ရန်ကုန်မြစ်ဝတွင် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ ကျော်က နစ်မြုပ်ခဲ့သော ဓမ္မစေတီခေါင်းလောင်းကြီးကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိက ရှာဖွေသူ ဦးစံလင်းနှင့်အဖွဲ့က ဆယ်ယူနိုင်ရေး သြဂုတ်လ ၉ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ လတ်တလော ရေစီးကြမ်းမှုကြောင့် ခေါင်းလောင်းဆယ်ယူမှု အခက်ကြုံနေကြောင်း သိရှိရသည်။
ပဲခူးမြစ် ၊ ပုဇွန်တောင်ချောင်းနှင့် ရန်ကုန်မြစ် စသည့် မြစ်နှင့်ချောင်း ၃ ခုဆုံရာ ရန်ကုန်မြစ်ဝတွင် အမှတ်အသားပြုလုပ်ပြီး ဒီရေတက်ချိန်တိုင်း ဆလုံလူမျိုး ရေငုပ်သမား ၁၀ ဦးနှင့် သြဂုတ်လ ၉ ရက်နေ့ မှစတင်၍ ခေါင်းလောင်းကြီးကို ရေငုပ် ရှာဖွေ လျက်ရှိရာ သြဂုတ်လ ၁၂ ရက်နေ့အထိ ခေါင်းလောင်းကြီး မတွေ့ရှိသေးသည့်အပြင် ရေစီး အလွန်ကြမ်း နေသဖြင့် ဆယ်ယူရေး လုပ်ငန်းများ အခက်အခဲများရှိနေကြောင်း ၊ တနေ့လျှင် အနည်းဆုံး ၂ ကြိမ်ခန့် ရေငုပ် ရှာဖွေမှုများ ဆောင် ရွက်လျက် ရှိသော်လည်း သြဂုတ်လ ၁၂ ရက်နေ့တွင် ၁ ကြိမ်သာ ရေငုပ်နိုင်ခဲ့ကြောင်း ခေါင်းလောင်း ဆယ်ယူရေး အဖွဲ့ ခေါင်းဆောင် ဦးဝင်းမြင့်က ဧရာဝတီသို့ ပြောသည်။
“တနေ့တကြိမ်ပဲ ငုပ်နိုင်တယ်။ ရေစီးက တအားကြမ်းနေတယ်။ ဒီနေ့ ထပ်မငုပ်တော့ဘူး။ မနက်ဖြန်လည်း ရေချိန်ကြည့်ပြီး ငုပ်ရမှာ။ ဘာပဲပြောပြော ဒီခေါင်းလောင်းကြီးကို တူးနေရတာကို ကုသိုလ်ရပါတယ်။ ဘယ်လို အခက်အခဲတွေပဲ ရှိရှိ အမျိုး ဘာသာ သာသနာ အတွက် ဆက်လုပ်သွားမှာပါ ” ဟု ဦးဝင်းမြင့်က ပြောသည်။
ဓမ္မစေတီခေါင်းလောင်းကြီး စတင်ဆယ်ယူရာတွင် ရေအောက်တွင် သင်္ဘောပျက်တစီး တွေ့ရှိခဲ့ပြီး ယင်းသင်္ဘောပေါ်မှ နှုန်းများကို ဖယ်ရှားနေကြောင်း၊ လတ်တလောတွင် ရေအောက်အခြေအနေများကို အသေးစိတ် မပြောပြနိုင်သေးကြောင်း၊ လက်ရှိ ခေါင်းလောင်းတူးဖော်ရေး လုပ်ငန်းကို လူ ၇၀ ခန့်ဖြင့် လုပ်ဆောင်လျက် ရှိကြောင်း ဦးဝင်းမြင့်က ဆိုသည်။
ဓမ္မစေတီ ခေါင်းလောင်းကြီး တူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရန်ကုန်မြစ်ဝတွင် သဘောၤကြီးတစီး ၊ ဗညားလတ် အမည်ရှိ သုံးထပ် သဘောၤတစီး ကျောက်ချ ရပ်နား၍ ဆယ်ယူရေးလုပ်ဆောင်လျက်ရှိကြောင်း၊ သဘောၤ ပေါ်တွင် မြေတူးစက်များ ၊ ပိုက်လုံးများ နှင့် စက်ကိရိယာများအပြင် သာသနာ့အလံ ၊ ငှက်ပျောပွဲ ၊ အုန်းပွဲ တို့ဖြင့် ကန်တော့ပွဲများပေး၍ အစီအရင်များထားရှိထားကြောင်း၊ သင်္ဘောပေါ်သို့ လူစိမ်း လုံး၀ အတက်မခံကြောင်း သိရှိရသည်။
ဓမ္မစေတီခေါင်းလောင်း ဆယ်ယူသူ ဦးစံလင်းသည် ၁၉၉၇ ခုနှစ်မှ စတင်၍ ၇ ကြိမ်ခန့်အထိ ယင်းခေါင်းလောင်းကြီး ရရှိရေး ကြိုးပမ်း ဆယ်ယူခဲ့ပြီး အောင်မြင်မှုမရရှိခဲ့ကြောင်း၊ ၁၉၉၈ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ခေါင်းလောင်းကြီးကို ရေအောက်တွင် တွေ့ရှိခဲ့ရသော်လည်း မဆယ်ယူနိုင်ခဲ့ကြောင်း၊ ဓမ္မစေတီ ခေါင်းလောင်းကြီး တူးဖော်မည့် ကုန်ကျစရိတ်မှာ တရက်လျှင် ကျပ် သိန်း ၆၀ ခန့်ဖြင့် ၄၅ ရက် အထိ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၊ ခေါင်းလောင်းကြီး တူးဖော်ရာတွင် ကုန်ကျစရိတ် မြန်မာ ကျပ်ငွေ သိန်း ၂၀၀၀ ခန့် အထိ ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ကုန်ကျစရိတ်သည် ၇ ရက် သား သမီးများ၏ လှူဒါန်းမှုဖြစ်ကြောင်း၊ ခေါင်းလောင်းကြီးဆယ်ယူရာတွင် နဂါးအကူအညီဖြင့် ဆယ်ယူ မည် ဖြစ် ကြောင်း ဦးစံလင်းက ဇူလိုင်လ ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
ခေါင်းလောင်းကြီး၏ အမည်သည် ၁၄၇၁ ခုနှစ်မှ ၁၄၉၂ ခုနှစ်အတွင်း ဟံသာဝတီ မွန်ဘုရင်နိုင်ငံကို အုပ်စိုးခဲ့သည့် ဓမ္မစေတီ မင်း ၏ အမည်ကို အစွဲပြုထားခြင်း ဖြစ်ပြီး ဓမ္မစေတီ မင်းက ရွှေတိဂုံစေတီတော်တွင် ထားရှိရန် သွန်းလုပ် လှူဒါန်း ခဲ့ခြင်း ဖြစ်ကြောင်း၊ ပေါ်တူကီကြေးစား စစ်သား ငဇင်ကာက အမြောက်သွန်းလုပ်ရန် ဓမ္မစေတီခေါင်းလောင်းကို သန်လျင်သို့ သယ်ယူစဉ် ရန်ကုန်မြစ်၊ ရေလယ်တွင် ဖောင်ပျက်၍ ခေါင်းလောင်းကြီး နစ်မြှုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆက်စပ်ဆောင်းပါး