ပထမဆုံးအကြိမ် လူငယ်ရုပ်ရှင်ပွဲတော်ကို ရန်ကုန် Junction Square Shopping Center ၊ Junction Cineplex (1) ရုပ်ရှင်ရုံမှာ တရက်ကို ပွဲချိန် ၄ ချိန်ခွဲပြီး သြဂုတ် ၇ ရက်နဲ့ ၈ ရက် နှစ်ရက်တာ အတွက် ပြိုင်ပွဲဝင် ဆန်ခါတင်ကား ၂၀ ကို အခမဲ့ ပြသခဲ့ပြီး ဆုပေးပွဲကိုတော့ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းမှာ ရှိတဲ့ Sky Star Hotel မှာ ဒီနေ့ နိုင်ငံတကာ လူငယ်များနေ့ ဖြစ်တဲ့ သြဂုတ် ၁၂ ရက်နေ့ နေ့လယ် ၁ နာရီမှာ ကျင်းပပါတယ်။
အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို Vaiolenz Against Violence ဇာတ်ကားနဲ့ ဒါရိုက်တာ ခင်စုကြည်က ရရှိသွားပြီး အကောင်းဆုံး ဇာတ်လမ်းတို ရုပ်ရှင်ဆုကို Chicken Carry ဇာတ်ကားနဲ့ ဒါရိုက်တာ လွင်ကိုကိုဦး၊ အကောင်းဆုံး အထူး ပြုလုပ်ချက် ရုပ်ရှင်ဆုကို Save The World ဇာတ်ကားနဲ့ ဒါရိုက်တာ ဘိုဘို (သစ်ဆန်း)၊ ပရိသတ်မဲပေးမှု အများဆုံးဆုကို ပန်းလှိုင်ရုပ်ရှင်ကားနဲ့ ဒါရိုက်တာ မျိုးမင်းထွေးတို့ အသီးသီး ရရှိကြပါတယ်။
ဒီရုပ်ရှင်ပွဲတော်ကို “မြန်မာနိုင်ငံလူငယ်များ အစည်းအရုံး” အနေနဲ့ စီစဉ်ပြသခဲ့တာဖြစ်ပါတယ်။
ပြသခဲ့တဲ့ ဇာတ်ကားတွေကတော့ သြဂုတ်လ ၇ ရက်နေ့မှာ ဘဝသံသရာ၊ ပျောက်ဆုံးနေသော အနာဂတ်များ၊ ဒုံရင်းက ဒုံရင်း၊ အမေ့လျော့ခံ လူတန်းစား၊ နားခိုရာနှင့် ဆောက်တည်ရာ၊ I wanna go to school၊ Directionless၊ ပန်းလှိုင်၊ The Wishing Tree နဲ့ အနာဂတ်လို့ အမည်ရတဲ့ ပြိုင်ပွဲဝင် ဇာတ်ကား စုစုပေါင်း ၁၀ ကား ပြသခဲ့ပြီး သြဂုတ်လ ၈ ရက်နေ့ သောကြာနေ့မှာတော့ Vaiolenz against Violence၊ မိဘပြည်သူများခင်ဗျာ၊ ကျနော် မှားလား အဖေ၊ Dreaming Rosy၊ Unexpected 2၊ Behind To၊ Chicken Curry နဲ့ အလင်းပျိုးသည့် ရောင်နီ၊ Expired၊ Save the world စတဲ့ ဇာတ်ကား တွေပဲ ဖြစ်ပါတယ်။
“ဒီ လူငယ်ရုပ်ရှင်ပွဲတော် ကျင်းပဖို့ စီစဉ်ဖြစ်ခဲ့တာကတော့ ကျနော်တို့ မြန်မာနိုင်ငံလူငယ်များ အစည်းအရုံး ဥက္ကဋ္ဌ အပါအဝင် ကျနော်တို့ အဖွဲ့ဝင်တွေ စုစည်းမိတာပေါ့ဗျာ။ သြဂုတ်လ ၁၂ ရက်နေ့ နိုင်ငံတကာလူငယ်များနေ့ ဆိုတာ နိုင်ငံတကာ မှာတော့ သိနေတာကြာပြီ။ ကျနော်တို့ မြန်မာနိုင်ငံမှာကျတော့ ဒါကို မသိကြဘူး။ ဒီတော့ လူတွေ များများ သိစေချင်ရင် ဒီအနုပညာကို ကြားခံမှပဲ နိုင်ငံတကာလူငယ်များနေ့ ဆိုတာ လူငယ်တွေကြားမှာ ထိုးဖောက်နိုင်မှာပါ။ အဲဒါလေးကို အကြံဉာဏ် ရပြီး ကျနော်တို့ စီစဉ်ဖြစ်တာပါ” လို့ လူငယ်ရုပ်ရှင်ပွဲတော် စီစဉ်ဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလူငယ်များ အစည်းအရုံး အဖွဲ့ချုပ် (ဗဟို) ရဲ့ အထွေထွေ အတွင်းရေးမှူး ကိုမြတ်သူက ဧရာဝတီကို ပြောပါတယ်။
သူက ဆက်ပြီး “ကျနော်တို့ ဦးတည်ချက်ကတော့ လူငယ်တွေကြားထဲမှာ ဒီ သြဂုတ်လ ၁၂ ရက်နေ့ဟာ ငါတို့နဲ့ သက်ဆိုင်တဲ့နေ့ ပါလားဆိုတာကို သိသွားစေချင်တယ်။ နောက်တခုက လူငယ်တွေကို ပညာပေးချင်တယ်။ ဥပမာဆိုရင် အခု လူလတ်ပိုင်း တွေတင် မဟုတ်တော့ဘူး။ လူငယ်တွေပါ ဆေးလိပ် သောက်လာကြတယ်။ အခုဆိုရင် အထက်တန်း ကျောင်းတက်နေတဲ့ ကျောင်းသားလူငယ် လေးတွေတောင်မှ ဆေးလိပ် ကိုယ်စီ သောက်နေတာကို ကျနော်တို့ မြင်တွေ့ရတဲ့အခါမှာ အရမ်းဝမ်းနည်းခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အထက်တန်း ကျောင်းသားဘဝအရွယ်မှာ လူငယ်တွေကို ကိုယ့်ဟာနဲ့ကိုယ် စာကိုမှန်မှန်လုပ်ပြီး ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ရောက်အောင်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးလေးတွေ ရအောင် လူငယ်တွေကို အသိပေးချင်လို့ပါ” လို့ ဆိုပါတယ်။
အဆိုပါ လူငယ်ရုပ်ရှင်ပွဲတော်ကို မေလ လောက်ကတည်း စတင် စီစဉ်ခဲ့တာဖြစ်ပြီး စည်းကမ်း သတ်မှတ်ချက်တွေအနေနဲ့ ပြိုင်ပွဲဝင် ရုပ်ရှင်တွေဟာ မိနစ် ၂၀ ထက် မကျော်ရ၊ ပြိုင်ပွဲဝင် အသက် ၁၅ နှစ်ကနေ ၃၅ နှစ် အတွင်းရှိတဲ့ မြန်မာနိုင်ငံသား လူငယ် မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိတယ်လို့ သိရပါတယ်။ ပြိုင်ပွဲဝင်လာကြတဲ့ ဇာတ်ကားတွေအနက်ကမှ ဆန်ခါတင် ဇာတ်ကား ၂၀ ကို အကယ်ဒမီ ဆွေဇင်ထိုက်၊ ၈၈ ကျောင်းသားဟောင်း ဦးဂျင်မီ၊ ဦးဇော်သက်ထွေးနဲ့ ဒါရိုက်တာကြည်ဖြူသျှင် တို့က စိစစ်ရွေးချယ် ပေးခဲ့ကြတာ ဖြစ်ပါတယ်။
“ဒီရုပ်ရှင်ပွဲတော်ကျင်းပပြီး နောက်ပိုင်းမှာ လူငယ်တွေအတွက် ရလဒ်ကောင်းတွေ ရလာမယ်လို့ မျှော်လင့်မိပါတယ်။ ဦးစားပေးအနေနဲ့ ပြောရရင် သြဂုတ်လ ၁၂ ရက်နေ့ဟာ နိုင်ငံတကာ လူငယ်များနေ့ ဆိုတဲ့ အကြောင်းကို သိရှိ သွားနိုင်တယ်။ ဒီကနေပြီး ပညာပေးလိုက်တဲ့ အရာတွေကို သင်ခန်းစာယူပြီး ကိုယ့်ဘဝရဲ့ တိုးတက်ရာ တိုးတက် ကြောင်းတွေကို လုပ်ဆောင်သွား နိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်” လို့ ကိုမြတ်သူက ဧရာဝတီကို ပြောပါတယ်။
မြန်မာနိုင်ငံလူငယ်များ အစည်းအရုံး (MYU) ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှာ စတင်ဖွဲ့စည်း တည်ထောင်ခဲ့တာ ဖြစ်ပြီး ရန်ကုန်မြို့က လူငယ်အင်အားစုတွေ၊ လူငယ်အဖွဲ့အစည်းတွေ တွေ့ဆုံပြီး နိုင်ငံတဝှမ်းလုံးမှာ ရှိတဲ့ လူငယ်တွေကို ကိုယ်စားပြုနိုင်တဲ့ အသင်းအဖွဲ့တရပ် ရှိသင့်ကြောင်း ဆွေးနွေးခဲ့ရာမှ တိုင်းပြည် တည်ဆောက်ရေးမှာ တတပ်တအား ပါဝင်ဆောင်ရွက်နိုင်တဲ့ နိုင်ငံလုံးဆိုင်ရာ လူငယ်အဖွဲ့အစည်းတခု ဖြစ်တည်လာဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ အဖွဲ့တဖွဲ့ ဖြစ်တယ်လို့ သိရပါတယ်။
ဒီအဖွဲ့ စတင် ဖွဲ့စည်းပြီးချိန်ကနေစပြီး လက်ရှိအချိန်ထိ လူငယ်ထုအတွင်း နိုင်ငံရေးအကြောက်တရား ကင်းဝေးရေး စာတမ်းဖတ်ပွဲများနဲ့ နှီးနှောဖလှယ်ပွဲများ ၊ စာဖတ်မှုမြှင့်တင်ရေး လှုပ်ရှားမှု၊ လစဉ် ပရဟိတ လုပ်ငန်းများ၊ ရွေးကောက်ပွဲ ဆိုင်ရာ ပညာပေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေးကိစ္စရပ်များကို ရန်ကုန်မြို့ကို ဗဟိုပြုပြီး ပဲခူး၊ သဲကုန်း၊ ပုတီးကုန်း၊ မအူပင်၊ သောက်ရေခပ်၊ တွံတေး၊ ဘားအံ စတဲ့ မြို့တွေမှာပါ သီးခြား ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးဟာ ပရဟိတလုပ်ငန်းတွေကို အခြေခံတဲ့ အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုတခုဖြစ်ပြီး ဆင်းရဲနွမ်းပါး လူငယ်တွေကို ဆင်းရဲနွမ်းပါး လူငယ်ဘဝ မြှင့်တင်ရေး ရန်ပုံငွေပွဲတွေလည်း လုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဆင်းရဲနွမ်းပါး လူငယ်တွေကို စာရေးကိရိယာတွေ ထောက်ပံ့တာ၊ ငွေရေးကြေးရေး ထောက်ပံ့လှူဒါန်းတာမျိုးတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ အဖွဲ့အနေနဲ့ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတော် သမ္မတနဲ့ လွှတ်တော်အပါအဝင် တာဝန်ရှိသူတွေထံ တင်ပြထားပြီး အလုပ်လက်မဲ့ဆိုင်ရာ စစ်တမ်း ကောက်ယူရေး အတွက်လည်း စီစဉ်ဆောင်ရွက် နေတယ်လို့ သိရပါတယ်။ အဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူငယ်တွေ ပါဝင်နိုင်ရေးနဲ့ လူငယ်စွမ်းဆောင်ရည်မြှင့် လုပ်ငန်းတွေကိုပါ ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။