသားဒေသများရှိ ဒေသခံများအား နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များနှင့် ဖွံ့ဖြိုး ရေး အေဂျင်စီများ သွားရောက်ကူညီပေးခွင့်ကိုလည်း ကန့်သတ်ဟန့်တားမှုများ ရှိနေကြောင်း၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍဘက်တွင်လည်း လိုအပ်ချက်များစွာ ရှိနေကြောင်း HRW က ထောက်ပြသည်။
တဖက်တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် အစိုးရတို့ကြား အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆိုင်ရာ ပြောဆိုဆွေးနွေးမှုများ ရှိသော်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် လူ့အခွင့်အရေးလှုပ်ရှားသူများ နှင့် အမျိုးသမီးများ ပါဝင်ခွင့်ကို အစိုးရက ကန့်သတ်ထားကြောင်းလည်း HRW က ဆိုသည်။
ဒီမိုကရေစီနည်းလမ်းမကျသည့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင်လည်း နှောင့်နှေးကြန့်ကြာမှုများ ရှိနေသကဲ့သို့ လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ ဖြစ်ခွင့် ကန့်သတ်ပိတ်ပင်ထားသည့် ပုဒ်မကိုလည်း ပြင်ဆင်ရန် လမ်းစမမြင်သေးကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည်လည်း ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲ ရှိနေသည့် စစ်တပ်၏ ထောက်ခံမှု မရှိလျှင် ပြင်ဆင်ရန် မဖြစ်နိုင်ကြောင်း HRW က ထောက်ပြထားသည်။
“ကယ်ရီဟာ နိုင်ငံခေါင်းဆောင်တွေကို ရှင်းလင်းတဲ့ သတင်စကားပေးပြီး မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ မိတ်ဆွေတွေ၊ အခြား အလှူရှင်တွေနဲ့ လက်တွဲကာ လုပ်ငန်းတွေအကောင်အထည်ဖော်သင့်တယ်။ ရှေ့ဆက်ပြီး တကယ်လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မြန်မာတာဝန်ရှိသူတွေက ဆက် မလုပ်ရင် မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထောက်ခံမှုတွေကို ဆုံးရှုံးသွားမယ်ဆိုတဲ့ သတိပေးဖို့ လိုတယ်”ဟု ဘရက်ဒ် အဒမ်က ပြောဆိုသည်။