လူတယောက်ဟာ သူ့ရဲ့ ဦးနှောက် အသိဉာဏ် စွမ်းအားကို ဘယ်နှရာခိုင်နှုန်းအထိ အသုံးချပါသလဲ။ ဒီလိုမေးခွန်းကို ကျမ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး ထင်ပါရဲ့။ ကျမ အထင်ကတော့ ကျမတို့ လုပ်သမျှ ကိုင်သမျှဟာ အသိဉာဏ်အစွမ်း ပမာဏ ရှိသမျှအကုန်ပါပဲ။ ဒါပေမယ့် တကယ့်တကယ် မှာတော့ လူတွေဟာ ဦးနှောက်အသိဉာဏ် စွမ်းအားရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကိုသာ သုံးတယ်လို့ အဆိုတခု ရှိပါသတဲ့။ ဒါနဲ့ပဲ ကမ္ဘာဟာ ဒီနေ့ ခေတ်အခါအထိ အဆင့်ဆင့်ပြောင်းလဲခဲ့ပြီ။ အကယ်၍ တယောက်ယောက်ကများ ၁၀၀ ရာခိုင်နှုန်း အသုံးပြုနိုင် ခဲ့ပြီဆိုပါစို့၊ ဘာတွေများ ဖြစ်လာမှာပါလိမ့်။
မဖြစ်နိုင်ဘူးလို့ ဆိုစရာရှိတာတွေကို ရုပ်ရှင်တွေမှာ၊ အထူးသဖြင့် သိပ္ပံဆန်းကြယ်၊ စွန့်စားခန်း ရုပ်ရှင်တွေမှာ ကြည့်ကြရတဲ့အခါတော့ အဲဒီ တနာရီခွဲ၊ နှစ်နာရီစာ အတွင်း တကယ့်အရှိတရားတွေကို ကျမတို့ မေ့လျော့ကြရပါတယ်။ ကြည့်ရသမျှ ဇာတ်ဝင်ခန်း မြင်ကွင်းအဆန်းက မဖြစ်နိုင်ပါဘူးဆိုတဲ့ အသိကိုတောင် တဒင်္ဂ မေ့လျော့အောင် ဆွဲဆောင်နိုင်ပါရဲ့။ အဲဒီလို ဆွဲဆောင်နိုင်တဲ့ ရုပ်ရှင်တွေထဲ Lucy လည်း ပါပါတယ်။
Lucy ဟာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ကမှ ရုံတင်ပြသတဲ့ ရုပ်ရှင်ဇာတ်ကားသစ်ပါ။ ပြင်သစ်နိုင်ငံက ထုတ်လုပ်တဲ့ အင်္ဂလိပ်ဘာသာ စကားပြော အက်ရှင် ဇာတ်ကားဖြစ်ပါတယ်။ မြန်မာပြည်သူတွေအကြား ထင်ရှားခဲ့တဲ့ “The Lady” ဇာတ်ကားကို ရိုက်ကူးခဲ့သူ ပြင်သစ် စာရေးဆရာ ဒါရိုက်တာ Luc Besson ရဲ့လက်ရာလည်း ဖြစ်ပါတယ်။ အဓိကဇာတ်ဆောင် လူစီအဖြစ် ညှို့အားပြင်း မင်းသမီးချော စကား လက်ဂျိုဟန်ဆန်ကို အသွင်သစ်နဲ့ မြင်ကြရပါတယ်။ ပရော်ဖက်ဆာ နော်မန်အဖြစ် မော်ဂန်ဖရီးမင်းက အကောင်းဆုံး ပံ့ပိုးပေးထားသလို ပြင်သစ်ရဲ ဒယ်လ်ရီယိုအဖြစ် Amr Waked ၊ ဆေးဝါးဖြန့်ဖြူးသူ မစ္စတာဂျန်အဖြစ် ကိုရီးယားသရုပ်ဆောင် Choi Min-sik တို့ ပါဝင်ထားတာပါ။
စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အစွမ်းမြင့်မားတဲ့ အမျိုးသမီးငယ်လေး လူစီဟာ ကနဦးတုန်းကတော့ သူလိုကိုယ်လို သာမန်မိန်းမပျိုလေးပါပဲ။ ထိုင်ဝမ်မှာ ပညာသင်ကြားနေတဲ့ မိန်းမချောလေးဟာ အမျိုးသားမိတ်ဆွေ ရစ်ချတ်ရဲ့ လှည့်ကွက်ကြား ရှောင်မရ တိမ်းမရဘဲ ရောက်သွား ရင်းက မမျှော်လင့်ခဲ့တဲ့ အဖြစ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့တာ ဆိုပါတော့။ ဇာတ်လမ်း စဖွင့်တယ်ဆိုရင်ပဲ လူစီ့ကို လက်ဆွဲသေတ္တာ လေးတလုံး ရစ်ချတ်က အတင်းအကျပ် အပို့ခိုင်းတဲ့မြင်ကွင်းကို မြင်ရပါတယ်။ အထဲမှာ ဘာပါတယ်ဆိုတာတောင် လူစီ သိခွင့်မရပါဘူး။ အတန်တန် ငြင်းတဲ့ လူစီနဲ့ မဖြစ်ဖြစ်အောင် ခိုင်းစေတဲ့ ရစ်ချတ်တို့ရဲ့ ဇာတ်ဝင်ခန်းကို ကျားရဲ၊ သားသမင်တို့ရဲ့ နိမိတ်ပုံပြကွက်နဲ့ တစ်ကွက်ချင်း ချိတ်ပြသွားတာ အင်မတန်လှပါတယ်။ ဘာဖြစ်တော့မယ် ဆိုတာ ရိပ်မိနေသလိုပဲ ဘာများ ထပ်ဖြစ်ဦးမှာပါလိမ့် လို့လည်း သိချင် စိတ်ကို နှိုးဆွနိုင်ပါတယ်။
ဒါနဲ့ပဲ လူစီဟာ မစ္စတာဂျန် ဆီကို လက်ဆွဲသေတ္တာလေး ပို့ဖို့အတွက် ဟိုတယ်ထဲ ဝင်ခဲ့ရပါရော။ မစ္စတာ ဂျန်နဲ့ တွေ့ခွင့်တောင်းပါရော။ ရစ်ချတ်ကတော့ အပြင်ဘက်မှာ စောင့်လို့။ မစ္စတာ ဂျန်ရဲ့ လူတွေ ထွက်လာချိန်မှာတော့ ရစ်ချတ်ဟာ သေနတ်နဲ့အပစ်ခံလိုက်ရပါတယ်။ အဖြစ်အပျက်တွေက မြန်လှတယ်။ လူစီ ကြောက်လန့်လို့ ဘယ်လိုပဲ ငြင်းဆန်ငြင်းဆန် အဖမ်းခံလိုက်ရ ပါတော့တယ်။ မစ္စတာ ဂျန်ရဲ့ အခန်းထဲ ရောက်ချိန်ကတော့ လူစီ့အတွက် သွေးပျက်စရာ အကောင်းဆုံးပါပဲ။ လောလောလတ်လတ် သတ်ထားတဲ့ လူတွေရဲ့ သွေးသံရဲ ရဲမြင်ကွင်း၊ သွေးတွေ စွန်းပေနေသေးတဲ့ မစ္စတာဂျန်ရဲ့ လက်၊ မျက်နှာ။ မျက်ရည်တွေတွေ ကျလို့ တောင်းပန်တာတောင်မှပဲ လက်ဆွဲသေတ္တာ လေးရဲ့ လျှို့ဝှက် ကုတ်နံပါတ်ကို သူ့ကိုသာ အဖွင့်ခိုင်းပါတယ်။ လူစီ အထိတ်တလန့်နဲ့ ကုတ်နံပါတ်တွေ ဖွင့်နေတဲ့အခိုက် အခန်းထဲရှိသမျှ အမျိုးသားအားလုံး အကာအကွယ်ယူကြတဲ့ ဇာတ်ဝင်ခန်းကတော့ ပြုံးချင်စရာပါ။
အထဲမှာတော့ အိတ်လေးခု။ CPH4 လို့ခေါ်တဲ့ ဥရောပကို သယ်ဆောင် ရောင်းချဖို့ ဆေးဝါးတွေပါ။ ခရမ်းပြာရောင် အဆင်းနဲ့ လှပတဲ့ ဆေးဝါးတွေက ဇာတ်ရဲ့အဓိကအပိုင်းကနေ ပါဝင်လာပါတော့တယ်။ လူစီဟာ CPH4 အိတ်တအိတ် ဝမ်းဗိုက်ထဲကို အဓမ္မ အထည့်ခံရပါတယ်။ သူတင်မကဘူး။ နောက်ထပ် အမျိုးသား သုံးယောက်လည်း ထပ်တူပါပဲ။ သူတို့တတွေဟာ ဒီ CPH4 တွေကို ဥရောပကို သယ်ပေးရမှာပါ။
ဒီနေရာမှာ ကံကြမ္မာက လူစီ့ကို တမျိုးတဖုံ ချိုးကွေ့တဲ့လမ်းကြောင်းပေါ် ပို့လိုက်ပါတယ်။ ဝမ်းဗိုက်ကို အကန်ခံလိုက်တာဟာ လူစီ့အသွေး အသားထဲ ဆေးဝါးတွေ ပျံ့နှံ့သွားဖို့ ဖြစ်လာတာပါပဲ။ CPH4 ဟာ လူစီ့ကို သာမန်လူတွေထက် ထူးခြားတဲ့ဘဝကို ပို့လိုက်ပါပြီ။ အသိဉာဏ်စွမ်း အား ၂၀ ရာခိုင်နှုန်း။ ဖမ်းဆီးထားသူတွေကို သတ်ပြီး လွတ်မြောက်လာပြီ။ အနီးဆုံး ဆေးရုံကို အရောက်သွားလို့ ဝမ်းဗိုက်ကို ချုပ်ပါတယ်။ မိခင်ဆီ ဖုန်းဆက်သွယ်ပြောဆိုရင်း လူစီ မျက်ရည်ကျပါတယ်။ လူသာမန်လို ခံစားမှု ရှိနေသေးတဲ့သဘောပါပဲ။
သူ့ဘ၀ ပြောင်းခဲ့ပြီ။ သူ့လိုပဲ တခြားလူသုံးဦးဆီမှာရှိနေတဲ့ CPH4 ကို အရယူရတော့မယ် ဆိုတာ လူစီနားလည်လာခဲ့ပါတယ်။ မစ္စတာ ဂျန် ရှိရာဆီ ပြန်သွားပြီး အဲဒီသူတွေ ဘယ်မှာ ရှိသလဲဆိုတာကို မှတ်ဉာဏ်က တဆင့် ပြန်ရှာပါတယ်။ မစ္စတာ ဂျန်ရဲ့ ဦးခေါင်းကို လက်နဲ့ ထောက်ဖိပြီး မှတ်ဉာဏ်ထဲက ပြန်ရှာယူတာက စိတ်ဝင်စားစရာ ဇာတ်ကွက်ပါ။ ဆေးဝါး သယ်ဆောင်သူသုံးဦးဟာ ဘာလင်၊ ပါရီ၊ ရောမကို သွားကြမယ် ဆိုတာ သူသိရပါပြီ။
အဲဒီအချိန်မှာ ပရော်ဖက်ဆာ နော်မန်ကတော့ ပြင်သစ်နိုင်ငံ ပါရီမှာ အသိဉာဏ်စွမ်းအား ၁၀ ရာခိုင်နှုန်း သီအိုရီဆိုင်ရာ လက်ချာတခုပေးနေ ပါတယ်။ လူ့ယဉ်ကျေးမှု အဆင့်ဆင့် ပြောင်းလဲမှု ဆင့်ကဲဖြစ်စဉ် ပြကွက်တွေ၊ လူစီရဲ့ သိလိုစိတ်ပြင်းပြရှာဖွေမှု စသည်ဖြင့် တကွက်ချင်း ချိတ်ဆက် ပြသတာတွေ။ လူစီက သူ့ကို ကူညီနိုင်မယ့်သူဖြစ်တဲ့ ပရော်ဖက်ဆာ နော်မန်ကို ဆက်သွယ်ရပါတယ်။
ပြင်သစ်နိုင်ငံ ပါရီကို လေယာဉ်ခရီးနဲ့ လူစီ သွားရာမှာတော့ သူ့ခန္ဓာဟာ တစ်မျိုး ပြောင်းလဲလာတာမို့ CPH4 ကို ခပ်မြန်မြန် အသုံးပြုရပါတယ်။ ပါရီမှာတော့ ရဲမှူး ဒယ်လ်ရီယိုကို ဆက်သွယ် အကူအညီတောင်းရတယ်။ ဆေးဝါး သယ်လာသူတွေကို တဦးချင်း ဖမ်းမိနိုင်ပြီး ဆေးအိတ်တွေ ထုတ်နေတုန်းမှာပဲ မစ္စတာ ဂျန်ရဲ့အဖွဲ့ကလည်း ဒီဆေးအိတ်တွေကို ပြန်ရယူဖို့ ကြိုးစားလာတော့ နှစ်ဘက် ထိပ်တိုက် တွေ့ကြပါတယ်။ လူစီရဲ့ ထူးကဲစွမ်းအားတွေကို ပြည့်ပြည့်၀၀ မြင်ကြရတဲ့ ဇာတ်ဝင်ခန်းတွေလည်း ဖြစ်ပါတယ်။
လူစီရဲ့ စွမ်းရည်ကလည်း တဖြည်းဖြည်း မြင့်လာနေပြီ။ ရာခိုင်နှုန်းက တရိပ်ရိပ် တက်လာတယ်။ လူစီဟာ အချိန်ကာလ၊ နေရာဒေသတွေကို အလျင်မဆိုင်း သွားလာနိုင်ပြီ။ လူက မတ်မတ်ထိုင်နေရင်းက မြင်ကွင်းတွေ တရိပ်ရိပ်ပြောင်းတော့တာ၊ ခေတ်တခုချင်း ပြောင်းလဲလာတာ..။ ပရော်ဖက်ဆာ နော်မန်ရဲ့ ဓာတ်ခွဲခန်းဟာ လူစီ့ကို အားလုံး နောက်ဆုံး တွေ့လိုက်ရတဲ့နေရာပါပဲ။ Lucy ရဲ့ နောက်ဆုံး ဇာတ်ဝင်ခန်း။ လူစီဟာ နောက်ဆုံးလက်ကျန် CPH4 တွေကို သူ့ခန္ဓာထဲ သွင်းစေပါတယ်။ အဲဒီနောက်မှာတော့ လူစီ့ခန္ဓာက ဖြာစိမ့်လာတဲ့ အနက်ရောင် အရိပ်လှိုင်း။ ဓာတ်ခွဲခန်းထဲက ရှိသမျှ ပစ္စည်းအားလုံးကို နွယ်တက်ပျံ့နှံ့ပါပြီ။ မစ္စတာ ဂျန် ဝင်လာတဲ့အချိန်မှာတော့ အနက်ရောင်လှိုင်းဟာ လူစီ့ကို တဖြည်း ဖြည်း အုပ်မိုးလာပြီ။ လည်ပင်း၊ နောက် နှုတ်ခမ်း၊ နှာခေါင်း။ ၉၉ ရာခိုင်နှုန်း…။
လူစီ့ခေါင်း တည့်တည့်ကို မစ္စတာ ဂျန်က သေနတ်နဲ့ အပစ် လူစီကလည်း အပျောက်ပါပဲ။ တကယ့်ကို ပျောက်ချင်းမလှ။ ကျန်ရစ်ခဲ့တာ ကတော့ အနက်ရောင် ဝတ်စုံတစုံ၊ ဖိနပ် တရံ။ အနက်ရောင် အရိပ်လှိုင်းနဲ့ ဖန်တီးခဲ့တဲ့ စူပါ ကွန်ပျူတာကတော့ ပရော်ဖက်ဆာ နော်မန်ရဲ့ လက်ထဲ Flash Drive တခု ထည့်ပေးပါတယ်။ ပရော်ဖက်ဆာ နော်မန်က ပြုံးလို့။ လူစီ ဘယ်မှာလဲ။ မစ္စတာ ဂျန်ကို သတ်လိုက်ရတဲ့ ဒယ်လ်ရီယိုရဲ့ မေးခွန်းကို ပရော်ဖက်ဆာ နော်မန်က ဖြေစရာမလိုလိုက်ဘူး၊ ဒယ်လ်ရီယိုရဲ့ ဖုန်းကို ဝင်လာတဲ့ စာတိုက “နေရာတိုင်းမှာ ငါရှိပါတယ်” တဲ့။
Lucy ရဲ့ ဇာတ်သိမ်းဟာ ပဟေဠိဆန်ဆန်ပါပဲ။ ဖြန့်ကျက်တွေးချင်ရင် အတွေးမျှင် ရှည်သလောက် တွေးလို့ရနိုင်တယ်လို့ ကျမ မြင်ပါတယ်။ Lucy ဟာ ဇာတ်လမ်းဇာတ်အိမ်ပေါ် အခြေမပြုဘူး။ ဇာတ်လမ်းရယ်လို့ ပြောလောက်စရာမရှိဘူး ဆိုနိုင်ပေမယ့် ဇာတ်လမ်း အစအလယ်အဆုံး ကြည့်ရှုသူကို ဆွဲခေါ်သွားနိုင်ပါတယ်။ Time မဂ္ဂဇင်းကတော့ Lucy ဟာ နွေရာသီရဲ့ စမတ်အဖြစ်ဆုံး အက်ရှင်ဇာတ်ကားလို့ ဆိုပါတယ်။
မူလက Lucy ကို အိန်ဂျလီနာဂျိုလီနဲ့ ရိုက်ကူးဖို့ပါပဲ။ နောက်တော့မှ စကားလက်ဂျိုဟန်ဆန် ပါဝင်ရိုက်ကူးဖို့ဖြစ်လာတာပါ။ ဆွဲဆောင်မှုရှိတဲ့ အလှတရားပိုင်ရှင် မင်းသမီးက လူစီ ဇာတ်ရုပ်နဲ့လည်း တထပ်တည်းကျခဲ့ပါတယ်။
ရုပ်ရှင်နဲ့ပတ်သက်ပြီး ဝေဖန်သူတွေ အဓိက ဦးတည်ပြောဆို ခဲ့တာကတော့ ဦးနှောက် အသိဉာဏ်စွမ်းအား ၁၀ ရာခိုင်နှုန်းနဲ့ ပတ်သက်လို့ပါ။ ထောက်ပြစရာ လိုအပ်ချက်တွေ ရှိတယ်လို့ ဘယ်လိုပဲပြောပြော ကျမတို့လို ရုပ်ရှင်ကြည့် ပရိသတ်တွေ အတွက်တော့ ကြည့်ရှုချိန် ၈၉ မိနစ် အတွင်း ကမ္ဘာသစ်တခုဆီ Lucy က ခေါ်သွားနိုင်တယ်လို့ပဲ ဆိုပါရစေ။