မိုးမကျခင်အချိန် ပူလောင်လှသည့် အင်္ဂါနေ့ ညနေခင်းတခုတွင် ဖြစ်သည်။ ရန်ကုန် Junction မော်တင် ဘေးတွင် ဒေါ်နီနီရှိန် ကားကို ပါကင်ထိုးနေသည်။
“ခနလောက် နားဖို့ပါ” ဟု ရန်ကုန်မြို့၏ ရှုပ်ထွေးသော လမ်းများပေါ်တွင် နေ့ခင်းကတည်းက ခရီးသည်များကို ပို့ဆောင် ပေးနေခဲ့ရသော ကလေး ၃ ယောက်မိခင် အသက် ၆၀ အရွယ် ဒေါ်နီနီရှိန်က ရှင်းပြသည်။
တက္ကစီကား၏ လက်ကိုင်ဘီးနောက်ကို သူရောက်နေခဲ့သည်မှာ ဆယ်စုနှစ် တခုရှိခဲ့ပြီ။ ယခုအချိန်တွင် ဒေါ်နီနီရှိန်၏ ခင်ပွန်းဖြစ်သူက အလုပ်မှ အငြိမ်းစားယူခဲ့ပြီး ကလေးများလည်း အရွယ်ရောက်ကြပြီ ဖြစ်သည်။ ထို့ကြောင့် အချိန်ပြည့် အိမ်ရှင်မတဦး ဘဝမှနေ၍ မြန်မာနိုင်ငံတွင် ရှားရှားပါးပါး အမျိုးသမီး တက္ကစီယာဉ်မောင်း တဦးအဖြစ် ပြောင်းလဲရန် သူဆုံးဖြတ်ခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အဆိုအရ စီးပွားရေးမြို့တော် ဖြစ်သည့် ရန်ကုန်တွင် တက္ကစီ အစီးရေ ၂၆၀၀၀ ရှိပြီး အမျိုးသမီးများ မောင်းနှင်သည့်ယာဉ်က ၅ စီးသာ ရှိသည်ဟု သိရသည်။
“ကျနော်တို့မှာ ယာဉ်မောင်း ၉၀ လောက်ရှိတယ်။ ဒါပေမယ့် အမျိုးသမီး ယာဉ်မောင်း တယောက်မှမရှိဘူး” ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးတွင် အခြေစိုက်သော Golden Swallow တက္ကစီ ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်လင်းက ပြောသည်။
အမျိုးသမီးတဦးကို အလုပ်ပေးရန် စဉ်းစားနိုင်မလား ဆိုသည့် မေးခွန်းကို ဦးကျော်လင်းက မှတ်ချက်မပေး။
“မြန်မာနိုင်ငံမှာ သိပ်ပြီး ခေတ်မစားလို့ ဖြစ်နိုင်ပါတယ်” ဟု သာ သူကဆိုသည်။ ခရီးသည်အများစုမှာ ယောက်ျားများ ဖြစ်ပြီး တခါတရံ အရက်သောက်ထားသူများ ပါတတ်ကြသဖြင့် အမျိုးသမီး တယောက်အတွက် ညဘက် ကားမောင်းရန် အခက်အခဲ ရှိနိုင်ကြောင်း သူက ထပ်ပြောသည်။
အမျိုးသမီး တက္ကစီယာဉ်မောင်း ရှားပါးမှုအတွက် မည်သို့သော အကြောင်းပြချက်ပေးသည် ဖြစ်စေ မြန်မာနိုင်ငံတွင် သာမက နိုင်ငံအမြောက်အများ တွင်ပါ အမျိုးသမီးယာဉ်မောင်းများ ပေါ်ပေါက်လာနေပြီဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဝက်ဘ်ဆိုက်၏ အဆိုအရ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ တက္ကစီ မောင်းသူများထဲတွင် အမျိုးသမီးက ၁ ဒဿမ ၁ ရာခိုင်နှုန်းသာ ပါဝင်ပြီး ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင်လည်း ထိုနည်းတူ ဖြစ်သည်။ ထိုနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်လျှင် ပြင်သစ်နိုင်ငံတွင်မူ တက္ကစီ မောင်းသူများထဲတွင် အမျိုးသမီးပါဝင်မှုက အနည်းငယ် ပိုမိုမြင့်မားပြီး ၉ ရာခိုင်နှုန်း ရှိနေသည်။
ဘေးကင်း လုံခြုံမှုရှိရေးသည် ဘဝရပ်တည်ရေးအတွက် တက္ကစီ မောင်းရန် စဉ်းစားနေကြသည့် အမျိုးသမီး အမြောက် အမြားနှင့် အမျိုးသမီး ခရီးသည်များအတွက် အရေးပါသော ကိစ္စတခုဖြစ်ပါသည်။ အနောက်နိုင်ငံများရှိ သီးသန့် တက္ကစီ ကုမ္ပဏီ ကြီးများက အမျိုးသမီးခရီးသည် များအတွက် အမျိုးသမီး ယာဉ်မောင်းများက ပို့ဆောင်ပေးနိုင်ရန် စီစဉ်ပေးကြ သည်။ သို့သော်လည်း ရန်ကုန်မြို့မှ လက်တဆုပ်စာမျှသာ ရှိသည့် အမျိုးသမီး တက္ကဆီယာဉ်မောင်း တယောက်ဖြစ်သည့် ဒေါ်ငြိမ်းရှင်က ထိုကိစ္စသည် သူ့အတွက် အဓိကစိုးရိမ်စရာ မဟုတ်ဟုပြောသည်။
“ကျမ နေ့တိုင်း မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ အလုပ်လုပ်တယ်” ဟု ဒေါ်ငြိမ်းရှင်က ဆိုသည်။ ဦးကျော်လင်းက အမျိုးသမီးများ ညဘက် မှောင်သည့် အချိန်တွင် တက္ကစီ မမောင်းသင့်ကြောင်း ပြောသည်ကို သူက လက်ခံသည်၊ သို့သော် လည်း နေ့ခင်းဘက် အချိန်တွင် အမျိုးသမီးများ မမောင်းနိုင်စရာ အကြောင်းမရှိဟု ဆိုသည်။
ဒေါ်ငြိမ်းရှင် ယခင်က အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်ခဲ့သည်။ သူ တက္ကစီမောင်းသည်မှာ တလခန့်သာ ရှိသေးသည်။ ဒီအလုပ်က ပျော်စရာကောင်းသော်လည်း တခါတရံ ကြိုးစားရတာတွေရှိသည်ဟု သူက ယူဆထားသည်။
သူစိတ်ပူသော တစုံတရာကို ပြောပြရမည်ဆိုလျှင် တနေ့တခြား ယာဉ်စီးရေ များပြားရှုပ်ထွေးလာနေသည့် ရန်ကုန်မြို့က ယာဉ်ကြောတွေဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့သည့် အချိန်မှ၍ တိုင်းပြည်၏ လမ်းများပေါ်တွင် ယာဉ်အရေအတွက် သိသိသာသာ များပြားလာသည်။ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်း ဇယားများအရ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်အထိ ကားအရေအတွက် စုစုပေါင်း ၄၀၀၀၀၀ ခန့်ရှိပြီး ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းတွင် စီးရေ ၂၆၀၀၀၀ ရှိခဲ့ရာမှ တိုးလာခြင်းဖြစ်သည်။
ကြမ်းကြမ်ရမ်းရမ်း မောင်းနှင်တတ်သည့် ဘတ်စ်ကား ဒရိုင်ဘာများ၊ လမ်းလုံးပြည့်အောင် ပျားပန်းခတ်လှုပ်ရှားနေကြသည့် ခြေလျင် သွားလာ နေသူများကြောင့် ရန်ကုန်မြို့၏ လမ်းများသည် အတွေ့ အကြုံရင့်ကျက်သည့် ကားသမားများ အတွက်ပင် စိတ်ဖိစီးမှုများ ဖြစ်စေနိုင်သည်။
ယာဉ်ကြောပိတ်ခြင်း၊ ရှုပ်ထွေးခြင်းများ ရှိနေသော်လည်း သင့်တင့်သော ဝင်ငွေကို ရအောင် ရှာဖွေနိုင်သည်ဟု အမျိုးသမီး ယာဉ်မောင်းများက ပြောကြသည်။ ရန်ကုန်မြို့တွင်းပိုင်း လမ်းပိတ်မှုများကြောင့် အချိန်ကုန်ခြင်းများ ရှိတတ်သော်လည်း ပျမ်းမျှ အားဖြင့် တနေ့လျှင် ခရီးသည် ၁၀ ဦးမှ ၁၅ ဦးအထိ ရတတ်သည့်အတွက် ကောင်းကောင်း အလုပ်ဖြစ်သည်ဟု ဒေါ်ငြိမ်းရှင်ကပြောသည်။
ဒေါ်နီနီရှိန်ကတော့ တနေ့လျှင် ဝင်ငွေကျပ် ၃၀၀၀၀ ခန့်ရသည်ဟု ဆိုသည်။
“ဓာတ်ငွေ့ ဖြည့်ဖို့အတွက် ၃၀၀၀ ပဲသုံးတယ်။ ဒီအလုပ်က ကောင်းပါတယ်” ဟု လက်ကိုင်ဘီး အပေါ်မှကျော်၍ အပြင်သို့ ကြည့်ရင်း သူက ဆိုသည်။ မီးပွိုင့်တခုမှာ တန်းစီ စောင့်ဆိုင်းရင်း ဘယ်ဘက်ကို ချောင်းကြည့်သည့် အချိန်တွင် သူ့ဦးခေါင်းက ရှေ့လေကာမှန်နှင့် ထိလုမတတ် ဖြစ်နေသည်။ ညပိုင်း လမ်းမပေါ်တွင် အလင်းရောင်ထွက်နေသည့် အရာဆို၍ တခြားသော ကားများမှ လွဲလျှင် မီးပွိုင့်တခုသာ ရှိသည်။
တက္ကစီ ကုမ္ပဏီများက အမျိုးသမီး ယာဉ်မောင်းများ ထားရှိရန် တွန့်ဆုတ် နေကြသော်လည်း ကားမောင်းတတ်သည့် အမျိုး သမီးများ လိုအပ်မှု ကလည်း သိသိသာသာ ရှိလာသည်။ ရန်ကုန်မြို့ Park Royal ဟိုတယ်မှ လုပ်ငန်းအရာရှိချုပ် ဒေါ်ဘာဘရာ မြင့်စိန်က သူတို့ဟိုတယ်တွင် မကြာသေးမီကပင် အမျိုးသမီး ယာဉ်မောင်း ၂ ဦး ခန့်ထားခဲ့ကြောင်း ပြောသည်။ သို့သော်လည်း ယခုအချိန်တွင် အဆိုပါ အမျိုးသမီး ၂ ယောက်စလုံး အလုပ်ပြောင်းသွားကြပြီ ဖြစ်သည်။ “တယောက်က လစာပိုကောင်းတဲ့ အတွင်းရေးမှူးနဲ့ ယာဉ်မောင်း တွဲလုပ်ရမယ့် အလုပ်ကိုရသွားလို့ ထွက်သွားတာပါ” ဟု ဒေါ်ဘာဘရာ မြင့်စိန်က ရှင်းပြသည်။
သူ့အတွက်ကတော့ ၁၀ နှစ်ကျော်လုပ်ခဲ့ပြီး ဖြစ်သော အလုပ်ကို စွန့်လွှတ်ဖို့ အကြောင်းမရှိဟု ဒေါ်နီနီရှိန်က ဆိုသည်။ “ရပ်ဖို့ အစီအစဉ်မရှိဘူး၊ အမြဲတမ်း ဆက်လုပ်သွားမှာပဲ” ဟု သူကပြောသည်။
ဒေါ်ငြိမ်းရှင်ကဲ့သို့ မဟုတ်ဘဲ အတွေ့အကြုံရင့်ကျက်သည့် ဒေါ်နီနီရှိန်က ပုံမှန်အားဖြင့် ညဘက်ဆိုလျှင် တိတ်ဆိတ် နေလေ့ ရှိသော ရန်ကုန်မြို့၏ လမ်းများပေါ်တွင် ကားမောင်းရခြင်းအတွက် စိတ်အနှောင့်အယှက် မဖြစ်။ သို့သော်လည်း အများ အားဖြင့် သူတို့ ၂ ယောက်စလုံး ဆူးလေ စေတီတဝိုက်၊ တရုတ်တန်းမှ ဗိုလ်တထောင်မြို့နယ် အထိ အစရှိသော မြို့လယ် အချက်အချာ နေရာတွင်သာ နေလေ့ရှိကြသည်။ ရံဖန်ရံခါ လေဆိပ် ဘက်သို့ ပို့ဆောင်ပေးရခြင်း ကလည်း ဒေါ်နီနီရှိန် အတွက် ပျော်ရွှင်စရာဖြစ်သည်။
ပြီးခဲ့သည့် နှစ်အနည်းငယ် လောက်အထိ ရန်ကုန်မြို့ လမ်းများပေါ်တွင် နိုင်ငံခြားသားများကို တွေ့မြင်ရခဲသည်။ မင်္ဂလာဒုံ လေဆိပ်သို့ မိနစ် ၄၀ ခန့် ကြာမြင့်မည့် ခရီးကို ပို့ဆောင်ပေးရန် ခရီးသည် ရလိုက်သည့် တက္ကစီသမားသည် ကံထူးသူ ဖြစ်သည်။ ထိုကာလတွင် ကားသမား အများစုက လေဆိပ်ခရီးစဉ် အတွက် ကားခ ကျပ် ၇၀၀၀ သို့ မဟုတ် ၈၀၀၀ တောင်းတတ် ကြသည်။ စီးပွားရေး အကွက်မြင်သူ တချို့က လေအေးစက်ဖွင့်ပေးပြီး ၁၂၀၀၀ ကျပ် လောက်အထိ ပိုတောင်းသည်များလည်း ရှိသည်။
“တချို့ ကားသမားတွေက နိုင်ငံခြားသားတွေဆိုရင် မတရား ပိုတောင်းကြတယ်” ဟု ဒေါ်နီနီရှိန်က ပြောသည်။ သူကတော့ အလားတူ ခရီးမျိုးအတွက် ၅၀၀၀ ကျပ်ဟု စံနှုန်း သတ်မှတ် ထားကြောင်း ရှင်းပြသည်။
တခြားသော အမျိုးသား ယာဉ်မောင်းများ ကဲ့သို့ပင် သူ့ဖုန်းနံပါတ်ကို ကျနော့်အား ပေးသည်။
“ရှင်နောက်တခါ လေဆိပ်သွားမယ်ဆိုရင် ကျမကို ဖုန်းဆက်လိုက်ပါ” ဟု သူက ဆိုသည်။