ရခိုင်ပြည်နယ်မှ ထွက်ခွာသွားသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) အား ရခိုင်သို့ ပြန်လာ၍ ၎င်းတို့၏ လုပ်ငန်းများ ပြန် လည် လုပ်ကိုင်ရန် ဖိတ်ခေါ်လိုက်ခြင်းသည် နိုင်ငံတကာ၌ ကျဆင်းနေရသည့် မြန်မာနိုင်ငံ၏ ပုံရိပ်အား ပြန်လည် ပုံဖော်နိုင်ရန် အတွက် ဖြစ်ကြောင်း အစိုးရက ပြောဆိုသည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက “မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအလယ်မှာ ပျက်နေရတဲ့ ပုံရိပ်ကို ပြန်လည် ဖော် ဖို့အတွက် MSF အဖွဲ့ကို ဖိတ်ခေါ်ရတာပါ၊ ရခိုင်ပြည်သူတွေရဲ့ ဆန္ဒနဲ့ဆန့်ကျင်နေတဲ့ အတွက်လည်း ကျနော် တောင်းပန်ပါတယ်၊ ဒါပေမယ့် ကျနော့်ကို ယုံကြည်ပါ၊ ရခိုင် ဒေသခံတွေရဲ့ ဆန္ဒအတိုင်းပဲ ဖြစ်စေရပါမယ်၊ ဘက်လိုက်မှု လုံး၀ မရှိစေရပါဘူး”ဟု ဆိုသည်။
ရခိုင် လူမှုအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ဒေသခံများနှင့်စစ်တွေမြို့၌ ဇူလိုင် ၂၈ ရက်နေ့က တွေ့ဆုံရာတွင် ဦးမောင်မောင်အုန်း က ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ရခိုင်ဒေသ၌ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်နေသည့် နိုင်ငံတကာ အဖွဲ့အစည်း အများအပြား ရှိသည့် အနက် MSF(ဟော်လန်) သည် လူမျိုးရေး အရ ဘက်လိုက်ခြင်း၊ ဒေသခံများအပေါ် ခွဲခြားဆက်ဆံခြင်း၊ နိုင်ငံရေး ကိစ္စများ၌ နောက်ကွယ် ကပါဝင် ပတ်သက်ခြင်းနှင့် သွေးထိုးလှုံ့ဆော်မှုများ ရှိသည်ဟု စွပ်စွဲခံထားရသည့် အဖွဲ့လည်း ဖြစ်သည်။ MSF အဖွဲ့ကမူ ထိုစွပ်စွဲချက် များကို ငြင်းဆိုထားသည်။ အစိုးရက ကျန်းမာရေးလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်ချက်အရ MSF အဖွဲ့အား ဖိတ်ခေါ်ခြင်း ဖြစ် သည်ဟု ဆို သည်။
MSF ၏ လုပ်ရပ်များသည် ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်နိုင်သည် ဟုဆိုကာ ရခိုင်ဒေသမှ ထွက်ခွာသွားရန် ရခိုင်ပြည်နယ် တဝန်း၌ ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြပြီးနောက် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ၎င်းတို့၏ လုပ်ငန်းများအား အစိုးရက ရပ်ဆိုင်း စေ ခဲ့သည်။ MSF ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ကျန်းမာရေး ဝန်ကြီးဌာနက တာဝန်ယူသွားမည်ဟု အစိုးရက တရားဝင် ကြေညာခဲ့သည်။
ရခိုင်ဒေသ၌ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ လူသားချင်းစာနာမှု ဆိုင်ရာ ကူညီထောက်ပံ့ရေး စသည့် လုပ်ငန်းများ ဆောင် ရွက်ရန် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ NGO များ၊ INGOs များ စသည့် အဖွဲ့အစည်း ၂၄ ခုကို ရခိုင်ပြည်နယ်သို့ လာရောက်၍ အစိုး ရ နှင့်ပူးပေါင်း ဆောင်ရွက်ရန် ဇူလိုင်လ ၂၃ ရက်နေ့ ရက်စွဲဖြင့် ပြည်နယ်အစိုးရ က ကြေညာချက်ထုတ်၍ နိုင်ငံပိုင် သတင်းစာများ မှတဆင့် ဖိတ်ခေါ်ခဲ့သည်။
ပြည်ထောင်စု အဆင့် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး စင်တာ(ECC) အဖွဲ့ သည် နိုင်ငံတကာ သံတမန်များ၊ မြန်မာ ငြိမ်းချမ်းရေး စင် တာ (MPC) မှ ပုဂ္ဂိုလ်များ၊ ရခိုင်အဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖံွံဖြိုး တိုးတက်ရေး Action Plan ကို ပွင့်လင်းမြင်သာစွာ ညှိနှိုင်း ဆွေးနွေးမှုများအရ နိုင်ငံတကာ အဖွဲ့အစည်းများအား ဖိတ်ခေါ်ရခြင်း ဖြစ်ကြောင်း လည်း အစိုးရ ၏ ကြေညာချက်၌ ဖော်ပြထားသည်။
ECC အဖွဲ့နှင့်တွေ့ဆုံရာတွင် ပါဝင်ခဲ့သူ ရခိုင် အမျိုးသားပါတီ(ANP) ဒု ခေါင်းဆောင်နှင့်အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက် တာ အေးမောင်က ၎င်းတို့ဆွေးနွေးခဲ့စဉ်က ဒေသဖွံဖြိုးရေး လုပ်ငန်းများအတွက် နိုင်ငံတကာအဖွဲ့များကို ပြန်လည်ခေါ်ယူမည် ဖြစ်ကြောင်း ပြောသော်လည်း MSF အဖွဲ့ ပါဝင်မည်ဟု တစုံတရာ ပြောဆိုမှု မရှိခဲ့ဟု ဆိုသည်။
ထို့အတူ ရခိုင်ပြည်သူ တရပ်လုံးက ဆန့်ကျင်ကန့်ကွက်ထားသည့် MSF အဖွဲ့အား ပြန်လည် ခေါ်ယူမည်ဆိုပါက ပြည်သူများနှင့်ဆွေး နွေး၍ လူထု ဆန္ဒသဘောထားကို တောင်းခံပြီးမှသာ ပြန်လည် ခေါ်ယူသင့်ကြောင်း၊ အစိုးရ ၏ လုပ်ရပ်သည် ရိုးသား ပွင့်လင်းမှု မရှိကြောင်းလည်း ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်း၊ ရခိုင်လူမှုရေး အဖွဲ့များ က ဝေဖန်နေကြသည်။
ဒေါက်တာ အေးမောင် ကလည်း “MSF ကို ပြန်လည် ခေါ်သွင်းခြင်းဟာ ရခိုင်-ဘင်္ဂါလီ ပဋိပက္ခကို ထပ်မံ ဖန်တီးချင်သူတို့ရဲ့ ဆန္ဒလား ဆိုတာ မေးခွန်းထုတ်ရပါလိမ့်မယ်၊ ဒီလိုမှ မဟုတ်ဘဲ အစိုးရ အနေနဲ့ ငါတို့က အာဏာရှိတယ်၊ ငါတို့လုပ်ချင်တာ လုပ်လို့ ရ တယ်၊ ပြည်သူတွေရဲ့ ဆန္ဒကို အလေးထားစရာ မလိုဘူးဆိုတဲ့ သဘောလား ဆိုတာတော့ မသိပါဘူး”ဟု ပြောဆိုသည်။
MSF အဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများသည် ရခိုင်ဒေသ၌ ဆယ်စုနှစ်နှင့်ချီ၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြကြောင်း၊ သို့သော် ပြောင်းလဲ တိုးတက်မှု တစုံတရာ မရှိသေးသည်ကို အစိုးရအနေဖြင့် ပြန်လည် ဆန်းစစ်သုံးသပ်ရန် လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အမှန်တကယ် လုပ်ဆောင်သည့် အဖွဲ့မျိုးကိုသာ ခွင့်ပြုပေးသင့်ကြောင်းလည်း ဒေါက်တာ အေးမောင် က ပြောသည်။
ပြည်နယ် အစိုးရ၏ ကြေညာချက် ထုတ်ပြန်ပြီးနောက် ဇူလိုင် ၂၅ ရက်နေ့တွင် စစ်တွေမြို့၌ ဆရာတော် သံဃာတော်များ၊ မြို့မိ မြို့ဖများ၊ ရခိုင် လူမှုအဖွဲ့များ၊ ဒေသခံများ ကလည်း အစည်းအဝေး တရပ်ပြုလုပ်၍ နိုင်ငံတကာ NGO အဖွဲ့များကို လက်ခံသော်လည်း (MSF/AZG) အဖွဲ့အား ရခိုင်ပြည်သူ လူထုအနေဖြင့် လုံး၀ လက်မခံဟု အစိုးရထံ တင်ပြခဲ့ကြသည်။
ပြည်နယ် ဝန်ကြီးချုပ်ကမူ MSF အဖွဲ့နှင့်ပတ်သက်၍ ၎င်းကိုယ်တိုင် အပြည့်အ၀ တာဝန်ယူပါကြောင်းနှင့်နားလည် စောင့်ကြည့် ပေးကြပါရန် မေတ္တာရပ်ခံကြောင်း ရခိုင်လူမှု အဖွဲ့အစည်းများထံ ပြန်လည်၍ အကြောင်းကြားစာ ပေးပို့ခဲ့သည်။
ရခိုင်ပြည်တဝန်း ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည့် MSF အဖွဲ့အား ပြန်လည် ခေါ်ယူမည့် ကိစ္စကို ရခိုင်ပြည်သူများအား အသိ မပေးခြင်းအပေါ် သံသယ ဝင်နေကြကြောင်း၊ MSF အဖွဲ့၏ နောက်ဆက်တွဲ လုပ်ရပ်များကို ပြည်နယ် အစိုးရက အလုံးစုံ တာ ဝန်ယူမည် ဟု ပြောဆိုနေခြင်းသည် စဉ်းစားစရာ ဖြစ်နေကြောင်း၊ MSF အဖွဲ့သည် ဗဟို အစိုးရနှင့်သာ MoU သဘောတူ စာချုပ် လက်မှတ်ရေး ထိုးထားခြင်းကြောင့် ဖြစ်ကြောင်း ရခိုင်ဒေသခံများ က ပြောသည်။
အကယ်၍ MSF အဖွဲ့ ရခိုင်ပြည်နယ်ထဲ ပြန်လည်ရောက်ရှိလာပြီး၊ ၎င်းတို့၏ လုပ်ရပ်ကြောင့် ပြည်သူများနှင့်ပြဿနာ တစုံတရာ ဖြစ်ပေါ်လာပါက ရခိုင်လူမှုအဖွဲ့အစည်းများ အနေဖြင့် တာဝန်ယူမည် မဟုတ်ကြောင်း၊ အစိုးရ၏ တာဝန်သာ ဖြစ်ကြောင်းကို ဝန်ကြီး ချုပ်နှင့်ဗဟို အစိုးရအဖွဲ့ထံ သဘောထား မှတ်ချက်ပေးပို့ထားကြောင်း စစ်တွေမြို့ ရပ်မိရပ်ဖတဦးဖြစ်သူ ဦးသန်းထွန်းက ပြောသည်။
၎င်းက“ရခိုင်ပြည်သူတွေရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး လုပ်ရတဲ့အပေါ်မှာ တောင်းပန်တယ်လို့ ဝန်ကြီးချုပ်ကဆိုတယ်၊ ဘာကြောင့် ပြည်သူ တွေ၊ လူမှုအဖွဲ့တွေနဲ့မတိုင်ပင်ဘဲ လုပ်ရလဲဆိုတော့ နိုင်ငံတကာမှာ ကျဆင်းနေတဲ့ ပုံရိပ်ကို ကောင်းအောင် လုပ်ဖို့၊ ရခိုင်ဒေသ ဖွံ့ဖြိုးအောင် လုပ်ဖို့ အတွက်ပါ ဆိုပြီး အကြောင်းပြပါတယ်”ဟု ဆိုသည်။
MSF အဖွဲ့ကမူ ၎င်းတို့အား အစိုးရက ဖိတ်ခေါ်ခြင်းအပေါ် အပြုသဘောဖြင့် ကြိုဆိုကြောင်း ပြောဆိုပြီး အခြေအနေများကို စောင့်ကြည့် ရဦးမည်ဟု သဘောထား မှတ်ချက်ပေးထားကြောင်း သိရသည်။
MSF အဖွဲ့အပေါ် ရခိုင်ပြည်သူများ က အမြင်မကြည်လင်မှုနှင့်ပတ်သက်၍ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း ကလည်း“ဒီလူတွေ (ဘင်္ဂါလီ)ကို ဆေးမကုဘဲ အစိုးရက သတ်နေတယ်လို့ နိုင်ငံတကာမှာ ပြောနေကြတယ်၊ အဲဒီတော့ ဒီလို ပုံဖော်နေတာကို လျော့အောင် လုပ်ရမယ်၊ ကျနော့်ကို နားလည်ပေးကြပါ၊ ခင်ဗျားတို့ရဲ့ခံစားမှုတွေကိုလည်း ကျနော် နားလည်ပါတယ်”ဟု စစ်တွေမြို့၌ ဇူလိုင်လ ၂၈ ရက်နေ့ က ဒေသခံများနှင့်တွေ့ဆုံစဉ် ပြောဆိုသွားခဲ့သည်။
ရခိုင်ဒေသတွင်းသို့ နိုင်ငံတကာအဖွဲ့အစည်းများအား ဖိတ်ခေါ်ရခြင်းနှင့် ဒေသတွင်း အခြေအနေများကို လေ့လာရန် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ အမေရိကန် သံအမတ်ကြီး၊ ဗြိတိသျှ သံအမတ်ကြီး စသည့် နိုင်ငံတကာ သံ တမန်များသည် ပြီးခဲ့သည့်ရက်ပိုင်းက ရခိုင်ပြည်နယ် အတွင်းရှိ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများကို သွားရောက်လေ့လာ၍ ဒေသခံများနှင့်တွေ့ဆုံခဲ့ကြသေးသည်။
ရခိုင်ပြည်နယ်သည် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ အဆင်းရဲဆုံး ဒေသတခုအဖြစ်သို့ ရောက်နေ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အလေးထား လုပ်ဆောင်ရန် လိုအပ်နေကြောင်း ထိုခရီးစဉ်အပြီး သံတမန်များက မှတ်ချက်ပြုခဲ့ကြသည်။
မြန်မာ နိုင်ငံ၌ ရခိုင် ပြည်နယ်သည် ဒုတိယ အဆင်းရဲဆုံး ပြည်နယ်တခု ဖြစ်ခဲ့ပြီး ယခုအခါ အဆင်းရဲဆုံး အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ရခိုင်ပြည်နယ်၏ အထက်တွင် ချင်းပြည်နယ်ရှိသည်။
ရခိုင်ဒေသ၌ လုပ်ကိုင်နေကြသည့် နိုင်ငံတကာ အဖွဲ့အစည်းတချို့သည် ဘက်လိုက်မှုရှိသည်ဟုဆိုကာ ဒေသခံများနှင့် ပဋိပက္ခဖြစ် ပွား မှု ရှိခဲ့ပြီးနောက် NGO,INGO လေ့လာစောင့်ကြည့်ရေး အဖွဲ့တခုကိုလည်း စစ်တွေမြို့၌ ဖွဲ့စည်းထားသည်။
ထိုအဖွဲ့သည် နိုင်ငံတကာအဖွဲ့များ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်၍ တရားနည်းလမ်း မကျသော လုပ်ရပ်များတွေ့ရှိ ပါက ဝေဖန်ထောက်ပြပေးရန်နှင့်သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များထံ တင်ပြသွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။
MSF အဖွဲ့အား ရခိုင်ပြည်သူများက အလိုမရှိသော်လည်း အစိုးရအနေဖြင့် နိုင်ငံတကာ၏ ဖိအားပေးမှုများကို လျှော့ချရန် အရေးကြီး နေကြောင်း၊ MSF ၏ လုပ်ဆောင်မှုများကိုလည်း ပြည်နယ် အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်၍ စိုးရိမ်စရာ မလိုကြောင်း၊ ဘက်လိုက်မှု ကင်းရှင်းပြီး မျှမျှတတ ဖြစ်စေရန် အစိုးရက ဆောင်ရွက်ပေးမည် ဖြစ်ပြီး MSF နှင့်ပတ်သက်၍ အစိုးရက လုံး၀ တာဝန် ယူကြောင်းလည်း အာဏာပိုင်များ က ကတိပေးထားကြသည်။
ထို့အတူ MSF အဖွဲ့အား ရခိုင်ပြည်သူများ၏ ဆန္ဒသဘောထား မပါဘဲ ခေါ်ယူထားခြင်း ဖြစ်သည့်အတွက် နောက်ဆက်တွဲ ပြဿနာ တစုံတရာ ဖြစ်ပေါ်လာပါက အစိုးရ၏ တာဝန်သာ ဖြစ်ကြောင်း ANP ပါတီကလည်း ပြောဆိုထားသည်။
ထို့အတူ MSF အဖွဲ့အား ဆန့်ကျင် ကန့်ကွက်မှုများ ထပ်မံဖြစ်ပွားလာမည်ကိုလည်း ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းက စိုးရိမ်မှုများရှိနေ ကြောင်း သိရသည်။
သို့ဖြစ်၍ ရခိုင်ပြည်သူများ၊ ဆရာတော်၊ သံဃာတော်များ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၏ ဆန္ဒသဘောထား မပါဘဲ ရခိုင်ပြည်တွင်းသို့ MSFအဖွဲ့အား ခေါ်ယူရာတွင် အစိုးရအာဏာပိုင်များက အမိန့်အာဏာဖြင့်သာ ဆောင်ရွက်သွားမည် ဆိုပါက မလိုလား အပ်သည့် ပြဿနာများ ဖြစ်ပွားလာနိုင်ဖွယ် ရှိပါသည်။ ။