သတင်း

သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့် ကျန်းမာရေး အခြေအနေ ဆိုးဝါးနေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ငွေကြေး အလွဲသုံးစားမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် ရမည်းသင်း အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေကြောင်း သိရသည်။

ဝန်ကြီးဟောင်း ဦးဆန်းဆင့်မှာ လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက နှလုံးရောဂါခံစားနေရသူဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရပြီး နောက်ပိုင်း ရောဂါအခြေအနေ ပိုမိုဆိုးဝါးလာကြောင်း၊ ဆေးဝါးကုသမှု ခံယူနိုင်ရန်အတွက် အာမခံရရှိရေး ကြိုးစားနေကြောင်း ဝန်ကြီး ဟောင်း ဦးဆန်းဆင့်၏ အစ်ကိုရင်းဖြစ်သူ ဦးဆန်းမြင့်က ဧရာဝတီကို ပြောသည်။

“လူသာမာန်တွေမှာ တမိနစ်ကို နှလုံးခုန်နှုန်း ၇၀ ကနေ ၈၀ အထိ ရှိတယ်။ သူ့ရဲ့ဆေးစာတွေအရ သူ့မှာက (ဦးဆန်းဆင့်) ၅၆ ပဲ ရှိတယ်။ နှလုံးခုန်နှုန်း မမှန်ဘူး၊ ကျ နေတယ်။ အချိန်မရွေး နှလုံးတိုက်ခိုက်မှု ဖြစ်သွားနိုင်တယ်။ ထောင်ထဲမှာ ထောင်ဆရာဝန် ရှိပေ မယ့် နှလုံးအထူးကုနဲ့မှ ဖြစ်မှာ။ အဲဒါကြောင့် ဒက္ခိဏသီရိခရိုင် တရားရုံးမှာ အာမခံ လျှောက်ခဲ့ပေမယ့် မရဘူး။ မန္တလေးတိုင်း တရား လွှတ်တော်မှာ ရမလားဆိုပြီး အာမခံ လျှောက်သွားမှာပါ”ဟု ဦးဆန်းမြင့်က ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်က ဒက္ခိဏသီရိခရိုင် တရားရုံးသို့ ဦးဆန်းဆင့် ဆေးဝါးကုသမှု ခံယူနိုင်ရန်အတွက် အာမခံ လျှောက် ထား ခဲ့သော်လည်း ထောင်ဆရာဝန်ကြီးများနှင့် အခါမလပ် ကြပ်မတ် ကုသမှုခံယူနေရသောကြောင့် ဆိုပြီး ပယ်ချခဲ့သည်။

ထို့ကြောင့် ဦးဆန်းဆင့် အာမခံ ရရှိရေးအတွက် ရှေ့နေများက ဒက္ခိဏသီရိခရိုင် တရားရုံးထက် တဆင့်မြင့်သည့် မန္တလေးတိုင်း တရားလွှတ်တော်သို့ ယနေ့ အာမခံ လျှောက်ထားသွားမည်ဟု သိရသည်။

ဦးဆန်းဆင့်နှင့် ဆွေမျိုးတော်စပ်သူ ဦးလှစိုးက “ဦးဆန်းဆင့်ကို ကုသပေးနေတဲ့ ဆရာဝန်ကြီးတွေ သမားတော်ကြီးတွေက ဆေးရုံ တက်မှ ဖြစ်မှာဆိုပြီး ဆေးရုံတက်သင့်ကြောင်း ထောက်ခံစာတွေ ရေးပေးတာပဲ။ အာမခံ မရလို့ ဆေးရုံမတက်နိုင်ဘူးလေ။ ရမည်း သင်း ထောင်ထဲမှာ ဗြုန်းစားကြီး နှလုံးရောဂါဖောက်လာရင် နေပြည်တော်က ခုတင် ၁၀၀၀ ဆေးရုံကို သွားဖို့ ကားနဲ့တောင် ၂ နာရီ ကြာတယ်။ မိသားစုတွေ အကုန်လုံးလည်း ဒါကိုပဲ စိတ်ပူနေကြတာ”ဟု ပြောသည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို သာသနာရေး ဌာနပိုင်ငွေ ကျပ် သိန်း ၁၀၀ ကို ကိုယ်ကျိုး အလွဲသုံးစားပြုသည်ဟု ဆိုကာ ပုဒ်မ ၄၀၉ (ယုံကြည်အပ်နှံရေး အလွဲသုံးစားမှု) ဖြင့် အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ)မှ ဒု ညွှန်ကြားရေးမှူး ဦးဌေးလွင်က တရား လို ပြုလုပ်ပြီး နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်း ရဲစခန်း၌ အမှုဖွင့်၍ ဇွန်လ ၁၉ ရက်နေ့တွင် ဦးဆန်းဆင့်ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ ၄၀၉ ဖြင့် တရားရင်ဆိုင်နေဆဲမှာပဲပင် ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ရဲမှူးကြီး ခင်ဌေးက ပုဒ်မ ၁၂၄(က) နိုင်ငံတော် အကြည် ညိုပျက်စေမှုဖြင့် ထပ်မံတရားစွဲဆို ခဲ့သည်။

လက်ရှိတွင် ဦးဆန်းဆင့်အား ရမည်းသင်း အကျဉ်းထောင် အတွင်းရှိ သီးသန့်တိုက်တွင် ဖမ်းဆီး ထိန်းသိမ်းထားပြီး သြဂုတ်လ ၁၂ ရက်က ဒက္ခိဏသီရိခရိုင် တရားရုံး၌ ၇ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးမည် ဖြစ်သည်။

ဦးဆန်းဆင့်အား တရားစွဲဆိုထားသည့် တရားလို သက်သေများတွင် ဦးဆန်းဆင့် သာသနာရေးဝန်ကြီး တာဝန်ထမ်းဆောင်စဉ်က ဒု ဝန်ကြီး အဖြစ် တာဝန်ယူခဲ့ပြီး လက်ရှိတွင် သာသနာရေးဝန်ကြီး ဖြစ်လာသူ ဦးစိုးဝင်းလည်း ပါဝင်ကြောင်း သိရသည်။

စွဲဆိုထားသည့် အမှုတခုစီတွင် တရားလို သက်သေ ၂၈ ဦး အထိ တင်သွင်းထားပြီး အများစုမှာ သာသနာရေးဝန်ကြီး ဌာနမှ ညွှန်ချုပ်၊ ညွှန်မှူး၊ ဦးစီးအရာရှိများ ဖြစ်သည်ဟု ဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ ရှေ့နေလည်းဖြစ်သည့် ဦးဆန်းမြင့်က ပြောသည်။

“ပြီးခဲ့တဲ့ ရုံးချိန်းမှာ သာသနာရေး ဝန်ကြီး ဦးစိုးဝင်း လာအစစ်ခံရမှာကို သူ မအားလို့ ထင်တယ်။ သူ့ အစား ဒုဝန်ကြီး လာပြီး အစစ်ခံ သွားတယ်။ တရားလိုသက်သေ အများစုကတော့ သာသနာရေး ဌာနက ထိပ်ပိုင်း အရာရှိတွေချည်းပဲ များပါတယ်”ဟု ရှေ့နေ က ပြောဆိုသည်။

ဒက္ခိဏသီရိ ခရိုင်တရားရုံး၌ စစ်ဆေးနေသည့် ဦးဆန်းဆင့်၏ အမှုရုံးချိန်းများတွင် တရားသူကြီးက တရားခွင် အတွင်းသို့ မိသားစု အရင်းအခြာမှလွဲပြီး တခြားမည်သူကိုမျှ ဝင်ခွင့်မပေးဘဲ တံခါးပိတ် စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

“တရားခွင်က တံခါးပိတ်တယ်ဆိုတဲ့ ကိစ္စကို ကျနော့်အနေနဲ့ မဝေဖန်ချင်ဘူး။ သို့သော် တရားစီရင်ရေးမူကတော့ အများပြည်သူ ရှေ့မှောက်တွင် လွတ်လပ်စွာ ကြားနာစီရင်ရမယ် ဆိုတာ ရှိပါတယ်။ ပွင့်လင်းမြင်သာမှု ရှိရမယ်ပေါ့ဗျာ။ အဲဒီလို မူတော့ ရှိပါတယ်”ဟု ဦးဆန်းမြင့်က ပြောသည်။

ရမည်းသင်း ထောင်၌ အကျဉ်းကျနေသည့် ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို အစိုးရက မိသားစုဝင်များနှင့် ၃ ကြိမ် တွေ့ဆုံခွင့်ပေးခဲ့ပြီး တကြိမ်လျှင် ၁၀ မိနစ်မှ ၁၅ မိနစ် အထိသာ ခွင့်ပြုခဲ့ကြောင်း သိရသည်။

ဦးဆန်းဆင့်အား အရေးယူသည့် ကိစ္စကို အများပြည်သူ သိရှိစေရေး ပွင့်လင်းမြင်သာစွာ ထုတ်ပြန် ကြေညာပေးရန်နှင့် လွတ်လပ် သည့် တရားခွင်ဖြင့် စစ်ဆေးပေးရန် ပုသိမ်မြို့ရှိ ဦးဆန်းဆင့်ကို ထောက်ခံသူများက ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်တွင် ဆန္ဒပြခဲ့ကြ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading