မြန်မာနိုင်ငံ တောင်ပိုင်းဒေသ အများအပြားမှာ ရေကြီးရေလျှံ ဖြစ်ပြီး လူပေါင်း၂ သောင်းနီးပါး စားဝတ်နေရေး အခက်ကြုံ နေကြပြီး ထိခိုက်သေဆုံးမှုတွေလည်း ရှိလာနေတယ်လို့ သိရပါတယ်။
ဇူလိုင်လလယ် ခန့်ကစတင်ပြီး မြန်မာနိုင်ငံ တဝန်းမှာ ရေကြီးရေလျှံ ဖြစ်ပေါ်လာခဲ့တာမှာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေ ဖြစ် တဲ့ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် စတဲ့ ဒေသတွေမှာ တနေ့ ထက်တနေ့ ဆိုးရွာလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေကြီးမှုနဲ့ မြေပြိုမှုကြောင့် သေဆုံးသူ ၅ ဦးခန့် ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ရေကြီး ရေနစ်မြုပ်မှုတွေကြောင့် ပဲခူးမြို့မှာ လူ ၇၈၁၁ ဦး၊ ပဲခူးတိုင်း ကဝမြို့နယ်အတွင်း လူ ၆၃၉ ဦး၊ ဧရာဝတီတိုင်း ဒေသကြီး အတွင်း လူ ၁၉၁ ဦး၊ မွန်ပြည်နယ်အတွင်း လူ ၃၅၄၃ ဦး၊ ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ လူ ၈၅ ဦးနဲ့ တောင်ကုတ် မြို့နယ်မှာ လူ ၆၃၇၉ ဦး စုစုပေါင်း လူဦးရေ ၁၈၆၄၈ ဦး(ရန်ကုန်တိုင်းအတွင်းရှိ လူဦးရေစာရင်း မပါသေး)၊ အိမ်ထောင်စုပေါင်း ၇၀၀၀ နီးပါး ရေဘေးဒုက္ခ ကြုံတွေ့နေရတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စာရင်း မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ပဲခူးတိုင်း ကဝမြို့နယ် ဒေသခံတဦးဖြစ်တဲ့ ကိုသက်က“ကုန်းအမြင့်ပေါ် တင်ထားတဲ့ ဆန်စက်က ဆန်အိတ်တွေတောင် ရေ ဝင်လာလို့ နေရာတွေ ရွှေ့နေရပြီ၊ ရေက တနေ့ထက်တနေ့ တိုးလာတယ်၊ ရေမြုပ်နေတဲ့ အိမ်တွေကတော့ နီးစပ်ရာဘုန်းကြီး ကျောင်းတွေမှာ နေရတာပေါ့၊ အစိုးရဘက်က ခေါက်ဆွဲခြောက်ဆိုလား၊ မုန့်တွေလား နည်းနည်းတော့ လှူသွားတယ်”လို့ ပြော ပါတယ်။
နှစ်စဉ် ရေကြီးမှုဒဏ် အများဆုံးခံရလေ့ရှိတဲ့ ပဲခူးတိုင်းအတွင်းမှာ လွန်ခဲ့တဲ့ ၅ နှစ်ခန့်က ရေကြီးရေလျှံမှုဖြစ်လာရင် ကာကွယ် နိုင်အောင်လို့ အစိုးရပိုင်းက ရေကာတာ၊ တာရိုးတွေနဲ့ ရေတံခါးတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရေထွက်နိုင် မယ့် နေရာကနည်းပြီး ရေထိန်းတဲ့ နေရာတွေသာ များနေတော့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ပြီး လယ်ယာမြေတွေ ရေနစ်မြုပ် ပျက်စီးမှုက နှစ်စဉ်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
“မြွေတွေလည်း ပေါတယ်၊ ရေတွေက မသန့်၊ မိုးက ဆက်တိုက်ရွာတယ်၊ တိရစ္ဆာန်တွေလည်း ရေတွေကြီးတော့ အိမ်ပေါ်တွေ တက်လာတယ်၊ ကျန်းမာရေး အတွက် စိုးရိမ်နေကြရတယ်၊ အဓိက ကတော့ ဝမ်းရောဂါတွေ ဖြစ်လာမှာ ကြောက်တယ်”လို့ ပဲခူးမြို့ ဒေသခံတဦးကလည်း ပြောပါတယ်။
မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ လွန်ခဲ့တဲ့လတွေ ကတည်းက မြန်မာနိုင်ငံမှာ မိုးကြီးနိုင်တဲ့ အခြေအနေ၊ ရေကြီးနိုင်တဲ့ အခြေအနေတွေကို အချိန်နဲ့ တပြေးညီ တင်ပြ သတိပေးထားတာကို တွေ့ရပါတယ်။ ယနေ့အချိန်ထိလည်း နေ့စဉ်မိုးလေဝသ သုံးသပ်ချက်တွေကို တင်ပြပေးနေတာ တွေ့ရပါတယ်။
ဒေါက်တာ ထွန်းလွင်ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ မိုးလေဝသသတင်း ရေးသားဖော်ပြထားချက်အရ မြန်မာနိုင်ငံမှာ ရေကြီး မယ့် အန္တရာယ် အလားအလာ မြင့်မားနေတဲ့ နေရာတွေက ချင်းပြည်နယ် တောင်ပိုင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မကွေးတိုင်း အနောက်တောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း တောင်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်များမှာ ရှိကြ တဲ့ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ ပဲခူး၊ သာယာဝတီ၊ ရန်ကုန်(မင်္ဂလာဒုံ)၊ သထုံ၊ ရေး၊ စစ်တွေ၊ ကျောက်ဖြူ မြို့နယ်များ အတွင်း က မြေနိမ့်ပိုင်းများနဲ့ လယ်ကွင်းများမှာ ရေကြီးနိုင်မှု အလားအလာများ ဆက်လက် ဖြစ်ပေါ်နိုင်တယ်လို့လည်း သတိပေး ထား ပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာမှာလည်း မြစ်ရေကြီးခြင်း သတိပေးချက်တွေနဲ့ ရာသီဥတု အခြေ အနေ၊ မိုးလေဝသ သတင်းတွေကို တင်ပြပေးနေတာကိုလည်း တွေ့ရပါတယ်။
လူမှုမီဒီယာ စာမျက်နှာတွေမှာတော့ အစိုးရရဲ့ ရေကြီးမှုအပေါ် ကိုင်တွယ် လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဝေဖန် နေကြ ပါတယ်။ အစိုးရပိုင်းက အဖွဲ့အစည်းတွေက သဘာဝဘေးအန္တရယ် ဖြစ်မလာခင် ကြိုတင်စီမံချက်တွေနဲ့ သတိပေးမှု မလုပ်ခဲ့ သလို ရေနစ်မြုပ် ခံနေရချိန်မှာလည်း ရေဘေးဒုက္ခသည်တွေကို ကယ်ဆယ်ရေး စခန်းတွေမှာ နေရာချပေးတာ၊ စားနပ်ရိက္ခာ ပေးဝေတာမှာ လိုအပ်ချက်တွေရှိပြီး လျော့ပါးနေတယ်လို့ ဆိုကြပါတယ်။
ရေဘေးသင့်နေရာ အများစုဟာ လယ်ယာမြေတွေဖြစ်တာကြောင့် ရေနစ်မြုပ်တဲ့ လယ်ဧကပေါင်း သောင်းချီ ရှိနေပြီး စိုက်ပျိုးပြီးစ စပါးခင်းတွေအားလုံး ရေဖုံးလွှမ်းကုန်တာကြောင့် တောင်သူတွေအတွက် ထိခိုက်နစ်နာမှု အများကြီး ဖြစ်ပေါ်နေတယ်လို့ ရေဘေးဒုက္ခခံနေရတဲ့ လှည်းကူးမြို့နယ်၊ ဘားလားရွာက တောင်သူတဦးက ဇူလိုင် လကုန်ပိုင်းက ဧရာဝတီကို ပြောဆိုဖူးပါတယ်။
“သောက်စရာရေ မရှိဘူး၊ ကန်တွေက ရေဖုံးသွားတယ်၊ ချက်ပြုတ် စားသောက်ဖို့လည်း မလွယ်ဘူး၊ ပရဟိတ အသင်းတွေက လာပြီး ထောက်ပံ့ကြပါတယ်၊ သက်ဆိုင်ရာကတော့ အခုထိ မလာသေးဘူး၊ စပါးခင်းတွေတော့ ရေမြုပ်လို့ ကုန်ပြီ”လို့ အဆိုပါ ဒေသခံတောင်သူက ပြောခဲ့ပါတယ်။
အစိုးရပိုင်းက သဘာဝ ဘေးအန္တရာယ် ကြုံတွေ့လာရင် ကူညီကယ်ဆယ်ဖို့ လုပ်ငန်းတွေနဲ့ ရန်ပုံငွေတွေကို ကြိုတင် စီမံထား တယ် လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောပါတယ်။
“ရေဘေးအတွက် အရေးပေါ် ကယ်ဆယ်ရေး ရန်ပုံငွေကို တိုင်းဒေသကြီးအလိုက် ကျပ် သိန်း ၅၀ စီ ချထားပေးပါတယ်၊ ရေ ဘေး အတွက် သီးသန့် ဘတ်ဂျက်လည်း ခွဲပေးပြီးပြီ၊ ထောက်ပံ့ငွေ၊ ပစ္စည်းတွေလည်း ပေးပြီးပြီ၊ တချို့ပြည်နယ်နဲ့ တိုင်းတွေကတော့ တောင်းခံလာတာမျိုး မရှိဘူး၊ အစိုးရအဖွဲ့ အစီအစဉ်နဲ့ပဲ လုပ်ကြတယ်”လို့ ၎င်းက ဆိုပါတယ်။
လက်ရှိမှာ ရေဘေးဒုက္ခသည်တွေကို တဦးချင်းစီ အလိုက် လူကြီးတဦးကို တရက်စာဆန် နို့ဆီဘူး ၃ ဘူး၊ ကလေးတဦးကို တရက်စာ ဆန် နို့ဆီဘူး ၁ ဘူးခွဲ နဲ့ ၃ ရက်စာ၊ အိမ်ထောင်စု တစုကို ပစ္စည်း ၄ မျိုး အဖြစ် ကျားဝတ်လုံချည် တထည်၊ မဝတ်လုံချည် တထည်၊ ကာဘော်လစ် ဆပ်ပြာတတောင့်နဲ့ မျက်နှာသုတ်ပဝါ တထည်ကို ထောက်ပံ့ပစ္စည်းအဖြစ် ပေးတယ် လို့ ၎င်းက ဆက်ပြောပါတယ်။
ဝန်ကြီးဌာနတွေမှာ ဘေးဒုက္ခ အမျိုးမျိုးအတွက် ရန်ပုံငွေ သန်း ၇၀၀ ထားရှိပြီး ဇွန်လကုန်အထိ စာရင်းဇယားများအရ သန်း ၁၀၀ ကိုသာ ထုတ်ယူ သုံးစဲွဲထားတာကြောင့် ဒုက္ခသည်တွေကို ကူညီဖို့ ရန်ပုံငွေ အလုံအလောက် ရှိနေတယ်လို့ အထက်ပါ ဝန်ကြီးဌာန တာဝန်ရှိသူက ပြောဆိုပါတယ်။
“လိုအပ်ရင်လည်း ဖြည့်စွက်ရန်ပုံငွေ အဖြစ် ထပ်ပြီး တင်ပြလို့ ရတယ်၊ သဘာဝဘေး အတွက်က အကန့်အသတ် မထားဘူး၊ ဘတ်ဂျက် မလုံလောက်မှာ ပူပင်စရာ မလိုဘူး”လို့လည်း သူက ပြောပါတယ်။
ရေဘေးဒုက္ခသည် အများစုက ၎င်းတို့ရဲ့ နေထိုင်စားသောက်မှု ဒုက္ခရောက်တာထက် သောက်သုံးရေ လိုအပ်ချက်နဲ့ ကျန်းမာ ရေး လိုအပ်ချက်တွေ ပိုရှိနေတယ်လို့ ဆိုကြပါတယ်။
ရေကြီးမှုတွေကို အစပြုပြီး မြေပြိုခဲ့တာကြောင့် သြဂုတ် ၅ ရက်နေ့က မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ရသေ့တောင် ကား လမ်း အနီးမှာ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတဦး မြေပြိုမှုကြောင့် မြေပိသေဆုံးသွားခဲ့ပါတယ်။
ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ် အဖွဲ့ (KIO) ထိန်းချုပ်ရာ ဂျေယန်းဒုက္ခသည် စခန်းမှာလည်း ဇူလိုင်၂၂ ရက်က မိုးရွာသွန်း မှုတွေကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းတွေ ဖြစ်ပေါ်ပြီး လူ ၅ ဦး သေဆုံးခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ ရှမ်းပြည်နယ် မူဆယ်မြို့မှာလည်း ရေကြီးမှုကြောင့် အမျိုးသားတဦး ရေနစ် သေဆုံးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။