အာရှနိုင်ငံတွင် ငြိမ်းချမ်းရေး၊ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လုံခြုံရေး စသော ကိစ္စတွေများတွင် လှုပ်ရှား ဆောင်ရွက်နေသည့် N-peace Network အဖွဲ့အစည်းမှ ပေးအပ်သည့် Untold Story Awardees ဆုကို မွန်အမျိုးသမီး အဖွဲ့အစည်းတွင် လက်ရှိ ဒု ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်နေသည့် ဒေါ်မိခင်ကြူကြူက ရရှိခဲ့သည်။ N-peace Network သည် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အရှေ့တီမော၊ သီရိလင်္ကာ၊ အာဖဂ္ဂန်နစ္စတန်နှင့် နိပေါ နိုင်ငံတို့တွင် ရှိတဲ့ အမျိုးသမီးတွေကို ပဋိပက္ခဖြစ်ပွားမှုကို တားဆီးနိုင်ဖို့၊ ငြိမ်းချမ်းရေး တည်ဆောက်ဖို့၊ တိုးတက်ဖို့စတဲ့ လုပ်ငန်းတွေမှာ ခေါင်းဆောင် နိုင်ဖို့နှင့် အရည်အချင်းများ တိုးမြှင့်ဖို့ လုပ်ဆောင်နေသည့် အဖွဲ့အစည်းတခု ဖြစ်ပါသည်။ အဆိုပါ ဆုများ ပေးအပ်သည့် အစီအစဉ် ကို ၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အပါအဝင် ဆိုလျှင် လေးကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်း N-peace Network ဝက်ဘ်ဆိုက်တွင် ကြေညာထားသည်။
ဒေါ်မိခင်ခင်ကြူ သည် ၁၉၉၇ ခုနှစ်မှ စတင်ကာ အမျိုးသမီး အခွင့်အရေးများကို စတင်ဆောင်ရွက်ခဲ့ပြီး မွန်ပြည်နယ် အတွင်းရှိ အမျိုးသမီးများ၏ အခွင့်အရေး ရပိုင်ခွင့်များနှင့် အမျိုးသမီး ခေါင်ဆောင်မှုအပိုင်းကို ပညာပေးမှုများ လှုံ့ဆော် မှုများကို ပြုလုပ်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် နန်းဆိုင်နွမ်က ဆက်သွယ် မေးမြန်းထားသည်။
မေး။ ။ N- Peace ဆုကို ဘယ်တော့ သွားယူရမလဲ။
ဖြေ။ ။ ဆုက အောက်တိုဘာလောက်မှာ သွားယူဖြစ်မယ် ထင်ပါတယ်။ ဘန်ကောက်မှာပဲ သွားယူမှာပါ။
မေး။ ။ ဆုရတဲ့ အပေါ် ဘယ်လိုခံစားရလဲ။
ဖြေ။ ။ ကျမရတဲ့ဆုက အမျိုးသမီးအရေးကို ဆောင်ရွက်နေတဲ့ အပြင် တိုင်းရင်းသားတွေရဲ့ အရေးကိုပါ ဂရုတစိုက်နဲ့ အသိအမှတ်ပြုတယ် ဆိုတော့ ပိုပြီးတော့ ဝမ်းသာတာပေါ့။ ကျမက မွန်အမျိုးသမီး တယောက်အနေနဲ့ရော၊ အမျိုးသမီး အရေး လှုပ်ရှားသူ တယောက်အနေနဲ့ရော လူတွေအားလုံးက မြင်တဲ့အတွက် ဝမ်းသာပါတယ်။
မေး။ ။ အစ်မတို့ အဖွဲ့အစည်းက အမျိုးသမီး ကဏ္ဍမှာ ဘာတွေ လုပ်ဆောင်နေပါသလဲ။
ဖြေ။ ။ ကျမက မွန်အမျိုးသမီးအဖွဲ့မှာ လက်ရှိ တာဝန် ထမ်းဆောင်နေတာပေါ့။ အမျိုးသမီးတွေ အနေနဲ့ ဆုံးဖြတ်ချက်ချ တဲ့ နေရာမှာ ပါဝင်ဖို့နဲ့ အမျိုးသမီးတွေ ခေါင်းဆောင်မှု နေရာမှာ ပါဝင်ဖို့ အတွက်လိုက်ပြီး ပညာပေးတယ်။ စည်းရုံး လှုံ့ဆော်ပါတယ်။ အခုနောက်ပိုင်း ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အမျိုးသမီးတွေ ဦးဆောင်ပါဝင်နိုင်ဖို့ အတွက် သက်ဆိုင်ရာ အပိုင်းတွေပေါ့၊ ဥပမာ – ကျမတို့ မွန်ပြည်သစ် ပါတီနဲ့ တိုက်ရိုက် ဆက်သွယ် ပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင် ဆွေးနွေးနေတဲ့ မွန်ပြည်သစ် ပါတီက မွန်အမျိုးသမီး ခေါင်းဆောင်ကိုလည်း ဝိုင်းဝန်း ထောက်ပံ့တာတွေ လုပ်ပါတယ်။
မေး။ ။ မြန်မာပြည်မှာ အမျိုးသမီးတွေ ဘယ်လောက်အထိ ထိထိရောက်ရောက် အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ခွင့် ရလာပြီလဲ။
ဖြေ။ ။ အမျိုးသမီးတွေ ပါရမယ် ဆိုတာ ထည့်သွင်း လာတာကို တွေ့ရပါတယ်။ တကယ်တမ်း အမျိုးသမီးတွေ ပါဝင်တာကို လက်ခံယုံကြည်ပြီး အမျိုးသမီးတွေ ပါဝင်မှ ဖြစ်မယ် ဆိုတာမျိုးကို ဖြစ်စေချင်ပါတယ်။ ပြောင်းလဲ လာတာ ရှိပေမယ့် အားရကျေနပ်မှု ကတော့ မရှိပါဘူး။
မေး။ ။ တိုင်းရင်းသားဒေသမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ အတင်းအဓမ္မ လုပ်ခံရရင် ရိုးရာအရ ဖြေရှင်းကြတယ်။ ဥပဒေ ဘောင်အတွင်း လုပ်ဖို့ရော ဘယ်လိုပညာပေးမှုတွေ ရှိပါသလဲ။
ဖြေ။ ။ မတရား အနိုင်ကျင့် ခံရတဲ့ အမျိုးသမီးတွေ၊ အဓမ္မ ကျင့်ခံရတဲ့ အမျိုးသမီးတွေကို ကာကွယ်ဖို့အတွက် ကျမတို့ ဝိုင်းဝန်းပြီး လုပ်ဆောင်နေပါတယ်။ ကျမတို့ ဘက်က ပိုက်ဆံရှိလို့ ဘတ်ဂျက် ရှိလို့ လုပ်နေတာ မဟုတ်ပါဘူး။ ကျမတို့ လုပ်ကို လုပ်ရမယ်ဆိုတဲ့ စိတ်နဲ့ လုပ်တာပါ။ သူတို့ကို အဲဒီလိုမျိုးမဖြစ်အောင်၊ ပြီးတော့ ဖြစ်လာရင်တောင် အမျိုးသမီးတွေ အမှားမဟုတ်ဘူး ဆိုတာကို သူတို့တတွေ လက်ခံလာအောင် ကျမတို့ ရှင်းရမှာလဲ ရှိပါတယ်။ ကျမတို့ပြောတဲ့ တရား ဥပဒေအရ ဖြစ်လာနိုင်အောင် ပံ့ပိုးပေးရမှာလေ။ ဖြစ်နေတဲ့ ကိစ္စက တကယ်ဆင်းရဲတဲ့ လူတန်းစားက ပိုပြီး ဖိနှိပ်ခံရတယ်။ ပိုက်ဆံ ရှိတဲ့သူတွေက အဲဒီလိုပြဿနာတွေကို မကြုံရဘူး။ ပိုက်ဆံမရှိတော့ သက်ဆိုင်တဲ့ နေရာကို သွားပြီး တရား မစွဲနိုင်ရတဲ့အပြင် ဒီအတိုင်းထားလိုက်လို့ မရပါဘူး။ ကျမတို့က ငြိမ်နေလို့မရဘူး လုပ်ရအောင် ကျမတို့က ဝိုင်းဝန်းပြီး လုပ်ပေးမယ်ဆိုတာ ပညာပေးတာပဲ ရှိပါတယ်။ တချို့ကတော့ လက်မခံဘူး၊ ဒါပေမယ့် တခြားဘက်ကနေ ပိုက်ဆံ ပေးတော့ အဆင်မပြေတဲ့ သူတွေက ပိုက်ဆံယူတာပေါ့။ ပိုက်ဆံရတော့ ငြိမ်သွားတာ ရှိတာပေါ့။ ကျမတို့ စဉ်းစားစရာတွေ အများကြီးပေါ့။
မေး။ ။ တိုင်းရင်းသား ဒေသတွေမှာ အများဖြစ်တဲ့ အဓမ္မမှုတွေ စစ်တပ်က ဒေသခံ အမျိုးသမီးတွေ အပေါ် ကျူးလွန်တာ ရှိတယ်လို့ ပြောကြတယ်။ အစ်မ အနေနဲ့ရော စစ်တပ်နဲ့ ညှိနှိုင်း ဆွေးနွေးတာမျိုး လုပ်ဖူးပါသလား။
ဖြေ။ ။ ကျမအနေနဲ့ ဘယ်လို ပြောရမှန်းတောင် မသိေတော့ဘူး။ ကျမတို့ အနေနဲ့ကတော့ ဆွေးနွေးလို့ မရဘူး။ ဘာလို့လဲ ဆိုတော့ ကျမတို့မှာ ပါဝါရှိမနေဘူး။ ဒါပေမယ့် အဖွဲ့ပေါင်းစုံ ပါတဲ့ Women network အနေနဲ့ ကျမတို့ မွန်ပြည်နယ်မှာ လူတွေစုပြီးတော့ Gender ကိစ္စတွေ လုပ်ရင် သက်ဆိုင်ရာ တာဝန်ရှိတဲ့ ရဲအရာရှိတွေနဲ့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် အခုထိ ရဲတွေနဲ့ ပူးပေါင်း လုပ်ဆောင်တာမျိုး မရှိသေးပါဘူး။ စစ်တပ် ဘက်ကိုတော့ ကျမတို့ ညှိနိုင်ရင် လုပ်နိုင်သွားမှာပေါ့။
မေး။ ။ N – Peace ဆုက အစ်မ လုပ်နေတဲ့ အမျိုးသမီးကဏ္ဍတွေ အတွက် ဘယ်လောက် အကျိုးပြုမယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ကျမကတော့ အရည်အချင်း ရှိတယ်ဆိုရင် အရည်အချင်းကို ပေးတာပဲ လိုချင်ပါတယ်။ ဆုရတဲ့အခါတော့ ကျမတို့ နိုင်ငံအနေနဲ့ အောင်လက်မှတ် တခုအနေနဲ့ ဖြစ်သွားတာပေါ့။ ပြီးတော့ တံတားတစ်စင်း၊ လှေကား တထစ်အနေနဲ့ အသုံးချလို့ ရမယ်လို့ ထင်ပါတယ်။ ကျမတို့ ဥပဒေ ရေးရာမှာ ဘယ်လောက်အထိ ဆွေးနွေးနိုင်မယ် ဆိုတာကို ကျမတော့ သိပ်မသိဘူး။ ပြည်သူတွေကို လှုံ့ဆော်ပေးတဲ့ နေရာမှာတော့ ကျမတို့ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ N-Peace ဆုအနေနဲ့ ဘယ်နှဆု ပေးပါသလဲ။
ဖြေ။ ။ N-Peace အနေနဲ့ လေးဆု ပေးပါတယ်။ တဆုနဲ့ တဆု မတူဘူး။ ခေါင်းစဉ်လည်း မတူဘူး။ ကျမက Untold Story Award ရတာပါ။ အဲဒီမှာ ငါးယောက် ရပါတယ်။ မြန်မာအနေနဲ့ ကျမပါ။ ပြီးတော့ နိပေါနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံ၊ ပါစ္စတန် နိုင်ငံနဲ့ အာဖကန် နစ္စတန် နိုင်ငံပါ။ တခြားဆုကတော့ မသိသေးပါဘူး။
မေး။ ။ N-Peace ဆုရတဲ့ အမျိုးသမီး တယောက်အနေနဲ့ တခြား အမျိုးသမီးတွေကို ဘာတွေပြောချင်ပါသလဲ။
ဖြေ။ ။ ဒီဆုရတာက ကျမ တယောက်တည်း တော်လို့ မဟုတ်ပါဘူး ဆိုတာ ယုံကြည်ပါတယ်။ ကွန်ရက် ချိတ်ဆက်ပြီး လုပ်ဆောင်တာတွေ၊ မွန် အမျိုးသမီးတွေကို ချိတ်ဆက် လုပ်ဆောင်တာတွေ ကျမတို့ ပြည်သူလူထုထဲမှာ ကျမ အရည်အချင်းကို ယုံကြည်တဲ့ သူတွေမရှိရင် ကျမ ဒီဆုကို ရနိုင်မယ်လို့ မထင်ပါဘူး။ ကျမ ပြောချင်တာကတော့ ကွန်ရက် ချိတ်ဆက်ပြီး လုပ်ဆောင်ဖို့ လိုပါတယ်။ ပြီးတော့ ကျမတို့ လုပ်ဆောင်တာကို ထောက်ခံတဲ့ သူတွေလည်း လိုပါတယ်။ လုပ်ငန်းတွေ လုပ်နေတဲ့သူ အချင်းချင်း အဖွဲ့တဖွဲ့နဲ့တဖွဲ့ ကြားမှာလည်း ပွင့်လင်းမြင်သာတဲ့ ဆက်ဆံမှု လုပ်ငန်းစဉ် နှီးနှောဖလှယ်ဖို့ လိုပါတယ်။ နောက်ဆုံးအနေနဲ့ ကျမတို့ ကျရာ တာဝန်ကို စိတ်ဓာတ် သနိ္နဌာန်ချပြီး လုပ်ဆောင်ဖို့ လိုပါတယ်။
မေး။ ။ မြန်မာနိုင်ငံရဲ့ လွှတ်တော်အမတ်တွေမှာ အမျိုးသမီး ပါဝင်မှု နည်းပါးနေတာကို တွေ့ရပါတယ်။ ဒါကြောင့် အမျိုးသမီး တယောက်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မွန်အမျိုးသမီး တယောက်အနေနဲ့ ပါဝင် ယှဉ်ပြိုင်ဖို့ရော စီစဉ်ထား ပါသလား။
ဖြေ။ ။ ကျမမှာ အစီအစဉ် မရှိပါဘူး။