လူသားအရင်းအမြစ် စီမံခန့်ခွဲမှု (Human Resource Management – HRM) ဘာသာရပ်အဆိုအရ အဖွဲ့အစည်းတွေ ပြောင်းလဲရခြင်း အကြောင်းအရင်း ၂ ရပ် ရှိပါတယ်။ တခုကတော့ (Reactive Change) ပြင်ပအင်အားစုတွေရဲ့ လှုံ့ဆော်မှုကြောင့် မဖြစ်မနေပြုလုပ်ရတဲ့ အပြောင်းအလဲဖြစ်ပါတယ်။ နောက်တခုကတော့ (Proactive Change) ရည်မှန်းချက်ထားပြီး အပြောင်းအလဲကို မိမိဘာသာ ကမကထပြုလုပ်ကာ ပန်းတိုင်ကို ဦးတည်စေတဲ့လုပ်ရပ် ဖြစ်ပါတယ်။
ယနေ့ကမ္ဘာမှာ မဖြစ်မနေ အပြောင်းအလဲတွေ လုပ်ရစေတဲ့ အခြားတွန်းအားတွေဟာ နည်းပညာနဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ဖြစ်တယ်လို့ HRM က ဆိုပါတယ်။ အစိုးရတွေ၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေကြားမှာ အပြောင်းအလဲကို ခေတ်၊ နည်းပညာ၊ စနစ်နဲ့အညီ ပြောင်းလဲကြရပါတယ်။ အပြောင်းအလဲကြောင့် အောင်မြင်တိုးတက်မှုတွေ ရနိုင်သလို ဆိုးကျိုးတွေလည်း ပေါ်ထွန်းနိုင်စေပါတယ်။
နာမည်ကျော် Apple ကုမ္ပဏီကို ကြည့်ပါ။ ၁၉၉၇ ခုနှစ် Apple ပြိုကျလုဆဲဆဲမှာ စီအီးအိုအဖြစ် ပြန်ရောက်လာခဲ့တဲ့ စတိဖ်ဂျော့ချ်ဟာ စိန်ခေါ်မှုတွေ တပုံတပင်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ ဒေဝါလီခံလုဆဲဆဲ ကုမ္ပဏီကို ယနေ့ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး နည်းပညာကုမ္ပဏီအဖြစ် ပြောင်းလဲနိုင်ခဲ့သူ ဖြစ်ပါတယ်။ စတိဖ်ရဲ့ အပြောင်းအလဲဗျူဟာက များပြားနေတဲ့ ကုန်စည်အမျိုးအစားတွေကို သေးငယ်စွာခြုံ့ပြစ်ပြီး စားသုံးသူတွေကို စွဲဆောင်မှု ပိုရှိစေတဲ့နည်းပညာပစ္စည်းတွေနဲ့အစားထိုးပြင်ဆင်ဖို့ ဖြစ်ပါတယ်။ တီထွင်မှုကို ပိုမိုဦးစားပေးခဲ့တဲ့ Apple ဟာ iPod၊ iPhone၊ iPad တွေနဲ့ဈေးကွက်မှာ ထိပ်ဆုံးကနေ ပြန်လည်ဦးဆောင်ခဲ့တာဟာ ကုမ္ပဏီအတွင်း အပြောင်းအလဲကို စနစ်တကျ ပြုလုပ်ခဲ့တဲ့ရလဒ်ကြောင့် ဖြစ်ပါတယ်။ စတိဖ်ဟာ Apple ကုမဏီကို ကယ်တင်နိုင်ရုံတင်မဟုတ်ပဲ ယနေ့ခေတ်လူသားတွေရဲ့ လူနေမှုပုံစံနဲ့ နည်းပညာသုံးစွဲမှုပုံစံတွေကိုပါ ပြောင်းလဲခဲ့သူ ဖြစ်ပါတယ်။
ရီပတ်ဘလစ်ကင်ပါတီက သမ္မတဘုရှ် ၈နှစ်တာ တိုင်းပြည်ကို အုပ်ချုပ်အပြီးမှာ အမေရိကန် ပြည်ထောင်စုဟာ အကျပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အီရတ်နဲ့ အာဖဂန်စစ်ပွဲကြောင့် တိုင်းပြည် ဘဏ္ဍာငွေတွေကို စစ်အသုံးစရိတ်အဖြစ် အများအပြား သုံးစွဲခဲ့ရတဲ့အတွက် တိုင်းပြည် ရဲ့စီးပွားရေးဟာလည်း ချွတ်ခြုံကျခဲ့ရပါတယ်။ အဲဒီအချိန်မှာ အမေရိကန်ပြည်သူတွေဟာ အထွေထွေ အကျပ်အတည်းတွေထဲကနေ လွတ်မြောက်အောင်၊ လက်ရှိအခြေအနေကနေ ပြောင်းလဲနိုင်မယ့် နိုင်ငံရေးသမားကို မျှော်လင့်ခဲ့ပါတယ်။ အချိန်အခါနဲ့အကိုက် သမ္မတအိုဘားမားဟာ သူ့ရဲ့ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုဆောင်ပုဒ်ကို “ Change” (အပြောင်းအလဲ)လို့ နာမည်တပ်ခဲ့ပါတယ်။ လူတွေ အတော်ကို ကြိုက်နှစ်သက်ခဲ့တဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ အပြောင်းအလဲကို ဆာလောင်နေတဲ့ အမေရိကန်ပြည်သူတွေအတွက်တော့ အိုဘားမားလို နိုင်ငံရေးသမားမျိုးကို ရလိုက်တာဟာ ရေငတ်သူရေတွင်းထဲ ကျသလိုဖြစ်ခဲ့တဲ့ပြီး ဒီမိုကရက်ပါတီကလည်း သမ္မတရွေးကောက်ပွဲမှာ ၂ ကြိမ် တိုင်တိုင် အနိုင်ရရှိခဲ့ပါတယ်။
နှိုင်းယှဉ်လို့ မကောင်းပေမယ့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ ချိန်ထိုးကြည့်ပါ့မယ်။ စစ်အုပ်ချုပ်မှု တရားဝင်ဖြစ်ပြီး ဒီမိုကရေစီလမ်းကြောင်း အပြောင်းအလဲဖြစ်အောင် မြန်မာနိုင်ငံမှာ လုပ်ဆောင်ခဲ့သူဟာ ယခင်တပ်ချုပ်ကြီး ဦးသန်းရွှေလို့အများက ယူဆပါတယ်။ နှစ်ပေါင်း ၅၀ ကျော်ကြာ စစ်အုပ်ချုပ်ရေးပုံစံအမျိုးမျိုးနဲ့ အုပ်ချုပ်လာခဲ့တဲ့ မြန်မာစစ်အစိုးရရဲ့ ၂၀၁၀ ခုနှစ်နှောင်းပိုင်း အပြောင်းအလဲဟာ ပုံစံ ၂ မျိုးစလုံးနဲ့အံဝင်ဂွင်ကျဖြစ်နေပါတယ်။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုနဲ့ ပြင်တွင်းအင်အားစုတွေရဲ့ဖိအားဟာ စစ်အစိုးရကို ပြင်ပကမ္ဘာနဲ့ထိတွေ့စေဖို့အကြောင်း အရင်းတခုဖြစ်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။
တချိန်တည်းမှာပဲ စစ်အစိုးရဟာ သူတို့ ပြောင်းလဲချင်တဲ့လမ်းကြောင်းကို သူတို့ မရမက ရွေးချယ်တည်ဆောက်ခဲ့ပါတယ်။ အချက် ၇ ချက်ပါ လမ်းပြမြေပုံမှတဆင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပရေရေးစွဲရေး နှင့် ၂၀၁၀ တဖက်သက်ရွေးကောက်ပွဲ အနိုင်ရရေး ဆောင်ရွက်ချက်တွေဟာ ဇွတ်လုပ်ခဲ့တဲ့ အပြောင်းအလဲဖြစ်ပါတယ်။ ဘယ်သူ့ကန့်ကွက်မှုကိုမှ မရုမစိုက်ဘဲ စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ဦးသိန်းစိန်အစိုးရ အာဏာရလာအောင် တနစ်တကျ စီမံခဲ့ပါတယ်။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက် အောင်မြင်အောင် စစ်အစိုးရက အပြောင်းအလဲကို လုပ်နိုင်ခဲ့ပါတယ်။ စစ်အစိုးရရဲ့အပြောင်းအလဲ ခြေလှမ်းကြောင့် အခြားအင်အားစု တွေအပေါ်မှာလည်း ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်စေခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို လက်တွေ့ကျကျ ကျောခိုင်းလိုက်ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ခဲ့ခြင်းအားဖြင့် အစိုးရနဲ့အတိုက်ခံတို့ရဲ့ တိုက်ပွဲပုံစံ ပြောင်းလဲ သွားစေခဲ့ပါတယ်။
ဆောင်ရန်နဲ့ ရှောင်ရန်
တကယ်တမ်း အပြောင်းအလဲကို စတင်တဲ့အခါမှာ သီအိုရီတွေဟာ လက်တွေ့နယ်ပယ်ထဲကို ဝင်ရောက်လာရတာဖြစ်တဲ့အတွက် အပြောင်းအလဲတွေကို ပုံသေကားချပ် တွက်ချက်လို့ မရတော့ပါဘူး။
ဦးသိန်းစိန်အစိုးရရဲ့ အပြောင်းအလဲဗျူဟာမှာ အပစ်အခတ်ရပ်စဲရေးမှသည် ပြည်တွင်းငြိမ်းချမ်းရေး၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး၊ ကောင်းမွန်သော အစိုးရ သန့်ရှင်းသော အစိုးရပေါ်ထွန်းရေးနဲ့ နိုင်ငံရေးအရ ဖြေလျော့မှုများ ပြုလုပ်ရေးလို့ ယေဘုယျ သုံးသပ်နိုင်ပါတယ်။ အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်လာပြီးနောက် အပြောင်းအလဲ မဟာဗျူဟာဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ နှစ်ပေါင်း ၂၀ နီးပါး သင်းကွတ်ခံထားရတဲ့ ပါတီကို ကျစ်လစ်အောင် ပြန်လည်တည်ဆောက်ရေး၊ လွှတ်တော်အတွင်းမှ တိုင်းပြည်ကို ငြိမ်းချမ်းစွာ ပြောင်းလဲနိုင်ရေးတို့ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။
အပြောင်းအလဲလုပ်ဆောင်တဲ့နေရာမှာ မအောင်မြင်ရတဲ့ အကြောင်းအချက် ၅ ခုရှိတယ်လို့ HRM က ဆိုပါတယ်။
၁) အရေးတကြီး လုပ်ဆောင်ရမယ့် အရာများကို မဖန်တီးနိုင်ခြင်းနှင့် စွမ်းအားမြှင့် စုပေါင်းမှုများ မတီထွင်နိုင်ခြင်း
၂) ရည်မှန်းချက်ကြီးပြီး ဦးတည်ချက်ဆီ ပေါင်းကူးပေးမည့် ခေါင်းဆောင်များ မရှိခြင်း
၃) အတားအဆီးများကို မရှင်းလင်းနိုင်ခြင်း (သို့မဟုတ်) လုပ်သားအင်အားစုများ၏ စိတ်ခွန်အားကို မမြှင့်တင်နိုင်ခြင်း
၄) ကာလတို အောင်မြင်မှုငယ်များကို စနစ်တကျ မတည်ဆောက်နိုင်ခြင်းနှင့် အောင်ပွဲကို အဆောတလျင် ခံယူခြင်း
၅) အဖွဲ့အစည်းမှာ ကျင့်သုံးနေတဲ့ ယဉ်ကျေးမှုထဲမှာ အပြောင်းအလဲကို ခံယူတတ်လာအောင် မလေ့ကျင့် မပျိုးထောင်နိုင်ခြင်း (သို့မဟုတ်) အပြောင်းအလဲရဲ့ အရှိန်အဟုန်ကို ဟန်ချက်ညီအောင် မထိန်းထားနိုင်ခြင်း တို့ဖြစ်ပါတယ်။
အပြောင်းအလဲအတွက် ရှောင်ရန်တွေထဲမှာ ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍ အရေးပါပုံကို HRM က အလေးပေး တင်ပြပါတယ်။ အဖွဲ့အစည်းမှာ ကျင့်သုံးနေတဲ့ ယဉ်ကျေးမှုကို မပြောင်းလဲနိုင်သရွေ့ အဖွဲ့အစည်း အပြင်မှာ လုပ်နေတယ်ဆိုတဲ့ အဲဒီအပြောင်းအလဲဟာ အာမခံချက် မရှိပါဘူး။ အပြောင်းအလဲကို လိုလားတဲ့ ခေါင်းဆောင်မှုဟာ အပြောင်းအလဲကို ဖျက်လိုဖျက်ဆီးလုပ်မယ့်သူတွေ၊ အပြောင်းအလဲကို နောက်ပြန်ဆုတ်သွားအောင် လုပ်လိုသူတွေကို အပြောင်းအလဲကာလအတွင်းမှာ ဖယ်ရှားပစ်ရပါမယ်။ လုပ်ပိုင်ခွင့် အာဏာနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကြားမှာ အဲဒီလူတွေကို မထားရှိရပါဘူး။ သူတို့ဟာ ကင်ဆာရောဂါလို အတွင်းမှာ လှိုက်စားတက်တဲ့ သဘာဝရှိတာကြောင့် အဲဒီလူတွေကို မဖယ်ရှားဘူးဆိုရင် အဲဒီအဖွဲ့အစည်းဟာ အားကောင်းမောင်းသန် ဖြစ်မလာဘဲ ပျက်စီးသွားမှာ ဖြစ်ပါတယ်။
အပြောင်းအလဲ စီမံခန့်ခွဲမှု အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့အတွက် အရေးပါတဲ့အချက် ၅ ချက်နဲ့ ကိုက်ညီဖို့လိုပါတယ်။
၁) လုပ်ငန်း မဟာဗျူဟာ အတွင်းမှာ အပြောင်းအလဲ စီမံချက်ကို ထည့်သွင်းလုပ်ဆောင်ခြင်း
၂) မှန်းဆနိုင်တဲ့ အကျိုးအမြတ်ကို ဖော်ဆောင်ခြင်း
၃) ရှင်းလင်း၊ ပြတ်သား၊ ခိုင်မာ တိကျ၊ တသမတ်တည်းရှိမှုဖြင့် အဖွဲ့အစည်းအား ဦးဆောင်ခြင်း
၄) အပြောင်းအလဲအတွက် ရင်းနှီးမြှုပ်နှံမှု ပြုခြင်း
၅) အပြောင်းအလဲအပေါ်မှာ ယုံကြည်သက်ဝင်မှုကို မြှင့်တင်ခြင်းတို့ဖြစ်ပါတယ်။
အဆောတလျင် အောင်ပွဲ မခံပါနဲ့
အပြောင်းအလဲမှာ အချိန်မတိုင်ခင် အောင်ပွဲမခံမိဖို့အရေးကြီးတယ်လို့ HRM ကဆိုပါတယ်။ ဒီနေရာမှာ အမေရိကန် သမတ္တဂျော့ဘုရှ်ရဲ့ အမှားဆီကနေ သင်ခန်းစာယူရပါမယ်။ ၂၀၀၃ ခုနှစ်မှာ “Mission Accomplished” (တာဝန်ပြီးဆုံးပြီ) လို့ အမေရိကန်သမ္မတ ဂျော့ဘုရှ်ရဲ့ စစ်သင်္ဘောပေါ်ကနေ အီရတ်စစ်ပွဲ အောင်မြင်မှုကို အောင်ပွဲခံခဲ့တာဟာ အရှက်ရစရာအဖြစ် ဆုံးမိန်းခွန်းအဖြစ်နဲ့အမေရိကန်သမိုင်းမှာ ကျော်ကြားခဲ့ပါတယ်။ ၁၀ နှစ်ကြာပြီးတဲ့ ယနေ့ထိတိုင် အမေရိကန်တွေ အီရတ်စစ်ပွဲအတွင်းမှာ ပါဝင်ပတ်သတ်နေရဆဲပါ။ မကြာခင်ကတင် အင်အားကောင်းလာတဲ့ ISIS တွေကို ဗုံးကြဲခဲ့ရပြန်ပါပြီ။ ဒါကြောင့် အချိန်မတိုင်မီ အောင်ပွဲကို စောစောစီးစီး ကျင်းပတာဟာ အပြောင်းအလဲကာလ ခေါင်းဆောင်တို့ရဲ့ ညံ့ဖျင်းမှု ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကတော့ ကျနော်တို့ မြန်မာတွေ ပန်းမဝင်ခင်ကတည်းက တက်ထောင်တတ်တာကို မကောင်းတဲ့အကျင့်လို့ ဗြောင်ဆူခဲ့ဖူးတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ရပ်ဖို့ ပါဝင်ပတ်သက်သူ အားလုံးက လိုလားတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေက နိုင်ငံရေး အဖြေရှာချင်တယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိစေရန်အတွက် လက်ရှိ အစိုးရကလည်း အပြင်းအထန် ကြိုးပမ်းအားထုတ်နေခဲ့ပါတယ်။ ဒါပေမယ့် သမ္မတရုံး တာဝန်ရှိသူ တချို့နဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC) တချို့ ပန်းတိုင်မရောက်သေးဘူး တက်ထောင်ကြတယ်။ တကမ္ဘာလုံးမှာ မလုပ်နိုင်ခဲ့တဲ့ အပြောင်းအလဲတွေ၊ အပစ်အခတ် ရပ်စဲရေးတွေကို မြန်မာနိုင်ငံမှာ အချိန်တိုအတွင်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကြွားဝါလျက် ရှိပါတယ်။
မူနဲ့လူ
အပြောင်းအလဲတွေကို လုပ်ဆောင်ရာမှာ မူဝါဒဆိုင်ရာပြောင်းလဲခြင်းနဲ့ ခေါင်းဆောင်မှု လူပုဂ္ဂိုလ်ဆိုင်ရာ ပြောင်းလဲခြင်းဆိုပြီး ၂ မျိုး ရှိပါတယ်။ ဖိနှိပ်တဲ့စနစ်ဟောင်း ကြာမြင့်လာတဲ့အခါမှာ ပြည်သူတွေဟာ မူပြောင်းပေမယ့် အစိုးရအပေါ်မှာ ယုံကြည်မှုက အားနည်းနေဆဲ ဖြစ်ပါတယ်။ လက်ရှိ ဦးသိန်းစိန် အစိုးရ အဖွဲ့ဝင် ဝန်ကြီးအများစုဟာ ယခင် စစ်ခေါင်းဆောင်ဟောင်းတွေဖြစ်ပြီး တိုင်းပြည်ကို ကြာရှည်စွာ အုပ်ချုပ်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ၅၉(စ) ပြင်ဆင်ရေးဟာ မြန်မာပြည်အနာဂတ်မှာ တိုင်းပြည်ကို ခေါင်းဆောင်မယ့်လူ ရွေးချယ်ခွင့် မျှတရေးအတွက် တောင်းဆိုတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ မူတင်မကဘဲ လူပါပြောင်းလဲဖို့ မြန်မာပြည်သူတို့ စိတ်ဆန္ဒဟာ အတော်ပြင်းပြနေပါတယ်။
ပြောင်းလဲခြင်းကို စီမံခန့်ခွဲရာမှာ အဖွဲ့အစည်းတွေဟာ သူတို့ အဖွဲ့အစည်း ယဉ်ကျေးမှု၊ တွေးပုံခေါ်ပုံ၊ လုပ်ပုံကိုင်ပုံ တွေကို မဖြစ်မနေ ပြောင်းလဲဖို့ဆိုတာ HRM မှာ အရေးအကြီးဆုံးပါ။ မြန်မာ့အပြောင်းအလဲ ဘယ်ဆီဦးတည်နေလဲဆိုတာ အပြောင်းအလဲကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံတွေအပေါ်မှာ မူတည်ပါတယ်။ လက်ရှိနေပြည်တော်အစိုးရရဲ့ ခေါင်းဆောင်မှုကတော့ Proactive အပြောင်းအလဲ တကယ်လုပ်ချင်တယ် ဆိုတာထက် Reactive ငါတို့ အပြောင်းအလဲ လုပ်နေတာပဲဆိုပြီး လူလုံးပြချင်တာက များနေတယ်လို့ပဲ ဆိုချင်ပါတယ်။
(စာရေးသူသည် အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်တွင် အခြေချနေထိုင်လျက် ရှိသည့် မြန်မာစကားပြန်တဦးဖြစ်သည်။)