ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ဘင်္ဂါလီ(မွတ်စလင်)များနေထိုင်သည့် မှန်စီ ဒုက္ခသည် စခန်း၌ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား၍ လူစုခွဲ ပစ်ခတ်ရာ လူ ၁ ဦး သေဆုံးကြောင်း သိရသည်။
မှန်စီ ဒုက္ခသည် စခန်းအတွင်း၌ ဈေးဝယ်နေသည့် အသက် ၂၃ နှစ်ရှိ အလူလာလုံနှင့်လာဘာ ဟူစွန် တို့အား ခိုးဝှက်တတ်သူ များဟုဆိုကာ စခန်းတွင်း နေထိုင်သူများက အုပ်စုဖွဲ့၍ သတ်ဖြတ်ရန် လုပ်ဆောင်ရာ ရဲတပ်ဖွဲ့က ဟန့်တားကြောင်း၊ ဟန့်တား သည့် တပ်ဖွဲ့ဝင်များကို တုတ်၊ ဓား လက်နက်များဖြင့် တိုက်ခိုက်၍ ပစ်ခတ်လူစုခွဲစဉ် ထိမှန်သေဆုံးခြင်း ဖြစ်ကြောင်း ရခိုင်ပြည် နယ် အစိုးရ အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် က ဧရာဝတီကို ပြောသည်။
“ဒီလ ၆ ရက်နေ့က သူတို့ချင်း ပစ္စည်းအရောင်းအဝယ် လုပ်ရာက စကားများ ရန်ဖြစ်ကြတော့ လုံခြုံရေး အဖွဲ့ဝင်တွေက တား တယ်၊ တားတဲ့ရဲတွေကို လူအုပ်စုနဲ့ ရန်ရှာတော့ ပြန်လည် ခုံခံ ပစ်ခတ်ရင်း ထိသွားတာပါ၊ အခုတော့ အခြေအနေ အားလုံး တည်ငြိမ်သွားပါပြီ”ဟု ၎င်းက ပြောပြသည်။
အလူလာလုံနှင့် လာဘာဟူစွန် တို့အား သတ်ဖြတ်မည်ဟု ပြင်ဆင်နေသည့် လူအုပ်စုကို လူစုခွဲရန် ပြောဆိုသည့် ရဲ အား တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သူများကို ဥပဒေအရဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုအခါ လုံခြုံရေး အခြေအနေများကို စနစ်တကျ ဆောင်ရွက်ပေးနေကြောင်း ပြည်နယ် အစိုးရ ပြောခွင့်ရသူ က ဆိုသည်။
ရုန်းရင်းဆန်ခတ်မှုတွင် ပါဝင်သူများအနက် ရှောင်ရှအာလောင် (၃၀ နှစ်)၊ အဒူကဖူ (၅၂ နှစ်)၊ အဇူမလာစ် (၄၇ နှစ်) တို့သည် ဓားများ ကိုင်ဆောင်ထားကြကြောင်း၊ ဓားများအား လွှတ်ချရန် ရဲတပ်ဖွဲ့ဝင်များက ပြောဆိုပြီး ထိန်းသိမ်းရန် ကြိုးပမ်းစဉ် ရှောင် ရှအာလောင်က အတင်းဝင်ရောက်ပြီး ဓားမဖြင့် ခုတ်သဖြင့် ခုခံပစ်ခတ်စဉ် ထိုနေရာ၌ပင် ပွဲချင်းပြီး သေဆုံးကြောင်း ယနေ့ ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။
အဒူကဖူ၊ အဇူမာလစ် အပါအဝင် ပြစ်မှုကျူးလွန်သူများအား အမှုဖွင့် အရေးယူနိုင်ရန် စစ်တွေမြို့မ ရဲစခန်းက ဆောင်ရွက် လျက်ရှိကြောင်းလည်း သတင်းများ၌ ဖော်ပြထားသည်။
စစ်တွေမြို့နယ်၌ ဒုက္ခသည် စခန်း ၁၀ ခု ဝန်းကျင်ရှိပြီး အများစုမှာ ပင်လယ်ကမ်းခြေနှင့်နီးစပ်၍ ညဘက်တွင် လူဝင်လူထွက် ရှိပြီး လုံခြုံရေး အားနည်းကြောင်း၊ စခန်းများ၌ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများလည်း ရှိကြောင်း၊ ပြီးခဲ့သည့်လ အနည်း ငယ် ကလည်း စခန်းတချို့၌ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း စစ်တွေ ဒေသခံတချို့က ဧရာဝတီ ကို ပြောသည်။
ဦးဝင်းမြိုင်က လုံခြုံရေး အင်အား အများအပြားချမထားခြင်းမှာ နိုင်ငံတကာ၏ ပြောဆိုဝေဖန်မှုများ ရှိလာမည်ကို မလိုလား သည့် အတွက် ဖြစ်ကြောင်း၊ လက်ရှိ လုံခြုံရေး အင်အားသည်လည်း လုံလောက်သည့် အနေအထားတွင်ရှိကြောင်း၊ ပြဿနာ ဖြစ်ခြင်းကြောင့်သာ မလိုလားအပ်သည်များ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
စစ်တွေမြို့နယ်အတွင်းရှိ ဘင်္ဂါလီဒုက္ခသည် စခန်းတချို့၌ ရဲတပ်ဖွဲ့ဝင်များနှင့် ဒုက္ခသည်များအကြား ရုန်းရင်းဆန်ခတ်မှုများ မကြာ ခဏဖြစ်ပွားခဲ့ကြပြီး ပြီးခဲ့သည့်နှစ်အတွင်းက ရဲ တပ်ဖွဲ့ဝင် တချို့ သေဆုံးမှု ရှိခဲ့သည်။