ရခိုင်ပြည်နယ် မြေပုံမြို့နယ် အတွင်းရှိ ဘင်္ဂါလီများအား နိုင်ငံသားလျှောက်ထားခွင့် ဆောင်ရွက်ပေးလျက်ရှိရာ လူ ၁၀၀၀ ကျော် လျှောက်ထားပြီး ဖြစ်ကြောင်း သိရသည်။
လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက“မြို့နယ်အဆင့် စိစစ်ရေး ကော်မတီက စစ်ဆေးနေတာ ဆယ်ဂဏန်းလောက် ပြီးပါပြီ၊ ပြီးရင် ဗဟိုအထိ အဆင့်ဆင့် စိစစ်ပြီးမှ နိုင်ငံသား ဖြစ်ထိုက် မဖြစ်ထိုက် ဆုံးဖြတ်ပေးမှာပေါ့၊ ဒါပေမယ့် အဲဒီအဆင့်က ဘယ်အချိန်မှာ ပြီးမယ်ဆိုတာတော့ မသိသေးပါဘူး”ဟု ဧရာဝတီကို ပြောသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကော်မတီ၊ ပြည်နယ်၊ တိုင်း အဆင့်ဆင့် စိစစ်ပြီးပါက ဗဟိုအဆင့်က ထပ်မံ စိစစ်ဆုံးဖြတ် မည် ဖြစ်ကြောင်း၊ လျှောက်ထားရာ၌ ပြဌာန်းထားသည့် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေပါ လုပ်ထုံးလုပ်နည်းများ အတိုင်း ဆောင်ရွက် နေကြောင်း သိရသည်။
“သြဂုတ်လ ၅ ရက်က စတင် စစ်တာပါ။ ပြည်ထောင်စု အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားတဲ့ မြို့နယ် နိုင်ငံသားစိစစ်ရေး ဘုတ်အဖွဲ့က စစ်တာ။ ၅ ရက်နေ့မှာ ကျား ၇ ၊ မ ၃ ၊ ပေါင်း ၁၀ ဦး၊ ၆ ရက်နေ့မှာ ကျား ၁၁ ဦး၊ မ ၂ ဦး၊ ပေါင်း ၁၃ ဦး၊ ဒီနေ့ မနက်ပိုင်းအထိ ၁၁ ဦး ပြီးသွားပါပြီ။ အခု လာလျှောက်ထားတဲ့သူက ၁၀၉၄ ဦး ပါ။ ကျနော်တို့က လျှောက်ထားတာကို ဆက်လက် လက်ခံနေပါတယ်”ဟု မြေပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန(လဝက) ဦးစီးမှုး ဦးခင်စိုးက ဧရာဝတီကို ပြောသည်။
ဆက်လက်ပြီး ၎င်းက“နိုင်ငံသား ဖြစ်ခွင့်မှာ သက်သေ အထောက်အထားတွေနဲ့ မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေအတိုင်း စိစစ်ပြီး တွေ့ရှိချက်တွေကို ပြည်နယ်အဆင့်ကို တင်မယ်၊ ပြည်နယ်ကလည်း ဗဟိုကိုဆက်တင်ပါ့မယ်။ ဗဟိုရုံးချုပ်က ဥပဒေပညာရှင် တွေ နဲ့ စစ်ပြီးတော့မှ ကျနော်တို့ဆီကို ဘယ်သူ့ကို နိုင်ငံသားဖြစ်ခွင့် ပေးရမယ်ဆိုမှ ကျနော်တို့က နိုင်ငံသားကတ်ပြားကို ထုတ်ပေးမှာပါ။ အခုက စိစစ်တဲ့ အဆင့်ပဲ ရှိသေးတယ်”ဟု ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများအား နိုင်ငံသားဖြစ်မှု လျှောက်ထားခြင်း လုပ်ငန်းစဉ်ကို မြေပုံမြို့နယ်၌ ကနဦးအဖြစ် ပြီးခဲ့သည့်လက စတင်စမ်းသပ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တခြားမြို့နယ်များ၌ မည်သည့်အချိန် စတင်မည်ကို တိတိကျကျ မသိရသေးသော်လည်း လျှောက်ထားလိုသူများက အကြောင်းကြားဖိတ်ခေါ်ပါက ဆောင်ရွက်ပေးမည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း ပြောသည်။
နိုင်ငံသား စိစစ်ရေး ကော်မတီတွင် မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး မြို့နယ် လဝက ဦးစီးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့ အကြီးအကဲ၊ မြို့နယ် ဥပဒေ အရာရှိ၊ ရခိုင် ရပ်မိရပ်ဖများနှင့် ဘင်္ဂါလီ ရပ်မိရပ်ဖများ ပါဝင်ကြောင်း သိရသည်။
၁၉၈၂ နိုင်ငံသား ဖြစ်မှု ဥပဒေတွင် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် မတိုင်မီ နိုင်ငံအတွင်း ရောက်ရှိနေထိုင်သူများမှ နိုင်ငံတွင်း၌ မွေးဖွားသည့် သားသမီးများသည် နိုင်ငံသား လျှောက်ထားနိုင်သည်ဟု ပြဌာန်းထားသည်။
ထို ၁၉၈၂ ဥပဒေတွင် မြန်မာနိုင်ငံ၏ နယ်မြေတခုခု၌ ၁၈၂၃ ခုနှစ် (မြန်မာ သက္ကရာဇ် ၁၁၈၅ ခုနှစ်) မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံ အဖြစ် အမြဲနေထိုင်ခဲ့ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် သာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း ပြဌာန်းထားသည်။
အကယ်ဤ နိုင်ငံသား ဖြစ်ခွင့်ပြု ခံရသူ မိဘနှစ်ပါးအနက် တဦးဦးသည် နိုင်ငံသားအဖြစ် ဆုံးရှှုံးလျှင် အသက် ၁၈ နှစ်မပြည့်သေးသူ သားသမီးနှင့် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား ကတိသစ္စာမပြုရသေးသူ သားသမီးများသည် နိုင်ငံသားဖြစ်ခွင့်မှ ရပ်စဲခံရမည် ဖြစ်ကြောင်း ဥပဒေက ဆိုထားသည်။
နိုင်ငံသား လျှောက်ထားသူသည် နိုင်ငံ၏ တရားဝင် အသိအမှတ်ပြုထားသည့် လူမျိုးတခုခု စာရင်းတွင် ပါဝင်ရမည်ဖြစ်ပြီး တိုင်းရင်း သား ဘာသာစကား တခုခုကို ပြောဆို တတ်ရမည်ဟုလည်း သတ်မှတ်ထားသည်။ သို့သော် ရခိုင်ဒေသရှိ တချို့သော ဘင်္ဂါလီများသည် ရခိုင်စကားကိုပင် နားမလည်ကြောင်း၊ မြန်မာနိုင်ငံ၏ သမ္မတ မည်သူ ဖြစ်သည်ဆိုသည်ကို မသိရှိကြကြောင်း သိရသည်။
ဦးမောင်မောင်သန်းက“လျှောက်ထားတဲ့ သူတွေက သူတို့ကိုယ်တိုင် ဘင်္ဂါလီပါဆိုပြီး လျှောက်တာပါ၊ ကျနော်တို့ကလည်း လဝက ကရော၊ နိုင်ငံတော်ကပါ သတ်မှတ်ထားတဲ့၊ သူတို့ကို ပေးထားတဲ့ ကတ်ပြားတွေ၊ အိမ်ထောင်စု စာရင်းတွေမှာလည်း ဘင်္ဂါလီ အမည်နဲ့ပဲ ရှိတော့ အဲဒီ နာမည်နဲ့ပဲ လက်ခံတာပါ”ဟု ပြောပြသည်။
မြေပုံမြို့နယ်၌ ဘင်္ဂါလီ အမည်ဖြင့် နိုင်ငံသား လျှောက်ထားကြသော်လည်း မောင်တော ဒေသ၌ လျှောက်ထားသူ နည်းပါးနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဘင်္ဂါလီ လူမျိုးဟု ပြောပါက အသတ်ခံရမည်ဟု ခြိမ်းခြောက်မှုများ ရှိနေကြောင်း၊ ရိုဟင်ဂျာဟု ပြော ဆိုရန် ဖိအားပေး ခံရမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။
“ကျနော်တို့က ဒီဒေသမှာ နေလာတာ ကြာပါပြီ၊ ဘင်္ဂါလီနာမည်နဲ့ လျှောက်ဆိုလည်း လျှောက်ထားမှာပါ၊ ဘယ်မှ သွားလာလို့ မရတော့ နိုင်ငံသား ဖြစ်ချင်တယ်၊ ဘင်္ဂါလီ လူမျိုးလို့ပြောရင် သတ်မယ်လို့ ခြိမ်းခြောက်မှုတွေလည်း ရှိနေတော့ အများစုက ကြောက် နေကြတယ်၊ သန်းခေါင်စာရင်း ကောက်တုန်းကလည်း ဘင်္ဂါလီလို့ပြောရင် သတ်မယ်လို့ပြောခဲ့တာတွေ ရှိပါတယ်”ဟု မောင်တောမြို့ခံ ဘင်္ဂါလီ အမျိုးသား တဦးက ပြောသည်။
၎င်းတို့၏ မိဘဆွေမျိုးများသည် ထိုဒေသ၌ပင် မွေးဖွားကြီးပြင်းခဲ့ကြောင်း၊ ၎င်းတို့ ကိုင်ဆောင်ထားသည့် ကတ်ပြားတွင်လည်း ဘင်္ဂါလီဟုသာ ရေးထားကြောင်း၊ ဒေသတွင်း၌ ညအိပ်ခရီးစဉ်များကို သွားလာခွင့် ပိတ်ခံထားရကြောင်း၊ နိုင်ငံသား ဖြစ်ပါက နိုင်ငံသား တဦး၏ ရပိုင်ခွင့်အတိုင်း လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ရလိုကြောင်းလည်း ၎င်းက ဆက်ပြောသည်။
မောင်တောမြို့၌ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ ဒေသခံ တိုင်းရင်းသားများနှင့် လိုက်လျောညီထွေနေထိုင်သည့် ဘင်္ဂါလီ လူမျိုးတချို့သည် ဘာသာရေး အစွန်းရောက် ဘင်္ဂါလီများ၏ ခြိမ်းခြောက်မှုကို ခံရကြောင်း၊ ဘင်္ဂါလီလူမျိုး ကျေးရွာ အုပ်ချုပ်ရေးမှူး ၂ ဦးနှင့် မိသားစုဝင် တချို့သည် ပြီးခဲ့သည့်လ အနည်းငယ်က အစွန်းရောက် လက်နက်ကိုင် အဖွဲ့ဝင်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း လည်း မောင်တော ဒေသခံများက ပြောဆိုကြသည်။