ရန်ကုန်မြို့မှာ လျို့ဝှက်ရောင်းချနေတဲ့ လေသေနတ် အရောင်းဆိုင်တဆိုင်ကို ဖမ်းဆီးခဲ့ပြီးနောက် လိုင်စင်မရှိဘဲ လေသေနတ် ကိုင်ဆောင်အသုံးပြုသူတွေ အနေနဲ့ သေနတ်တွေကို နီးစပ်ရာ ရဲစခန်းများထံမှာ အမြန်ဆုံး လာရောက် အပ်နှံကြဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတိပေး တိုက်တွန်းလိုက်ပါတယ်။
ကျောက်တံတား မြို့မရဲစခန်းမှ ဒုရဲအုပ် ထွန်းနိုင်ဇော် က “တာမွေဘက်က ဆိုင်တဆိုင်မှာ ဖမ်းမိပြီး နောက်ပိုင်း လေသေနတ် ကိုင်တဲ့သူရှိရင် ရဲစခန်းမှာ လာအပ်ဖို့ ထုတ်ပြန်ထားတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
အခုလ ၇ ရက်နေ့က တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် ဓမ္မဒါနလမ်းထဲမှာ လေသေနတ်တွေ ရောင်းချနေတဲ့ အိမ်တအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ ကော်စေ့ထည့်ပြီး ပစ်တဲ့သေနတ်တွေ အပြင် သံဘောစေ့ထည့်ပြီး ပစ်ခတ်လို့ရတဲ့ လေသေနတ်တွေကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ သြဂုတ်လ ၈ ရက်နေ့ထုတ် အစိုးရ သတင်းစာတွေမှာလည်း ဖော်ပြထားပါတယ်။
လေသေနတ် အတို၊ အရှည် စုစုပေါင်း ၁၀၄ လက် သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ အရောင်းဆိုင်အနေနဲ့ လေသေနတ် အလက် ၅၀ ခန့်ကို အဆက်အသွယ်တွေ ကတဆင့် ရောင်းချထားပြီး ဖြစ်တဲ့အတွက် လိုင်စင်မဲ့ ကိုင်ဆောင်ထားသူတွေ အနေနဲ့ နီးစပ်ရာ ရဲစခန်းတွေမှာ အမြန်ဆုံး လာရောက်အပ်နှံဖို့ ရဲတပ်ဖွဲ့က သတိပေး တိုက်တွန်းထားတာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိထားတဲ့ လက်နက်တွေဟာ ကျည်စစ်ကျည်မှန်နဲ့ ပစ်ခတ်လို့ရတဲ့ ပကတိ သေနတ်တွေနဲ့ ဆင်တူနေတဲ့ လက်နက်တွေ ဖြစ်တဲ့အတွက် အယောင်ဆောင်ပြီး ပြစ်မှုကျူးလွန်မယ့် အန္တရာယ်ရှိနိုင်သလို၊ သံဘောစေ့ကို အသုံးပြု ပစ်ခတ်ရတဲ့ လက်နက်တွေ ဟာလည်း အနီးကပ် ပစ်ခတ်ပါက အသက်အန္တရယ်ကို ထိခိုက်စေနိုင်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ပြောဆိုပါတယ်။
လိုင်စင်မဲ့ လေသေနတ်တွေကို လက်ဝယ်ထားရှိသူတွေ အနေနဲ့ နီးစပ်ရာ ရဲစခန်းတွေကို အမြန်ဆုံး အပ်နှံဖိုလိုကြောင်း အကယ်၍ အပ်နှံခြင်းမပြုပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
“သေနတ်အပ်ခိုင်းတာက မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် ကြိုတင် ကာကွယ်တဲ့ သဘောမျိုးပါ။ လာမအပ်ဘဲနေရင် သတင်းရလို့ ဝင်ရှာဖွေတဲ့ အခါတွေ့ရင် အရေးယူခံရနိုင်တယ်။ ဒါဟာ သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့လည်း ငြိပါတယ်” လို့ ဒုရဲအုပ် ထွန်းနိုင်ဇော်က ရှင်းပြပါတယ်။
လိုင်စင်မဲ့ လေသေနတ်တွေကို နီးစပ်ရာ ရဲစခန်းတွေမှာ ပြန်အပ်ဖို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပြီးနောက် လတ်တလောမှာ ဒဂုံမြို့နယ်ရဲစခန်းမှာ လေသေနတ်တလက် လာရောက် အပ်နှံသွားတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
လေသေနတ်တွေကို တရားမဝင် တင်သွင်းရောင်းချနေတဲ့ ဆိုင်ရှင်ကိုလည်း လိုင်စင်မဲ့သေနတ်များနဲ့ ဆက်စပ်ပစ္စည်းများ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ခြင်း ပြုလုပ်မှုနဲ့ တာမွေမြို့မ ရဲစခန်းမှာ အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။
လေသေနတ်ဟာ လက်ရှိ မြန်မာနိုင်ငံမှာ ကျင့်သုံးလျက်ရှိတဲ့ လက်နက်ကိုင်ဆောင်ရေး မူအရ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ စိစစ်ခွင့်ပြုချက် လိုင်စင်ဖြင့်သာ ကိုင်ဆောင်ခွင့်ပြုကြောင်း၊ အခုဖမ်းဆီးရမိတဲ့ လေသေနတ်တွေဟာ လိုင်စင်မဲ့တွေ ဖြစ်တဲ့အပြင် တရားဝင် တင်သွင်းခွင့် ပြုမထားတဲ့ အကောက်အခွန်မဲ့ ပစ္စည်းတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒီလေသေနတ် အမျိုးအစားတွေဟာ စစ်တပ်မှာသုံးနေကြတဲ့ လက်နက်တွေနဲ့ ဆင်တူပေမယ့် အပျော်တမ်း ပစ်ခတ်ကစားဖို့ ထုတ်ထားတဲ့ သေနတ်တွေဖြစ်ကြောင်း၊ ဒါပေမယ့် လူကို အန္တရာယ်ပေးနိုင်တဲ့ အဆင့်တော့ရှိတယ်လို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီလေသေနတ်မျိုးကို အပျော်တမ်း သုံးစွဲနေတဲ့ ကိုနိုင်လွင်ဦးက ပြောပါတယ်။
“ပုံမှန်ကောင်တွေက ၅ ကိုက်အတွင်း ပုလင်းကို ထုတ်ချင်းပေါက်ထွက်နိုင်တယ်။ ကွဲနိုင်တယ်။ Sniper နဲ့တွေ့ရင် ၁၀ ကိုက်အတွင်း ကော်သီးက အသားထဲဝင်နိုင်တယ်။ မျက်လုံးလောက်ဆိုရင် အနီးကပ် မလိုဘူး။ ၁၀ ကိုက်အတွင်းက ပစ်ရင် ပေါက်နိုင်တယ်။ ပုံမှန်မဟုတ်ဘဲ တွန်းကန်အား ပြင်းအောင် ပြင်ထားတဲ့ သေနတ်တွေ ဆိုရင်တော့ ပိုပြီး အန္တရာယ်များတယ်” လို့ ကိုနိုင်လွင်ဦးက ရှင်းပြပါတယ်။
ထိုင်းနိုင်ငံမှာတော့ ဒီလို လေသေနတ်တွေကို အသုံးပြုပြီး တဖက်နဲ့ တဖက် ပစ်ခတ်တိုက်ခိုက် ကစားကြတဲ့ ကစားကွင်းတွေ ဖွင့်လှစ်ပေးထားတာ ရှိပါတယ်။ အဲဒီကစားကွင်းတွေမှာတော့ ကော်ကျည်သီးတွေ တိုးမပေါက်နိုင်တဲ့ မျက်မှန်၊ ဦးထုပ်နဲ့ အကျႌတွေကို ဝတ်ဆင် ကစားကြရတာ ဖြစ်ပါတယ်။