ဒီကနေ့ခေတ်မှာ နိုင်ငံတကာ ရုပ်ရှင်ဇာတ်လမ်းတွေ ကြည့်ရှုခံစားလို့ မကုန်နိုင်အောင် ထွက်ရှိနေတာနဲ့ အမျှ သူ့အကြောင်းအရာနဲ့သူ၊ သူ့ဖန်တီးမှုနဲ့သူ ကြည့်ရှုခံစားသူ ပရိသတ်အပေါ် တခဏတာ စိတ်အပန်းဖြေစေနိုင်တဲ့ ဇာတ်ကားတွေ ရှိသလို၊ တသက်တာ ရင်ထဲစွဲထင် ကျန်ရစ်စေခဲ့တဲ့ ဇာတ်ကားမျိုးတွေလည်း ခေတ်အဆက်ဆက် ပေါ်ထွက်နေဆဲပဲ ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ နိုင်ငံတကာအဆင့်ရှိ ရုပ်ရှင်ဇာတ်ကားတကား ထွက်ပေါ်လို့ လာခဲ့ပါ တယ်။
အဲဒီ ဇာတ်ကားကတော့ ဒရာမာ၊ အက်ရှင်၊ သည်းထိတ်ရင်ဖို စတဲ့ ရသအားလုံးကို ပေးစွမ်းနိုင်ပြီး၊ ဗုဒ္ဓဘာသာဝင် လူသားတိုင်း အပေါ် အကျိုးသက်ရောက်မှု ရှိစေတဲ့ “Buddha” (ဗုဒ္ဓ) ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ အဲဒီလို ဇာတ်ကားမျိုး ဆန်ဆန် ဟောလိဝုဒ်က ဖန်တီးရိုက်ကူးထားတဲ့ “Little Buddha” ဆိုတဲ့ ဇာတ်ကားလည်း ရှိခဲ့ဖူးပေမယ့် “Little Buddha” ဇာတ်ကားက ဗုဒ္ဓရဲ့ ဖြစ်စဉ်ကို အနောက်တိုင်းအမြင် ရှုထောင့်ကနေ ပုံဖော်ထားတာမို့ အကျဉ်းချုံး လောက်သာ ခံစားခွင့် ရခဲ့ပါတယ်။
အခု ဘောလိဝုဒ်က ဖန်တီးတင်ဆက်ထားတဲ့ “Buddha” ဇာတ်ကားကတော့ ဗုဒ္ဓဖြစ်စဉ်နဲ့ ဘုရားရှင် ဖြစ်ပြီးနောက်ပိုင်း လောဘ၊ ဒေါသ၊ မောဟတွေ အတိနဲ့ လောင်မြိုက်နေကြတဲ့ လူသားတွေ အပေါ် တရားဓမ္မနဲ့ ကယ်ချွတ်ခဲ့တဲ့ ဖြစ်စဉ် တွေကိုပါ အသေးစိတ် အကျယ်တဝင့် ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို 5 Series ရုပ်သံလိုင်းကနေ လွှင့်ထုတ်ပြသ နေတာဖြစ်ပြီး လူကြိုက်များလာတဲ့ အတွက် အပိုင်းလိုက် စုစည်းထားတဲ့ အခွေတွေလည်း ထွက်ရှိလာ ခဲ့ပါတယ်။
တကယ်တော့ ဗုဒ္ဓသာဘာဝင် လူသားတိုင်း ဗုဒ္ဓဆိုတဲ့ ကြီးကျယ် မြင့်မြတ်တဲ့ လူပုဂ္ဂိုလ် အကြောင်းကို အလေးအနက် ထဲထဲဝင်ဝင် မဟုတ်တောင် အပေါ်ယံ အကျဉ်းမျှလောက်တော့ သိရှိထားပြီးသား ဖြစ်ပါလိမ့်မယ်။ အများအားဖြင့် ဗုဒ္ဓ အကြောင်းကို လက်ဆင့်ကမ်း တည်ရှိလာခဲ့တဲ့ စာပေကျမ်းဂန်များနဲ့ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်လာ ပုံဝတ္ထုလို စာအုပ်များ အပြင် ဆရာတော်များ ဟောပြောခဲ့တဲ့ တရားဓမ္မ အခွေတွေထဲမှာသာ ဖတ်ရှုနားထောင် သိရှိခဲ့ကြရပြီး၊ အခုလို ရုပ်ရှင်ဇာတ်ကားကြီး တကားအနေနဲ့ ကြည့်ရှုခံစားခွင့် မရခဲ့ကြပါဘူး။
ကြည့်ခဲ့ပြီးသမျှ အပိုင်း ၁ ကနေ အပိုင်း ၄၆ အထိ တချို့စကားပြောခန်းတွေမှာ အိန္ဒိယ ထုံးစံအတိုင်း အနည်းငယ် ပေရှည်နေတာက လွဲလို့ ဇာတ်လမ်းချိတ်ဆက်မှု အားကောင်းတာကြောင့် အဆက်ပြတ် မသွားအောင် ကြည့်ရှုလိုတဲ့ စိတ်ဆန္ဒ ဖြစ်ပေါ်လာခဲ့ ပါတယ်။ ဇာတ်ကား အဖွင့်မှာ ကတည်းက ဗုဒ္ဓပေါ်ထွန်းလာရခြင်း အကြောင်းကို နောက်ခံ စကားပြောနဲ့ ပြသွားတဲ့ ဇာတ်ကွက်တွေနဲ့ စကားလုံးတွေက ဒီဇာတ်ကားအပေါ် စိတ်ဝင်စားလာအောင် ဆွဲဆောင် နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဒီကနေ့ခေတ်မှာ ဖြစ်ပွားနေတဲ့ သွေးချောင်းစီး ရန်လိုမှုတွေနဲ့ စစ်မက်တွေရဲ့ ဒုက္ခအန္တရာယ် ဟာ ဘယ်လောက်ထိ ဆိုးရွားကြောင်းကို ဇာတ်ကားအဖွင့်မှာ ကတည်းက မြင်သာထင်သာ ရှိအောင် လှစ်ဟပြနိုင်ခဲ့ ပါတယ်။
သုဒ္ဓေါဒနမင်းကြီး စစ်ပွဲအောင်ပြီး သူ့တိုင်းပြည်ကို ပြန်လာတဲ့ အခန်းမှာ စစ်ပွဲအောင်နိုင်လို့ ဝမ်းသာ ပီတိအပြုံးနဲ့ ပြန်လာတဲ့ သုဒ္ဓေါဒနမင်းကြီးရဲ့ ပျော်ရွှင်မှုနဲ့ ဘုရင့်မျိုးဆက်သစ် အတွက် ကိုယ်ဝန်မဆောင် ပေးနိုင်သေးတဲ့ မယ်တော်မာယာရဲ့ ကြေကွဲဝမ်းနည်း မှု ၂ ခုကို နှိုင်းယှဉ်ပြသွားတဲ့ ဒါရိုက်တာရဲ့ ပါးနပ်မှုကလည်း ပရိသတ်ကို ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှု ရသနှစ်မျိုး စလုံးကို တပြိုင်နက်တည်း ပေးနိုင်ခဲ့ပါတယ်။
ဘုရားလောင်းကို ကိုယ်ဝန်ဆောင်မယ့် ညမှာ မယ်တော်မာယာ မြင်မက်တဲ့ အိပ်မက်ကို ပုံဖော်ထားပုံကလည်း စိတ်ဝင်စားစရာ ကောင်းလှပေမယ့် Computer Effect တွေရဲ့ အားနည်းချက်ကြောင့်လား မသိ၊ ဆားမပါတဲ့ ဟင်းတခွက်လို ခံစားရစေပါတယ်။ ဒါပေမယ့် ဘုရားလောင်းဟာ သာမန် လူပုဂ္ဂိုလ်တွေထက် ထူးမြတ်တဲ့သူ တယောက် ဖြစ်ကြောင်းကိုတော့ ပေါ်လွင်ထင်ရှားအောင် ပုံဖော်နိုင်ခဲ့တာကို တွေ့ရပါတယ်။
ဘုရားလောင်း ဖွားမြင်ပြီးချိန်က စလို့ ဘုရားဖြစ်တဲ့ အချိန်ထိ ရိုက်ပြသွားတဲ့ ဇာတ်ဝင်ခန်းတိုင်းဟာ ဗုဒ္ဓရဲ့ ဖြစ်စဉ် တခုတည်း အပေါ် အခြေခံပြီး ဗုဒ္ဓအကြောင်းကိုသာ ဇောင်းပေး ရိုက်သွားတာမျိုး မဟုတ်ဘဲ လူသားတွေဆီမှာ ဖုံးလွှမ်းနေတဲ့ အတ္တ၊ မာန၊ လောဘ၊ ဒေါသ၊ မောဟ၊ မစ္ဆရိယစိတ် စတဲ့ ကိလေသာ စိတ်အညစ်အကြေးတွေကို သတိသံဝေဂ ရနိုင်အောင် ဖန်တီးပြထားတဲ့ အပြင် မြတ်နိဗ္ဗာန်သို့ သွားရာ လမ်းစဉ်ကိုပါ ဒီဇာတ်ကားနဲ့ ညွှန်ပြပေးထား တာကလည်း ကျေနပ်ပီတိ ဖြစ်စရာ ကောင်းလှပါတယ်။
ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ဆောင်တွေ ဖြစ်ကြတဲ့ ဘုရားလောင်းသိဒ္ဓတ္ထ၊ မင်းကြီး သုဒ္ဓေါဒန၊ မယ်တော်မာယာ၊ မိထွေးတော် ဂေါတမီ၊ ယသော်ဓရာ၊ ဒေဝဒတ်၊ ဒေဝဒတ်ရဲ့ အဖေနဲ့အမေ စတဲ့ သူတွေရဲ့ စိတ်နေစိတ်ထားတွေကို ပုံဖော်ရာမှာလည်း သူ့ Character နဲ့သူ ထိမိအောင် ပုံဖော်နိုင်ခဲ့တဲ့ အပြင် ဗုဒ္ဓရဲ့ Dialogue အခန်း တော်တော်များများ မှာ လေးနက်ထိရှတဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်ပြည့်ဝမှု ကလည်း ကြည့်ရှုသူ ပရိသတ်ရဲ့ စိတ်ဉာဏ်အလင်းကို လင်းပွင့်လာအောင် ဖွင့်ပေးနိုင်ခဲ့ပါတယ်။
အဓိက ဇာတ်ဆောင် နှစ်ဦးဖြစ်တဲ့ ဗုဒ္ဓနဲ့ ဒေဝဒတ်တို့ရဲ့ အားပြိုင်မှု ဇာတ်ဝင်ခန်း တွေကလည်း ဒီဇာတ်ကားရဲ့ အသက်သွေးကြော တခုပါပဲ။
ဘုရားလောင်း သိဒ္ဓတ္ထ အပေါ် ပြိုင်ဘက်ရန်သူ တယောက်လို သဘောထားပြီး မလိုမုန်းတီး မစ္ဆရိယစိတ်နဲ့ အကောက်ကြံဖို့ အမြဲကြံစည် တွေးတောနေတဲ့ ဒေဝဒတ်ရဲ့ အာဃတ မောဟ မစ္ဆရိယ အပူမီးတွေဟာ ကြည့်ရှုသူ ပရိသတ်ကိုပါ ကူးစက်လောင်မြိုက်စေခဲ့ သလို ဒေဝဒတ်အပေါ် ကရုဏာစိတ်နဲ့ မေတ္တာထားပြီး အကောင်းမြင်စိတ်နဲ့ ဖြောင့်ဖြောင့်မတ်မတ် ဆက်ဆံခဲ့တဲ့ ဘုရားလောင်း သိဒ္ဓတ္ထရဲ့ အေးငြိမ်မှု သဏ္ဌာန်တွေ ကလည်း ပရိသတ်ရဲ့ နှလုံးဘဝင်ကိုပါ ကူးစက်ငြိမ်းချမ်းစေ နိုင်ခဲ့တာကြောင့် အပူနဲ့အအေး ဆန့်ကျင်ဘက် ၂ ခုရဲ့ အကောင်းနဲ့ အဆိုးကို ခွဲခြားသုံးသပ်နိုင်တဲ့ စိတ်စွမ်းအားကို လင်းပွင့်စေခဲ့ပါတယ်။
ဒါ့အပြင် ရာထူး၊ ဂုဏ်သိမ်၊ စည်းစိမ် ဥစ္စာတွေကို ရလိုဇောနဲ့ တဦးပေါ်တဦး ပျက်စီးရာ ပျက်စီးကြောင်း အကောက်ကြံ ပြီး နေရာလုနေကြတဲ့ ဒီကနေ့ လူ့အဖွဲ့အစည်း အတွင်းက လူသားများအတွက် သတိသံဝေဂ ရစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားရဲ့ နောက်တခု ထူးခြားချက်ကတော့ လူသားတွေကို ဆုံးမကယ်ချွတ်တဲ့ အခန်းတွေမှာ ဗုဒ္ဓရဲ့ တန်ခိုးဣဒိ္ဓပါဒ်တွေကို ထုတ်ပြပြီး ကြည့်ရှုသူပရိသတ် တလွဲဆံပင်ကောင်း ဖြစ်သွားအောင် ရိုက်ပြတာမျိုး မတွေ့ရဘဲ ဗုဒ္ဓဟာလည်း လူသားတွေထဲက လူတယောက်ပါပဲ ဆိုတဲ့ ပုံစံမျိုးအနေနဲ့သာ လူတွေအပေါ် ဆုံးမကယ်ချွတ်ပုံတွေကို ရိုက်ပြသွားနိုင်တာက ဒီဇာတ်ကားကို ဖန်တီးခဲ့ကြတဲ့ ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာတို့ရဲ့ လိမ္မာပါးနပ်မှုပဲ ဖြစ်ပါတယ်။
ဗုဒ္ဓကို စော်ကားပြောဆိုလို့ ဗုဒ္ဓရဲ့ တပည့်သာဝက တဦးက သူ့တန်ခိုး ဣဒိ္ဓပါဒ်နဲ့ ဆွမ်းသပိတ်ကို ယူပြတဲ့ အခန်းကလွဲလို့ အင်္ဂုလိမာလကို ဆုံးမကယ်ချွတ်တဲ့ အခန်းနဲ့ မီးလောင်နေတဲ့ အိမ်အတွင်းက ကလေးငယ်ကို ကယ်တင်တဲ့ အခန်းတွေမှာ သာမန်လူသားတဦးရဲ့ ဉာဏ်အလင်းနဲ့သာ ကယ်တင်ခဲ့ပုံတွေကို ရိုက်ပြထားတဲ့ အတွက် လောကကမ္ဘာမှာ တန်ခိုးရှင်နဲ့ ဖန်ဆင်း ရှင်ဆိုတာ မရှိ၊ မိမိကိုယ်ကိုသာ မိမိအားကိုးရာဆိုတဲ့ စကားကို ကွက်ကွက်ကွင်းကွင်း မြင်သာလာအောင် မီးမောင်းထိုးပြထားခြင်းပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ရှင်အာနန္ဒာကို တဖက်သတ် နှစ်သက်သဘောကျနေတဲ့ ဇာတ်နိမ့် အမျိုးသမီးလေးက သူ့အမေနဲ့ ပူးပေါင်း ကြံစည်ပြီး ရှင်အာနန္ဒကို သူ့အိမ်မှာ ဆွမ်းစားပင့်ရင်း အိပ်ဆေးခပ်ကာ သူနဲ့လက်ထပ်ထိမ်း မြားဖို့ ကြိုးစားတဲ့ အခန်းမှာ ရှင်အာနန္ဒာက ဗုဒ္ဓသင်ကြားပေးထားတဲ့ လမ်းစဉ်အတိုင်း သတိမလွတ်ဘဲ သူ့စိတ်ကို သူထိန်းနိုင်အောင် ဝိပဿနာ လမ်းစဉ်နဲ့ ကျင့်ကြံထိန်းသိမ်းသွားတဲ့ ပြကွက်ကလည်း လောကုတ္တရာက ပုဂ္ဂိုလ်တွေ အတွက်ပါ တန်ဖိုးရှိလှတဲ့ ဇာတ်ဝင်ခန်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ဗုဒ္ဓဇာတ်ကားဟာ လောကီ၊ လောကုတ္တရာ နှစ်ရပ်လုံးအတွက်ပါ အကျိုးရှိစေမယ့် ဇာတ်ကားမျိုး ဖြစ်ပါတယ်။
ကြည့်ပြီး သလောက် တချို့ဇာတ်ဝင်ခန်းတွေရဲ့ ဖြစ်စဉ်တွေဟာ ကျနော်တို့ ဖတ်မှတ်သိရှိထားတဲ့ အကြောင်းအရာ မျိုးနဲ့ အနည်းငယ် ကွာဟမှု ရှိနေပေမယ့် တော်တော်များများ ဆင်တူမှု ရှိနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာပြရရင် ဗိမိ္မသာရမင်းကြီးနဲ့ သားတော် အဇာတသတ်တို့ရဲ့ ဇာတ်ဝင်ခန်းတွေထဲက အဖြစ်အပျက် အကြောင်းအရာ တချို့နဲ့ နိမိတ်ကြီး ၄ ပါး မြင်တွေ့ရပုံ အဖြစ်အပျက် အကြောင်းအရာမျိုးပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာတော့ အဒေါ်ဖြစ်သူ (ဒေဝဒတ် ရဲ့ မိခင်) က သိဒ္ဓတ္ထအပေါ် မလိုမုန်းထားတဲ့ စိတ်ကြောင့် သိဒ္ဓတ္ထကို နန်းတော်အပြင်ဘက် ခေါ်ထုတ်သွားပြီး သူအို၊ သူနာ၊ သူသေ၊ ရဟန်း စတဲ့ နိမိတ်ကြီး ၄ ပါးကို မြင်တွေ့စေခဲ့တဲ့ ပြကွက်မျိုး ဖြစ်တာမို့ ပိုပြီး ယထာဘူတ ကျတဲ့ အဖြစ်အပျက်မျိုး ဖြစ်တာကို တွေ့ရပါတယ်။
ဒါ့အပြင် အင်္ဂုလိမာလသုတ် ဖြစ်ပေါ်လာတဲ့ အကြောင်းချင်းရာ အပြင် ဘုရားလောင်းရဲ့ ငယ်ဘဝနဲ့ ဘုရားဖြစ်ပြီး နောက်ပိုင်း ဖြစ်ပျက်ခဲ့တဲ့ ဗုဒ္ဓရဲ့ နောက်ခံ သမိုင်းရာဇဝင် အဖြစ်အပျက် တွေကိုပါ ဒီဇာတ်ကားထဲမှာ ပြည့်ပြည့်စုံစုံ သိခွင့် ရနိုင်တာကြောင့် ဒီနေ့ခေတ် လောဘ၊ ဒေါသ၊ မောဟတွေ အားကြီးလာနေတဲ့ လူ့အဖွဲ့အစည်း အတွင်းမှာ ခုလို ဇာတ်ကားမျိုး ပေါ်ထွက်လာတာဟာ ကျေနပ်စရာကောင်းလှသလို မျိုးဆက်သစ် ဗုဒ္ဓသာဘာဝင် လူငယ်တွေ အတွက်ပါ အကျိုးရှိစေမယ့် ဇာတ်ကားမျိုးလည်း ဖြစ်ပါတယ်။
ဒါကြောင့် အခြားဖျော်ဖြေရေး ဇာတ်ကားများကို ကြည့်ရှုပြီး ဘဝအမောတွေ ဖြေဖျောက် နေကြသလို အခု ဗုဒ္ဓ ဇာတ်ကား ကိုလည်း အချိန်ပေး ကြည့်ရှုပြီး မိမိရဲ့စိတ်ငြိမ်းအေးမှုကို တခဏတာ ဖြစ်ဖြစ် ရယူနိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ရပါတယ်။ ။