Politics

မြန်မာ့ ပြု ပြင်ပြောင်းလဲရေးမှာ တပ်မတော်ကို ဂျွန်ကယ်ရီ ဘာကြောင့် မဝေဖန်ခဲ့လဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ  မြန်မာနိုင်ငံ ကို ရောက်ရှိလာပြီး သမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့နဲ့ တွေ့ဆုံခဲ့ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ဖို့ တိုက်တွန်းပြောဆိုခဲ့ပေမယ့် မြန်မာ့ ပြုပြင် ပြောင်းလဲရေးမှာ အဓိကျတဲ့ မြန်မာ့ တပ်မတော်ကို ဒီမိုကရေစီအရေးမှာ ပါဝင်ဆောင်ရွက်ဖို့ ဝေဖန် တိုက်တွန်း တာမျိုး မလုပ်ဆောင်ခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အချိုးကျကိုယ်စားပြု စနစ် (PR) ကျင့်သုံးဖို့ ကြိုးပမ်းလာမှု၊ ရှေ့မတိုး၊ နောက်မဆုတ်နိုင်တဲ့ အပစ်ရပ်ရေး နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ၊ မီဒီယာသမားတွေ ထောင်ချ ဖမ်းဆီး ခံနေရမှု တွေ အပါအဝင် နိုင်ငံရေး အကျပ်အတည်းတွေရှိနေချိန်မှာ ဂျွန်ကယ်ရီ မြန်မာနိုင်ငံကို လာရောက်တဲ့ အဓိက အကြောင်း အရင်းက နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံ-အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအစည်းအဝေး၊ အာဆီယံ ဒေသ ဆိုင်ရာ ဖိုရမ်(ARF) အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ တက်ဖို့ ဖြစ်ပေမယ့် ရှေ့မတိုးနိုင်တဲ့ မြန်မာ့နိုင်ငံရေး အကျပ် အတည်းအတွက် မျှော်လင့်ချက်တစုံတရာ ရရှိနိုင်မလား ပြည်တွင်းနိုင်ငံရေး အသိုင်း အဝိုင်းက မျှော်လင့်တကြီး ရှိခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ မလာမီ အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ် ၇၀ ကျော်နဲ့ လူ့အခွင့် အရေး အဖွဲ့အစည်းတွေက မြန်မာအစိုးရအပေါ်  ဖိအားပေးဖို့ တောင်းဆိုထားမှုကြောင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ခရီးစဉ်ကို မြန်မာနဲ့နိုင်ငံတကာအသိုင်းအဝိုင်းက အာရုံစိုက်ခဲ့ကြပါတယ်။ မြန်မာ့ နိုင်ငံရေး၊ တရုတ်- မြန်မာ ဆက်ဆံရေး၊ အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံနဲ့ တောင်တရုတ်ပင်လယ်အရေး ကိစ္စတွေနဲ့ ပတ်သက်လို့ အမေရိကန် ရဲ့ အနေအထား ဘယ်လိုရှိမလဲဆိုတာ  အားလုံးက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံရောက်ရှိပြီဆိုတာနဲ့ သြဂုတ်လ ၉ ရက်နေ့မှာ သမ္မတဦးသိန်းစိန်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တို့ တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဦးသိန်းစိန်နဲ့ ဂျွန်ကယ်ရီတို့ကြားမှာ ရခိုင်ပြည်နယ်မှ  မွတ်စလင် လူနည်း စု တွေအရေး၊ လူ့အခွင့်အရေး ချိုး ဖောက်မှုဖြစ်စဉ်တွေ၊ သတင်းသမားတွေ ထောင်ချဖမ်းဆီးခံနေရမှု၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးတွေ အပါအဝင် မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ နှစ်ဖက် စလုံးက သတင်း ထုတ်ပြန်ပါတယ်။

ဂျွန်ကယ်ရီအနေနဲ့ အမေရိကန်လွှတ်တော်အမတ်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ တောင်းဆိုသလို မြန်မာ အစိုးရ ကို ဖိအားပေးတာမျိုးမရှိဘဲ ပျော့ပျောင်းပျောင်းပျောင်းပဲ ဆက်ဆံခဲ့ပါတယ်။ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခ တွေက မြန်မာအစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုနဲ့ ပွင့်လင်းမြင်သာမှု မရှိမှုကြောင့်ဖြစ်တယ်လို့  နိုင်ငံတကာလူ့ အခွင့်အရေး အဖွဲ့ အစည်း တွေ က ပြစ်တင်ပြောဆိုနေချိန်မှာ ဂျွန်ကယ်ရီက အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် စိန်ခေါ်မှုတွေ ရင်ဆိုင်နေရ တယ်လို့ပဲ ဖေးဖေးမမ ပြောဆိုသွားပါတယ်။ အမိန့်ပေး ဖိအားပေးရုံနဲ့ မြန်မာ့ ပြဿနာတွေကို ဂျွန်ကယ်ရီက မဖြေ ရှင်းနိုင်ဘူး လို့ ပြော ဆိုပြီး မြန်မာအစိုးရရဲ့ ဆောင်ရွက်မှုတွေကို  လျစ်လျူမရှုဘဲ မျက်ခြေမပြတ် စောင့်ကြည့် မှာဖြစ် တယ်လို့ ပြောဆို ပါ တယ်။

ဂျွန်ကယ်ရီ အနေနဲ့ လက်ရှိ တည်ဆောက် ရရှိထားတဲ့ အမေရိကန်-မြန်မာဆက်ဆံရေးကို ထိန်းထိန်းသိမ်းသိမ်း ကာကွယ် စောင့်ရှောက်သွားခဲ့ပြီး မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ ဝေဖန်ရာမှာ စကားအသုံးအနှုန်းအတော်ကို ဂရုတစိုက် သုံးစွဲသွား ပါတယ်။

အထူးခြားဆုံးက ဂျွန်ကယ်ရီအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်ကဏ္ဍက ပါနေတဲ့ မြန်မာ့တပ်မတော်နဲ့ပတ်သက်လို့ တလုံး တပါဒမျှ ဝေဖန်ပြောဆိုသွားတာမျိုးမလုပ်ခဲ့ပါဘူး။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေး အတွက် တပ်မတော်အနေနဲ့ တက်တက်ကြွကြွ ပါဝင်မှသာ ဖြစ်နိုင်ပြီး ဂျွန်ကယ်ရီအနေနဲ့ သူ့ရဲ့ မြန်မာ နိုင်ငံခရီးစဉ်မှာ ဒီမိုကရေစီအရေးအတွက် တပ်မတော်အနေနဲ့ ဘာလုပ်သင့်တယ်ဆိုပြီး တိုက်တွန်းတာမျိုးလည်း မလုပ် ခဲ့ပါဘူး။

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ရှေ့တိုးနိုင်ဖို့မှာ တပ်မတော်ရဲ့ ပူးပေါင်း ဆောင်ရွက်မှုမရှိဘဲ မလုပ်ဆောင်နိုင်တဲ့အခြေအနေမှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ကိုသာ အလေးထား ပြော ဆို သွားတာမို့ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး အပျက်မခံလိုတဲ့ ပထဝီဝင်နိုင်ငံရေးကို အာရုံစိုက် နေတယ် ဆိုတာ ထင်ရှားပါတယ်။

မြန်မာ့ပြုပြင်ပြောင်းလဲရေးအတွက် အဓိက အတားအဆီးကြီးတခုက မြန်မာ့တပ်မတော်ရဲ့ အခန်းကဏ္ဍပါပဲ။ ပြုပြင် ပြောင်းလဲရေးရှေ့ဆက်တိုးဖို့ဆိုရင် နိုင်ငံရေး၊ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဖယ်ရှားရေး ဆိုတာကို ချန်လှပ်ထားဖို့ မဖြစ် နိုင်တာမို့ ဂျွန်ကယ်ရီအနေနဲ့ မြန်မာ့တပ်မတော်ကို ဝေဖန်တိုက်တွန်းတာမျိုးလုပ်ဖို့ တွန့်ဆုတ် နေခဲ့တာက မြန်မာ့ တပ်မတော်နဲ့ အမေရိကန်တပ်မတော်အကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်ချင်တဲ့ ရည်ရွယ်ချက် ရှိကောင်း၊ ရှိနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေး ထူထောင်ထားဖို့ စိတ်အားထက်သန်နေတာကို ဇွန်လ အတွင်း မြန်မာနိုင်ငံလာရောက်လည်ပတ်ခဲ့တဲ့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ်မာလင်နော့စကီး ခရီးစဉ် မှာ ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တွမ်မာလင် နော့စကီးနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အာရှ ပစိဖိတ် ဒေသဆိုင်ရာ စစ်ဒေသ ကွပ်ကဲရေးမှူး ကြယ် ၃ ပွင့် ဗိုလ်ချုပ် အန်ထော်နီ ခရပ်ချ်ဖီးလ်ဒ် (Anthony Crutchfield) ပါဝင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်မှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း စစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံစဉ် နှစ်နိုင်ငံ စစ်တပ်ချင်း ဆက်ဆံရေး တိုးမြင့်ဖို့ ဆွေးနွေးခဲ့ကြပါသေးတယ်။

အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ရဲ့ ခရီးစဉ် နောက်ဆုံးနေ့မှာ အဖွဲ့ခေါင်းဆောင် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ တွမ် မာလင်နောင်စကီး (Tom Malinowski) က အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံဖို့ အချိန်ကျပြီလို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့အပြင် ဗိုလ်ချုပ် အန်ထော်နီ ခရပ်ချ်ဖီးလ်ဒ် က နေပြည်တော် အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှာ အမေရိကန်စစ်ဗိုလ်ချုပ်တဦးအနေနဲ့ ပထမဆုံးအကြိမ် မိန့်ခွန်း ပြောခဲ့ပါတယ်။

အမေရိကန်အနေနဲ့ အာရှဒေသတွင်း အင်အားကြီးနေတဲ့ တရုတ်နိုင်ငံနဲ့ ဒေသတွင်း အာဏာချိန်ခွင်လျှာ ထိန်းညှိရေးမှာ မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေးထူထောင်ချင်တဲ့ ဆန္ဒပြင်းပြနေတယ်လို့ ပြည်တွင်းနိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ် ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ရှေ့ဆက်ဖို့ဆိုရင် တပ်မတော်ရဲ့ နိုင်ငံရေးဦးဆောင်မှုကဏ္ဍဆိုတာကို ဖျောက်ဖျက်ရမှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေး ရေး ဆိုတာကိုလည်း မဖြစ်မနေ လိုအပ်ပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းကတော့ ဂျွန်ကယ်ရီခရီးစဉ်ကြောင့် မြန်မာနိုင်ငံရဲ့ ရှေ့မတိုးတော့တဲ့ ပြုပြင်ပြောင်းလဲရေးတွေအပေါ် တစုံတရာ သက်ရောက်မှု မရှိနိုင်ဘူးလို့ ဆိုပါတယ်။

“အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ခရီးစဉ်ကြောင့် မြန်မာ့နိုင်ငံရေးအပေါ် ကြီးကြီးမားမား သက်ရောက်မှု မရှိနိုင်ဘူူးလို့ ထင် ပါတယ်။ အကြောင်းက မြန်မာ့ဒီမိုကရေစီအပြောင်းအလဲဟာ အိုဘားမားအစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒ အောင်ပွဲအဖြစ် သတ်မှတ် နိုင်မယ့် နောက်ဆုံးအခွင့်အလမ်း ဖြစ်နေလို့ပါ။ ဂျွန်ကယ်ရီခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ပြုပြင် ပြောင်းလဲရေးကို အရှိန်မြှင့် နိုင်လောက်တဲ့အထိ အားကောင်းမောင်းသန် မရှိဘူးလို့ မြင်ပါတယ်။ အိုဘားမား အစိုးရ အမြင်က ရှိရင်းစွဲ အောင်မြင်မှုလို့ သတ်မှတ်နိုင်တဲ့ အခြေအနေတွေကို ဆက်ထိန်းထားဖို့ပါ။ လက်ရှိအခြေအနေမှာ အမေရိကန်အစိုးရ အနေနဲ့ ဖိအားပေးဖို့ မပြောနဲ့၊ ပြောမှားဆိုမှား ဖြစ်မှာကိုတောင် စိုးရိမ်နေတယ်လို့ ထင်ပါတယ်” လို့ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကတော့ ဂျွန်ကယ်ရီရဲ့ မြန်မာနိုင်ငံ ခရီးစဉ်က အစည်းအဝေး မဖြစ်မနေ လာတက်ရတဲ့ သာမန်ခရီးစဉ်တခုမျှသာ ဖြစ်တယ်လို့ သုံးသပ်တယ်။

“ကျနော်တို့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးက ကိုယ်ဟာကို လုပ်မှာ ။ အမေရိကန်နဲ့ ဘာမှ မဆိုင်ဘူး။ သူတို့က ဒီမိုကရေစီ ဖြစ်နေတာ ကြာပြီ။ သူတို့လို ကိုယ်တွေ လိုက်လုပ်လို့ မရဘူး။ သူတို့ ကျနော်တို့ကို စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်လည်း ရပ်တည်နိုင်ခဲ့တယ်” လို့ ဦးဖုန်းမြင့်အောင်က ပြောတယ်။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကတော့   မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အမေရိကန်ရဲ့ ရပ်တည်မှုနှင့် ဖိအားက အရေးကြီးတယ်လို့ သုံးသပ်ပြီး ဂျွန်ကယ်ရီကြောင့် ပြုပြင်ပြောင်းလဲရေးတွေ အရှိန်မြှင့်လာလိမ့် လို့ ဆိုပါတယ်။

“အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လုပ်နိုင်ဖို့ တိုက်တွန်း တာမျိုးတွေ ကောင်းတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ တွန်းအားကလည်း အရေး ကြီးတယ်။ အမေရိကန်ကြောင့် ပြုပြင်ပြောင်းလဲရေး အရှိန်ကို အစိုးရအနေနဲ့ ထပ်မြှင့်ရလိမ့်မယ် ” လို့ ဦးခွန်ထွန်းဦးက သုံးသပ်ပါတယ်။

(ဧရာဝတီ သတင်းထောက် သာလွန်ဇောင်းထက်နှင့် ထက်နိုင်ဇော် ပူးတွဲရေးသားသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading