၂၆ နှစ်ပြည့် ၈၈၈၈(ရှစ်လေးလုံး) ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနား၌ ငွေရတု အခမ်းအနားက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် လုပ်ငန်းစဉ် သုံးရပ်ကို ပြန်လည်သုံးသပ်ပြီး ဆက်လက်ဆောင်ရွက်ရန် တက်ရောက်သူများက ဆုံးဖြတ်ခဲ့ကြသည်။
၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ ၂၆ နှစ်ပြည့် အခမ်းအနားကို တောင်ဥက္ကလာပ မြို့နယ် ကျိုက္ကဆံံ ဓမ္မ္မပိယ သာသနာ့ ရိပ်သာ ၌ ယနေ့တွင် ကျင်းပခဲ့ပြီး နိုင်ငံရေး အင်အားစု ၅၀၀ ခန့် တက်ရောက်ကြောင်း၊ ဒီမိုကရေစီ အင်အားစု မဟာမိတ် အဖွဲ့ဝင်များ၊ တိုင်းရင်းသား ပါတီများ၊ နိုင်ငံရေး ပါတီများ က တက်ရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
၈၈၈၈ ငွေရတု အခမ်းအနားမှ ဆုံးဖြတ်ခဲ့သည့် တန်းတူညီမျှမှု ရှိသော ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ် ဖြစ်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရန် (သို့) အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရန်နှင့် အမျိုးသား ညီလာခံတရပ် ပေါ်လာရန် အကောင်အထည် ဖော်ရေးတို့ ဖြစ်ပြီး ဆက်လက် ဖော်ဆောင်သွားမည်ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ဧရာဝတီကို ပြောသည်။
“လူထုကိုယ်တိုင် ဦးဆောင်တဲ့ အရေးတော်ပုံကြီး ဖြစ်တယ်ဆိုတာ အရေးကြီးတဲ့ ဝိသေသပါပဲ။ ဒီနေ့ ဖြစ်လာတဲ့ လွှတ်တော်တို့ ဖွဲ့စည်းပုံတို့ဟာ လူထုလှုပ်ရှားမှုရဲ့ အကျိုးဆက်ပါပဲ။ ဒီမိုကရေစီ အရေးပြောရင် တိုင်းရင်းသား တန်းတူညီမျှ ရရှိရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဖွံ့ဖြိုးတိုးတက်မှုကို ပြည်သူတွေ မျှမျှတတ ခံစားနိုင်ဖို့ အဲ့ဒါအားလုံး ဝိုင်းစဉ်းစားဖို့ လိုတယ်”ဟု ဦးကိုကိုကြီးက ဆိုသည်။
အမျိုးသား ညီလာခံတရပ် ပေါ်ပေါက်လာရေးနှင့် ပတ်သက်ပြီး ၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေး ကလည်း“ကျနော်တို့က ညီလာခံတရပ် ခေါ်မှာ မဟုတ်ပါဘူး။ ညီလာခံဖြစ်ဖို့ တွန်းအား ပေးသွားမှာပါ”ဟု ဧရာဝတီကို ပြောသည်။
အခမ်းအနားသို့ တက်ရောက်လာသည့် ရခိုင်အမျိုးသား ပါတီမှ ဦးအေးသာအောင်က“ရွေးကောက်ပွဲတွေ ကျင်းပပေးရုံနဲ့ လွှတ်တော် တွေ ရှိရုံနဲ့ ကျနော်တို့ မျှော်မှန်းတဲ့ ဒီမိုကရေစီနိုင်ငံ မဖြစ်ဘူး။ ပြည်သူတွေဆီမှာ အာဏာရှိဖို့ လိုတယ်။ ဒီလွှတ်တော်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြည်သူတွေက တနည်းနည်းနဲ့ ထိန်းချုပ်နိုင်မှ ပြည်သူတွေမှာ အာဏာရှိမှ ဒီမိုကရေစီစနစ် ထွန်း ကား မယ်”ဟု ပြောဆိုသည်။
ငွေရတုပွဲမှ ဆုံးဖြတ်ချက် ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ယင်းကော်မတီ အဖွဲ့ဝင် ဦးသန့်ဇင်က “ကျနော်တို့ အဆင့်တွေ ခွဲမထား ပါဘူး။ ကျနော်တို့ သက်ဆိုင်ရာတွေ အားလုံးကို တွေ့ဆုံဖို့နဲ့ ပြည်သူလူထု ပူးပေါင်း ပါဝင်လာဖို့ပါပဲ။ တိုင်းရင်းသားတွေ ဘက်တော့ တွေ့ဆုံပြီး သဘောတူညီမှုတွေ ရခဲ့ပါတယ်။ ကျန်တဲ့ အစိုးရပိုင်းနဲ့ နိုင်ငံရေး ပါတီကြီးတွေကို တွေ့ဆုံဖို့ လုပ်နေပါတယ်”ဟု ဧရာဝတီ ကို ပြောသည်။
၈၈၈၈ အရေးတော်ပုံ ၂၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တက်ကြွလှုပ်ရှားသူ ၁၀၀ ဝန်းကျင်က တာမွေမြို့နယ် အဝိုင်းမှ ဆူးလေ ဘုရားလမ်း အထိ လမ်းလျှောက် ချီတက်ခဲ့ကြသည်။ နိုင်ငံရေး အင်အားစု ၁၈ ဖွဲ့က ၈၈၈၈ အရေးတော်ပုံ ၂၆ နှစ်ပြည့် အခမ်းအနား သို့ သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
၈၈၈၈ အရေးတော်ပုံ လှုပ်ရှားမှုကြီးအတွင်း ကျောင်းသားများ၊ အစိုးရ ဝန်ထမ်းများနှင့် တပ်မတော်သားများ အပါအဝင် ပြည်သူ တရပ်လုံးက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တပါတီ အာဏာရှင် အစိုးရကို ဆန့်ကျင်ခဲ့သည်။
လူထုလူတန်းစား အလွှာအသီးသီး၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အတွက် တောင်းဆို တိုက်ပွဲဝင်မှုများကို ထိုအချိန်က ဦးနေဝင်း အစိုးရ၏ စစ်တပ်က ဖြိုခွင်းခဲ့မှုကြောင့် ရဟန်း၊ ရှင်လူ ကျောင်းသားများစွာ သေဆုံးခဲ့ရသည်။
ဧရာဝတီ၏ စစ်တမ်း ကောက်ယူမှုအရ ၁၉၈၈ ခုနှစ် သြဂုတ်လ ၇ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း ထိခိုက် ဒဏ်ရာရ သေဆုံးသူ ၂၁၀ ရှိခဲ့သည်။
တချို့သော အတည်မပြုနိုင်သည့် စာရင်းများအရ အရေးတော်ပုံ ကာလအတွင်း လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ရသည်ဟု သိရ သည်။
စက်တင်ဘာ ၁၈ ရက်တွင် မြန်မာ့ တပ်မတော်က အာဏာသိမ်းကာ နဝတ အစိုးရ တက်လာခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ပါတီစုံ ရွေးကောက် ပွဲကို ကျင်းပ ပေးခဲ့သော်လည်း နအဖ လက်ထက်အထိ စစ်အစိုးရ အဆက်ဆက်က အနိုင်ရ ပါတီ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီကို အာဏာ လွှဲပြောင်းပေးရန် ပျက်ကွက်ခဲ့သည်။