မြန်မာနိုင်ငံမှ အမျိုးသမီးများ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရပြီး ဇနီးမယားများအဖြစ် နှစ်စဉ် ရောင်းစား ခံနေရသော်လည်း ထိရောက် စွာ မဖြေရှင်းနိုင်သေးကြောင်း သိရသည်။
ယင်းပြဿနာကို ဖြေရှင်းရန် အတွက် အခက်အခဲများစွာ ရှိနေသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့ က ပြောသည်။
တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှု မြင့်တက်နေရခြင်း အကြောင်းမှာ တရုတ်နှင့် မြန်မာနိုင်ငံတို့၏ ထိစပ်သော နယ်စပ် ဧရိယာမှာ ရှည် လျားသဖြင့် ဝင်ထွက်သွားလာရာ အလွန် လွယ်ကူနေခြင်း၊ တရုတ်-မြန်မာ နယ်စပ်တွင် တရားဝင် ဝင်ထွက်ပေါက်များ သတ်မှတ်ထား သော် လည်း တရားမဝင် ဝင်ထွက် ပေါက်များစွာ ရှိနေခြင်း၊ နှစ်နိုင်ငံ နယ်စပ်တွင် ဝင်ထွက်ပေါက် အလွန်များသဖြင့် တားဆီး နှိမ်နင်း ရေး ပိုင်းကို သေချာစွာ စောင့်ကြပ်ပိတ်ဆို့ရေး မလုပ်နိုင်သည့် ပြဿနာများရှိနေခြင်းတို့ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ် ဖော် ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ၇ လအတွင်း လူကုန်ကူးခံရမှု ၆၀ ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံဘက်သို့ ဇနီး မယား အဖြစ်ရောင်းစားမှုနှင့် အဓမ္မလုပ်အား ခိုင်းစေမှု အပါအဝင် အခြားသော လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် အမှု ၄၂ မှုကိုသာ ဖမ်းဆီး ကယ်တင်နိုင်ခဲ့ကြောင်း၊ ယနေ့အချိန်အထိ ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးသော အမှုများလည်း ရှိကြောင်း သိရသည်။
၂၀၁၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးခံရမှု ၆၀ တွင် အဆိုပါ ၄၂ မှုသာ ကယ်တင်နိုင်ခဲ့ပြီး ၁၈ မှုကို မဖော်ထုတ်နိုင်သေးကြောင်း၊ ၂၂ မှုသည် ရှမ်းပြည်နယ်အတွင်း လူကုန်ကူးခံရသည့် အမှုများဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် လူကုန်ကူးခံရမှုပေါင်း ၁၀၂ မှု ၊ ၂၀၁၂ ခုနှစ် အမှု ၁၂၀၊ ၂၀၁၁ ခုနှစ်တွင် ၁၃၆ မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့မှ ဒု ရဲမှူးကြီး ဒေါ်ဥမ္မာက ဧရာဝတီသို့ ပြောကြားသည်။
တရုတ်နိုင်ငံဘက်သို့ လူကုန်ကူးခံရခြင်း အချက် ၅ ချက်ခန့် ရှိကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံတွင် ယောက်ျား ၊ မိန်းမ လူဦးရေ အချိုးအစားတွင် ယောက်ျားဦးရေ အဆမတန် များပြားနေခြင်း၊ ထို အမျိုးသားများ အတွက် သတို့သမီးများ လိုအပ်နေခြင်း၊ မင်္ဂလာဆောင်ရာတွင် သတို့သမီးတင်တောင်း စရိတ်များပြားခြင်း၊ မြန်မာနှင့် တရုတ် ငွေ တန်ဖိုး ကွာခြားခြင်းနှင့် မြန်မာ မိန်းကလေးများမှာ အယုံလွယ်ပြီး စွန့်စားလိုစိတ် များနေခြင်းတို့ကြောင့် ဖြစ်ကြောင်း သုံးသပ်ရသည် ဟု နေပြည်တော်ရှိ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့က ထုတ်ပြန်သည်။
“တရုတ်မှာ ယွမ် နှစ်သောင်းက မြန်မာ ငွေနဲ့ဆိုရင် ကျပ် သိန်း ၃၀ လောက်ရတယ်။ အဲဒီလို အခြေအနေမျိုး မှာ မြန်မာနိုင်ငံဘက်က အမျိုးသမီးလေးတွေကို လိမ်ညာ လှည့်ဖျားပြီး ရောင်းစားတဲ့ ဈေးကွက်တခု ပေါ်လာတယ်။ မြန်မာ အမျိုးသမီးလေးတွေကို ငွေမက် လုံး တွေပေးတဲ့ အခါကျတော့၊ ဒီဘက်မှာကလည်း ငွေကြေး သိပ်အဆင်မပြေလို့ အလုပ်လုပ်ချင်တဲ့ မိန်းကလေးတွေကို ပိုက်ဆံ ပိုရမှာ၊ လစာ ပိုရမှာလို့ ပြောပြီး လွယ်လွယ်နဲ့ စည်းရုံးသွားကြတာ”ဟု ဒုရဲမှူးကြီး ဒေါ်ဥမ္မာက ပြောသည်။
ဒေါ်ဥမ္မာက ဆက်လက်ပြီး“ဟိုဘက်မှာ လိင်ပိုင်းဆိုင်ရာ အလုပ်တွေ လုပ်ပြီး ပြန်လာတဲ့ မိန်းကလေးတွေကလည်း နည်းနည်းအနေကြာ လာတော့ သူတို့က တရုတ်စကားတွေ ကောင်းကောင်းပြောတတ်တဲ့ အခါကျတော့ သူတို့အနီးဝန်းကျင်မှာရှိတဲ့ သားချင်းတွေ ဆီ ကို ပြန်လာပြီး မိန်းကလေးက အမြဲလိုနေတော့ အချင်းချင်းစည်းရုံးသိမ်းသွင်းပြီး ခေါ်ကြပြန်တယ်။ ဒီဘက်မှာ အဆင်မပြေလို့ ဟို ဘက် မှာ သွားအလုပ်လုပ်တယ်။ ဟိုရောက်တော့ သူများမယားအဖြစ် ရောင်းစားခံရတယ်။ ပြီးတော့ လစာကိုလည်း ခေါင်းပုံဖြတ်ခံ ရတယ်။ မပြီး သေးဘူး။ ပွဲစားတွေက နောက်တနေရာကို ထပ်ရောင်းစားသေးတယ်”ဟုလည်း ပြောဆိုသည်။
ကရင် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဖောစေးဝါးက ၎င်းတို့ အဖွဲ့အစည်းထံသို့ ရောက်ရှိလာသော အမှုအများစုမှာ တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံများသို့ လူကုန်ကူးခံရသော အမှု အများဆုံး ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဟိုဘက်မှာ သွားလုပ်ရင် ပိုက်ဆံ ဘယ်လောင်တောင်ရမှာ။ အဲဒီလိုပြောရင် ယုံကြတယ်။ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး Awareness (ဗဟုသုတ) ကလည်းမရှိတော့ ပါသွားကြတယ်။ ဟိုရောက်တော့မှ ဒုက္ခရောက်ကြတာ။ အစားအစာတောင် လောက်ငအောင် မရကြ ဘူး”ဟု ဖောစေးဝါးက ပြောပြသည်။
သူကဆက်ပြီး “အမှုတခုဆိုရင် ကောင်မလေးတယောက်ကို လခကောင်းကောင်းရမယ်ဆိုပြီး တရုတ်ပြည်ဘက်ခေါ်သွားတယ်။ ဒါပေ မယ့် တရုတ်ကို မပို့ခင် တောင်ကြီးက မာဆတ်တခုမှာ အရင် အလုပ်လုပ် ခိုင်းထားတယ်။ လစာ ၂ သိန်းရမယ်ဆိုပြီး ခေါ်သွားတာ။ ဟိုရောက်တော့ လစာမရတဲ့အပြင် အပြင်လည်း မထွက်ခိုင်းတော့ဘူး။ နောက်ဆုံး ကလေးမလေးက ပြန်ထွက်ပြေးလာလို့ ကျမတို့ဆီရောက်လာတာ”ဟု ပြောပြသည်။
လူကုန်ကူးမှု ဖြစ်ရသည့် အကြောင်းအရင်းမှာ ငွေကြေးခက်ခဲနေချိန်တွင် အလုပ်အကိုင်မရရှိခြင်း၊ အလုပ်ရှိသော်လည်း ပိုမိုများပြား သော ငွေကြေးရမည်ဆိုသည့် မျှော်လင့်ချက်များ၊ တချို့မှာ နိုင်ငံခြားသို့ စွန့်စားသွားရောက် လုပ်ကိုင်လိုသည့် ဆန္ဒများကြောင့် ဖြစ် သည်ဟု လာရှိုးမြို့နယ် အခြေစိုက် အမျိုးသမီးအဖွဲ့အစည်းများက ဧရာဝတီသို့ ပြောဆိုသည်။
“ပွဲစားတွေ ပြောတာကို အလွယ်တကူ ယုံလိုက်ကြတယ်။ ငွေကြေးကွာဟမှု ရှိတဲ့အခါမှာ၊ သူတို့ပိုက်ဆံက အများကြီး ပေးတာ မဟုတ်ဘူး။ ဒါပေမယ့် မြန်မာငွေနဲ့ကျတော့ ပိုက်ဆံက အများကြီး ဖြစ်နေတာပေါ့။ ဒီမိန်းကလေးက ရောင်းစားခံရတယ်။ အဲဒီလို ရောင်းစား ခံရပြီးရင် ထပ်ဆင့်ပြီးတော့ ရောင်းစားခံရတာမျိုးတွေလည်း ရှိတယ်”ဟု အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတဦးက ပြော သည်။
တရုတ်နိုင်ငံ၏ အမျိုးသမီးရှားပါးမှု ပြဿနာကြောင့် အိမ်နီးချင်း နိုင်ငံများဖြစ်သော မြန်မာ၊ လာအို နှင့် ဗီယက်နမ် နိုင်ငံများမှ အမျိုး သမီးများကို ဝယ်ယူ ပေါင်းသင်းသည့် ဈေးကွက်တခု ပေါ်ပေါက်လာရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တိုင်းဒေသကြီးနဲ့ ပြည်နယ်များတွင် လူကုန်ကူးခံရမှုများနှင့် ပတ်သက်၍ အသိပညာ ပေး ဟောပြောပွဲများ၊ လက်ကမ်း စာစောင်များ၊ ကြော်ငြာ ဆိုင်းဘုတ်များ လုပ်ဆောင်နေကြောင်း၊ ထို့အပြင် မိတ်ဘက် UN ၊ INGO ၊ NGO အဖွဲ့အစည်းများ၊ ဒေသခံ အဖွဲ့အစည်းများ၊ အမျိုးသမီး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရ သည်။
“ကားဂိတ်၊ လေဆိပ်တွေမှာ ဝင်ထွက်ပေါက်တွေမှာ အထောက်အထားတွေ မပါဘူး။ လူကုန်ကူးခံရနိုင်တယ်လို့ သံသယ ရှိတယ် ဆိုရင် သူတို့ကို အသိပညာပေးပြီးတော့ မိဘတွေဆီကို ပြန်ပို့တယ်။ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဇာတ်လမ်း ခွေတွေ ဖြန့်တယ်။ မီဒီယာတွေကို သတင်းတွေ ပေးတယ်။ ဂျာနယ်တွေကို ချပြတယ်”ဟု ဒု ရဲမှူးကြီး ဒေါ်ဥမ္မာက ရှင်းပြသည်။