၆၄ နှစ်မြောက် ကရင် အာဇာနည်နေ့ကို ယနေ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်လမ်းရှိ ဂျက်ဆင်ခန်းမ(ယုဒသန်ဝင်း) တွင် ပထမ ဆုံး အကြိမ် တရားဝင် ကျင်းပသည်။
ကရင် အမျိုးသားလှုပ်ရှားမှု နှင့် ကရင် အမျိုးသား ခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့သည့် ၁၉၅ဝ ပြည့်နှစ် သြဂုတ်လ ၁၂ ရက် ကို ကရင် အာဇာနည် နေ့ဟု သတ်မှတ်ခဲ့ကြောင်း သိရသည်။
ကရင်အာဇာနည်နေ့ ကျင်းပရခြင်းသည် ကရင် မျိုးဆက် လူငယ်များအနေဖြင့် အာဇာနည် ပုဂ္ဂိုလ်များကို သတိရအောက်မေ့ရန်နှင့် ဂုဏ်ပြုရန် အတွက် ဖြစ်ကြောင်း၊ အာဇာနည် ခေါင်းဆောင်များ မပြီးဆုံးသေးသည့် နိုင်ငံရေးကိုလည်း ဆက်လက်လုပ်နိုင်ရန် အတွက် ဖြစ်ကြောင်း ကရင် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့(KWEG) မှ ဒေါ်ဆူဆန်နာလှလှစိုးက ဧရာဝတီသို့ပြောသည်။
“ရန်ကုန်မှာ ဒီလိုအခမ်းအနားနဲ့ကတော့ ပထမဆုံး ကျင်းပတာပါ။ အရင်ကတော့ တော်လှန်ရေး နယ်မြေတွေမှာ ကျင်းပပါတယ်။ ဒီနှစ်ဆိုရင် တော်လှန်ရေးနယ်မြေမှာ သုံးလေးရက် ကျင်းပပါတယ်။ ကမ္ဘာအနှံ့မှာရောက်နေတဲ့ ကရင်တွေကလည်း သူတို့နေရာမှာသူတို့ကျင်းပတယ်”ဟု ဒေါ်ဆူဆန်နာလှလှစိုးက ပြောပြသည်။
မြန်မာအစိုးရ နှင့် တိုင်းရင်းသားများ အကြား ငြိမ်းချမ်းရေး စကားများ ပြောနေကြပြီး ပွင့်လင်းမြင်သာမှုရှိလာပြီဖြစ်သဖြင့် ကရင်အဖွဲ့အစည်းများ စုပေါင်း ကျင်းပကြခြင်း ဖြစ်ကြောင်းလည်း ဒေါ်စူစန်နာလှလှစိုးက ပြောသည်။
“ပြီးခဲ့တဲ့ ၂ နှစ်တုန်းက၊ လူငယ်အဖွဲ့အစည်းတွေက သူတို့နိုင်သလောက် ကျင်းပကြပါတယ်။ ကျမတို့နိုင်ငံမှာ ကရင် အာဇာနည်နေ့ရှိတယ်ဆိုတာကို ပြီးတော့ အာဇာနည်တွေ ဘာကြောင့် ဒီလို ပေးဆပ်သွားကြတာလဲ လူငယ်တွေကို သိစေချင်တယ်”ဟု ကရင် အာဇာနည်နေ့ ဖြစ်မြောက်ရေး အဖွဲ့မှ ဒေါ်နော်အုံးလှက ဧရာဝတီသို့ ပြောသည်။
အာဇာနည် ခေါင်းဆောင်များသည့် ဖက်ဒရယ် ပြည်ထောင်စု လိုချင်သည့်အတွက် အသက်များစွာပေးဆပ်ခဲ့ရကြောင်း လက်ရှိအချိန် အထိ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးဆိုတာ အခုအထိ မရသေးကြောင်း၊ သမိုင်းများကို လူငယ်တွေသိရှိပြီး ဆက်လက် တာဝန် ထမ်းဆောင်နိုင်ရန် ကျင်းပရခြင်းဖြစ်ကြောင်းလည်း ဒေါ်နော်အုံးလှက ပြောဆိုသည်။
“အာဇာနည်ဆိုတာ နိုင်ငံတိုင်းမှာ သူတို့အသိအမှတ်ပြုတဲ့ အာဇာနည်ခေါင်းဆောင်ရှိသလို့ လူမျိုးတိုင်းမှာလည်း သူတို့သတ်မှတ်တဲ့ သူတို့ အာဇာနည်ခေါင်းဆောင် ရှိတာပေါ့။ ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်တွေ ဆောင်ရွက်ချက်တွေကို လူငယ်တွေသိအောင် လို့ပါ”ဟု ကရင် အမျိုးသား အစည်းအရုံး(KNU) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစောလှထွန်းက ဧရာဝတီသို့ ပြောသည်။
ကရင် အာဇာနည်နေ့ကို ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော်(DKBA)၊ ကရင်ပြည်သူ့ ပါတီ(KPP)၊ ကရင် အမျိုးသား ပါတီ၊ ကရင် အမျိုးသမီးများ အဖွဲ့အစည်းနှင့် ကရင်လူငယ် အဖွဲ့အစည်း စသည်တို့မှ လူဦးရေ ၂၀၀ ခန့် တက်ရောက်ခဲ့သည်ဟု ဆိုသည်။
ထိုင်း၊ အမေရိကန်၊ နော်ဝေ၊ သြစတြေးလျ၊ အင်္ဂလန် စသည့် နိုင်ငံများရှိ ပြည်ပရောက် ကရင်များ ကလည်း ကရင့် အာဇာနည်နေ့ အောက် မေ့ဖွယ် အခမ်းအနားကို ကျင်းပကြသည်ဟု သိရသည်။
ကရင့် အာဇာနည်နေ့ကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အနီးရှိ ထော့ကိုကိုး ရွာတွင် ကရင် အမျိုးသား ခေါင်းဆောင် စောဘဦးကြီး ကျဆုံးသည့် ၁၉၅၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက် ကို သတ်မှတ်ပြီး နှစ်စဉ် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပလာ သည်မှာ ယနေ့ အထိ ၆၄ နှစ်မြောက်ရှိပြီ ဖြစ်သည်။
ကရင့် အာဇာနည် ခေါင်းဆောင် စောဘဦးကြီးသည် သူမသေဆုံးမီ ကရင် တမျိုးသားလုံး အတွက် တော်လှန်ရေးမူ(၄) ချက်ဖြစ် သည့် လက်နက်ချစကား အလျဉ်းမပြောရ၊ ကရင့်လက်နက် ကရင့်လက်ထဲ ရှိရမည်၊ ကရင်ကံကြမ္မာ ကရင်ဖန်တီးမည် နှင့် ကရင်ပြည် ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည် တို့ကို ချမှတ်ခဲ့ပြီး ယင်းမူဖြင့် ယခုအထိ ကရင့်တော်လှန်ရေး ဆက်လက်ရှင်သန်နေခြင်း ဖြစ်သည်ဟုလည်း သိရသည်။