စစ်ကိုင်းမြို့ မဟာသိမ်တော်ကြီး အတွင်းရှိ နံရံဆေးရေး ပန်းချီများအား ထိုင်းနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာနက နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အရ ပြုပြင် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။
ရှေးဟောင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက် ညွန်ကြားရေးမှူးချုပ် ဦးကျော်လွင်ဦးက “နှစ်နိုင်ငံ ယဉ်ကျေးမှု အစီအစဉ် အရ ထိုင်းဘက်က ပြင်ဖို့ ရှိပါတယ်၊ ဒါပေမယ့် ဘယ်လိုပုံစံ ပြင်မယ် ဆိုတာကို အသေးစိတ် ဆွေးနွေးဖို့ ကျန်သေးတယ်”ဟု ပြောသည်။
အယုဒ္ဓယခေတ်လက်ရာဟန် လွှမ်းမိုးနေသည့် နံရံပန်းချီများကို ၁၇၆၇ ခုနှစ် ဆင်ဖြူရှင်မင်း အယုဒ္ဓမြို့သို့သွားရောက်စစ်ပြုရာမှ ခေါ် ဆောင်ခြင်း ခံခဲ့ရသည့် ထိုင်း (ယိုးဒယား) လူမျိုး စစ်သုံ့ပန်းများက ရေးဆွဲခဲ့သည်ဟု ယူဆသည့် အတွက် ထိုင်းယဉ်ကျေးမှု ဝန်ကြီး ဌာနက ပညာရှင်များနှင့် စစ်ဆေး ထိန်းသိမ်းရန် စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကိုင်းမြို့ လင်းဇင်းရပ်ရှိ မဟာသိမ်တော်ကြီးကို အင်းဝခေတ်ဘုရင် ဒုတိယမင်းခေါင် လက်ထက်တွင် တည်ဆောက်ခဲ့သည်ဟု တချို့က ယူဆကြသလို၊ တချို့က ကုန်းဘောင်ခေတ်တွင် ထိုင်းလူမျိုးများက တည်ဆောက်ခဲ့သည်ဟု ပြောဆိုကြသည်။
ထိုင်း-မြန်မာ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်တွင် ထိုအချိန်က စစ်သုံ့ပန်းအဖြစ် မန္တလေး၊ စစ်ကိုင်း၊ အင်းဝတွင် အခြေချ နေထိုင် ခဲ့ကြသော ထိုင်းလူမျိုးများမှ ဆင်းသက်လာသည့် မြန်မာ လူမျိုးများနှင့် တွေ့ဆုံကာ သမိုင်းကြောင်း ဆိုင်ရာများနှင့် ရှေးဟောင်း သုတေသန ဆိုင်ရာ အထောက်အထားများကို လေ့လာ စုဆောင်းရန်၊ ရွှေတချောင်း၊ အင်းဝနှင့် အမရပူရ တို့တွင် အခြေချ နေထိုင် ခဲ့သော ထိုင်း ကချေသည်များ၊ ဂီတပညာရှင်များနှင့် ပတ်သက်ပြီး ရှာဖွေဖော်ထုတ်ရေးတို့ ပါဝင်ကြောင်း သိရသည်။
၁၇၆၇ ခုနှစ် ဆင်ဖြူရှင်မင်း လက်ထက် အယုဒ္ဓယကို အောင်နိုင်ပြီး ယိုးဒယားမင်း အပါအဝင် ညီတော် နှမတော်၊ မိဖုရား၊ မောင်းမမိဿံ၊ သူဌေးသူကြွယ်၊ ပန်းထိမ်၊ ပန်းပဲ၊ ပန်းရန်၊ ရွှေခြည်ထိုး လက်မှုပညာသည်များ၊ အဆိုအတီး ပညာရှင်များ၊ အချက်အပြုတ် ကျွမ်း ကျင်သူများ အပါအဝင် အိမ်ထောင်စုပေါင်းများစွာ အင်းဝသို့ခေါ်ဆောင်ခြင်းခံခဲ့ရသည်ဟု ကုန်းဘောင်ဆက် မဟာရာဇဝင်တွင် ဖော် ပြထားသည်။
မန္တလေးနှင့် အင်း၀ တဝိုက် လာေရောက် အခြေချသည့် ထိုင်း လူမျိုးများကို အစွဲပြုပြီး ရဟိုင်းဈေး မုန့်တီစု၊ မင်းသားစု၊ မိချောင်း တံတားနှင့် ယိုဒယားဈေး စသည့် အမည်များ မှည့်ခေါ်ထားပြီး ယဉ်ကျေးမှု ဓလေ့ထုံးစ၊ ကိုးကွယ်မှု၊ အနုပညာ၊ လက်မှုပညာနှင့် အစား အသောက် တချို့မှာ ယခုတိုင် တည်ရှိလျက် ရှိနေသည်။
ထို့အပြင် သဲပုံစေတီ တည်ခြင်း၊ ရာမနတ် ကိုးကွယ်ခြင်း စသည့်ဓလေ့များ၊ အနုပညာဘက်တွင် ရာမဇာတ်၊ အီနောင်ဇာတ်တော်ကြီး များ၊ ပန်းမြိုင်လယ် ယိုးဒယား(ဖရင်းချား) စသည့် သီချင်းကြီးများ၊ အစားအစာများတွင်လည်း မြန်မာများ စားသုံးနေသည့် မုန့်လက် ဆောင်း (ခနုံလော့ချောင်း)၊ မုန့်တီ၊ ရွှေကြည် ဆနွင်းမကင်း၊ ခနုံခေါပုတ်၊ ဟင်းလေး စသည်တို့သည် ယခုတိုင် မြန်မာ့ဓလေ့တွင် ကျန် ရှိနေသည့် အရာများ ဖြစ်သည်။