မန္တလေးမြို့တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့သည့် ဇူလိုင် ၄ ရက်တွင် စတင် ထုတ်ပြန်ထားသည့် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ယနေ့တွင် ပြန်လည် ရုတ်သိမ်းလိုက်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
“ဒီနေ့မှာပဲ ထုတ်ပြန်လိုက်တာပါ။ အခြေအနေတွေ အားလုံးက အေးဆေးနေပြီ ဖြစ်တဲ့အတွက် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းလိုက်တာပါ” ဟု မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
မန္တလေးမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်မှုကို ရုတ်သိမ်းလိုက်သော်လည်း တချို့နေရာများတွင် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့များကို ဆက်လက် ထားရှိဦးမည်ဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး မင်းဇော်ဦးက ဆိုသည်။
မန္တလေးမြို့တွင် နယ်မြေ အေးချမ်းနေပြီ ဖြစ်သောကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှု ဥပဒေအရ ရက်ပေါင်း ၆၀ မပြည့်သေးခင် အချိန်စောစွာ ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ဘာသာခြားများမှ အမျိုးသမီးတဦးကို မုဒိန်းမှု ကျူးလွန်သည်ဟုဆိုကာ အင်တာနက်သတင်းနှင့် လူမှုကွန်ရက်များတွင် ရေးသား ဖြန့်ချိရာမှ မန္တလေးမြို့တွင် ဇူလိုင် ၁ ရက်က စတင်ပြီး လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ လူ ၂ ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာ ရရှိခဲ့သဖြင့် ဇူလိုင် ၄ ရက်က စတင်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ညမထွက်ရအမိန့် တားမြစ်ခဲ့ခြင်း ဖြစ်သည်။
မန္တလေးမြို့တွင် ထုတ်ပြန်ထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၄ ကို ချိုးဖောက်သဖြင့် ဖမ်းဆီး ပညာပေးကာ
ခံဝန်ချုပ်ဖြင့် ပြန်လည်လွှတ်ပေးသူ ၁၅၇ ဦး၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၈၈ အရ ဇူလိုင် ၁၇ ရက် အထိ အရေးယူခဲ့သည့် အမှုပေါင်း ၃၄၉ မှု၊ အရေးယူ ခံရသူပေါင်း ၈၃၄ ဦး ရှိခဲ့ကြောင်း သိရသည်။
မန္တလေး ပဋိပက္ခအတွင်း လူသတ်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ ဘာသာရေး အဆောက်အအုံများ ဖျက်ဆီးမှု၊ ရုန်းရင်းဆန်ခတ်မှု၊ ငြိမ်ဝပ်ပိပြားရေး ပျက်ပြားစေရန် လှုံဆော်မှု၊ လက်နက်မှုနှင့် ရဲအက်ဥပဒေတို့ဖြင့် အမှု ၁၉ မှုကို
အရေးယူနိုင်ခဲ့ပြီး တရားခံ ၄၉ ဦး ကို ဖမ်းဆီးရမိထားကြောင်း၊ တရားခံ ၈ ဦးမှာ ထွက်ပြေး လွတ်မြောက်ဆဲ ဖြစ်ကြောင်း သြဂုတ်လ ၂ ရက်တွင် ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ယခုကဲ့သို့ ညမထွက်ရ အမိန့်ကို ပြန်လည် ရုတ်သိမ်းမှုအပေါ် မန္တလေး မြို့ခံများမှ ကြိုဆိုကြပြီး မန္တလေး မြို့ထဲ၌လည်း စီးပွားရေး လုပ်ငန်းများ၊ ဈေးဆိုင်များ ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်သည်ဟု မန္တလေးမြို့
ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီမှ ဦးဇော်ဇော်လတ်က ဆိုသည်။
“ပုဒ်မ ၁၄၄ ပြန်ရုတ်တာ နောက်တောင် ကျနေပြီလို့ ကျနော်တော့ မြင်တယ်။ အစောကြီးကတည်းက ထုတ်ပြန်ရမှာ။ အဲဒီ ပုဒ်မကြောင့် အခြေခံ လူတန်းစားတွေပဲ ဒုက္ခရောက်ရတာ။ ပြည်သူတွေကို ဥပဒေနဲ့ ချုပ်ကိုင်တာမျိုး မလုပ်ရဘူး။ လုံခြုံရေး ကောင်းကောင်းပဲ ပေးရမှာ။ မန္တလေးမှာ နေထိုင်ကြတဲ့ ဘာသာ မတူသူတွေ အားလုံးက အရင်ကတည်းက ဘာမှဖြစ်တာ မဟုတ်ဘူး။ အခုလည်း အတူတူပဲ ပြန်ဆက်ဆံပြီး အလုပ် လုပ်နေကြတာပဲ” ဟု ၎င်းက ဆက်ပြောသည်။
မန္တလေးမြို့တွင် ဘာသာခြားများမှ အမျိုးသမီး တဦးအပေါ် ကျူးလွန်သည်ဆိုသည့် မုဒိန်းမှုသည် လိမ်လည် တိုင်တန်းသည့် အမှုကိစ္စသာ ဖြစ်သည်ဟု စိစစ်တွေ့ရှိခဲ့သဖြင့် လီဆယ်တိုင် ကြားသူ မဖြူဖြူဝင်း(ခ) ကတုံးမနှင့် အပေါင်းအပါများကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများဖြင့် ပြန်လည် တရားစွဲဆိုလျက် ရှိသည်ဟု သြဂုတ်လ ၂ ရက်တွင် ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် ကြေညာခဲ့သည်။