စစ်မှန်သော ဆန္ဒမရှိဘဲ ပြုပြင်ပြောင်းလဲရေး မထိရောက်နိုင်

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန်ကယ်ရီက တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပဋိပက္ခ၊ မီဒီယာများကို အကာအကွယ်ပေးရေး၊ မြေယာသိမ်းဆည်းမှုများကို ဖြေရှင်းရေး၊ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ ထိန်းချုပ်ရေးတို့ကို မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုများအဖြစ် ပြောဆိုခဲ့သည်။ တနည်းအားဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရ ထိထိရောက်ရောက် မလုပ်ဆောင်ရသေးသည့် ကိစ္စများကို ထောက်ပြခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ရှေ့မတိုးနိုင်ဘဲ ဖြစ်နေပြီး လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရေး နည်းမျိုးစုံ လမ်းကြောင်းရှာနေသဖြင့် မီဒီယာများ၏ ဝေဖန်မှုကို ခံနေရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးကို မလုပ်လိုခြင်းမှအစ မီဒီယာများသမားများအပေါ် ပြင်းထန်သော ပြစ်ဒဏ်ချမှတ်မှုများအဆုံး လုပ်ဆောင်ချက်များကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရသည် ပြည်တွင်းမှ ထောက်ခံမှု ကျဆင်းနေပြီး နိုင်ငံတကာမှ ဖိအားများကိုလည်း ရင်ဆိုင်နေရသည်။

ယခင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ အမေရိကန်သမ္မတ မစ္စတာ အိုဘားမား စသည့် နိုင်ငံ့ခေါင်းဆောင်များ လာရောက်ခါနီးတိုင်း သမ္မတ ဦးသိန်းစိန် အစိုးရက အမှတ်ရမည့် လုပ်ဆောင်ချက်များ ထလုပ်လေ့ရှိသည်။ ယခုလည်း မစ္စတာ ဂျွန်ကယ်ရီ မလာမီ Bi မွန်းတည့်နေ ဂျာနယ်မှ မီဒီယာသမားများကို ပြစ်မှုပုဒ်မများ လျှော့ပေါ့ ပြောင်းလဲပေးလိုက်သည်။

ဤသည်မှာ နမူနာ တခုမျှသာ ဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် ဖိအားမရှိဘဲ သိသာသည့် ပြောင်းလဲမှုကို လုပ်ဆောင်လေ့မရှိသည့် သဘောဖြစ်နေသည်။ တနည်းအားဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းမြင်သာမှုများကို စိတ်ပါလက်ပါ ဟန်ချက်ညီညီ လုပ်ဆောင်ရန် ဆန္ဒမရှိသေးဟု ဆိုနိုင်သည်။

အမေရိကန်နှင့် ဆက်ဆံရေးတွင် ပြည်တွင်း လူ့အခွင့်အရေးဆိုင်ရာ၊ မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာများကို သမ္မတ ဦးသိန်းစိန် အစိုးရက အတိုးအလျှော့လုပ်ပြီး ကစားသကဲ့သို့ ဖြစ်နေသည်။

မစ္စတာ ဂျွန်ကယ်ရီနှင့် တွေ့ဆုံစဉ် မြန်မာအစိုးရ ခေါင်းဆောင်များက ရှေ့ဆက်လုပ်ဆောင်စရာ လုပ်ငန်းများစွာ ရှိနေကြောင်း လက်ခံပြီး ဆက်လုပ်ရန် ဆန္ဒရှိသည်ဟု ပြောဆိုခဲ့ကြသည်။ သို့သော် လက်ရှိအခြေအနေတွင် အခြေခံဥပဒေ ပြင်ဆင်ရေးမှာ လုံးဝမျှော်လင့်ချက် ကင်းနေပြီး မဲဆွယ်ကာလ ကန့်သတ်ခြင်း စသည့် လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် လုပ်ဆောင်ချက်များကို တွေ့နေရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရကို အဓိက စိန်ခေါ်မည့် ကိစ္စမှာ ၂၀၁၅ ရွေးကောက်ပွဲဖြစ်သည်။ မစ္စတာ ဂျွန်ကယ်ရီက လာမည့်ရွေးကောက်ပွဲတွင် အားလုံးပါဝင်ခွင့် ရရေး၊ ပွင့်လင်းမြင်သာမှု ရှိရေး၊ မျှတမှု ရှိရေး၊ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေး အလွန်အရေးကြီးကြောင်း ပြောဆိုသွားသည်။

သို့သော် သမ္မတ ဦးသိန်းစိန်၏ ကျန်သည့် သမ္မတ သက်တမ်းအတွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး အပါအဝင် ပြုပြင်ပြောင်းလဲရေးများအတွက် လုံလောက်သည့်အချိန် မရှိတော့ပေ။ ဖိအားပေးမှုရှိမှ ထလုပ်လေ့ရှိသော အလေ့အထကြောင့် အချိန်များ ကုန်ဆုံးခဲ့ပြီး ပြည်သူများအတွက်လည်း ထိရောက်သော အကျိုးကျေးဇူးမရ၊ ဒီမိုကရေစီ အကူးအပြောင်းလည်း ထစ်ငေါ့နေခဲ့သည်။

သမ္မတ ဦးသိန်းစိန် အနေဖြင့် တွန်းအားရှိမှ ထလုပ်ခြင်း မဟုတ်ဘဲ စစ်မှန်သော စိတ်ဆန္ဒဖြင့် ထိရောက်သော ပြုပြင်ပြောင်းလဲရေးများကို စတင်မလုပ်ဆောင်ပါက အမေရိကန် အပါအဝင် နိုင်ငံတကာ၏ ဖိအားများ ဆက်လက် ရှိနေမည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်သည့်တိုင် လာမည့်ရွေးကောက်ပွဲကလည်း အဆုံးအဖြတ် ပေးလိမ့်မည် ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading