မြန်မာနိုင်ငံတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးနှင့် ဒေသဆိုင်ရာ အစည်းအဝေးများ လာရောက် တက်ရောက် ခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့မှု ဒဏ်ခတ် စာရင်း တွင် ပါဝင်သော မက်စ်မြန်မာကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်ပိုင် နေပြည်တော် The Lake Garden ဟိုတယ် တွင် တည်းခိုခဲ့ မှု သည် ဥပဒေ ချိုးဖောက်ခဲ့ခြင်းမရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ပြောဆိုလိုက်သည်။
အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု စာရင်းတွင် ပါဝင်နေသော ဦးဇော်ဇော်ပိုင် ဟိုတယ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တည်းခိုမှု သည် ဥပဒေ ချိုး ဖောက် ခဲ့ခြင်းမရှိဘဲ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ စီစဉ်ပေးမှုကြောင့် ယင်းဟိုတယ်တွင် တည်းခိုခြင်း ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Jen Psaki က အင်္ဂါနေ့တွင် ပြောဆို ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
“ဂျွန်ကယ်ရီ ဘာအမှားမှ မလုပ်ခဲ့ပါဘူး” ဟု Jen Psakiက ပြောသည်။
အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခြင်း ခံထားရသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်တဦး ပိုင်ဆိုင် သည့် ဟိုတယ်တွင် ဂျွန်ကယ်ရီ တည်းခိုခဲ့ခြင်းသည် အမေရိကန်နိုင်ငံသည် ဒဏ်ခတ်အရေးယူထားသော နိုင်ငံ တခု နှင့် ဆက်ဆံရာတွင် အခက်အခဲများ ရှိနေသည်ကို မီးမောင်းထိုးပြနေသည်ဟု The Wall Street Journal တွင် ရေးသား ဖော်ပြ ထားသည်။
The Lake Garden ဟိုတယ်ဟိုတယ်သည် ပြင်သစ်နိုင်ငံအခြေစိုက် Accor SA က စီမံခန့်ခွဲနေသော်လည်း တည်ဆောက် သူ နှင့် ပိုင်ဆိုင်သူမှာ မက်စ်မြန်မာအုပ်စုဖြစ်ကြောင်း၊ ဦးဇော်ဇော်သည် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အထူး ကန့်သတ်ထားသည့် နိုင်ငံသားစာရင်း (SDN) ပါဝင်ပြီး စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်များနှင့် ဆက်နွယ် ပတ်သက် ခဲ့သည့်အတွက် အရေးယူရခြင်း ဖြစ်သည် ဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ဝက်ဆိုက်တွင် ဖော်ပြထားသည်။
အမေရိကန် အစိုးရက ထုတ်ပြန်ချက်အရ ဒဏ်ခတ်ပိတ်ဆို့မှု ဆိုင်ရာ စည်းကမ်း ချက်များတွင် ကိုယ်ရေးကိုယ်တာ အရ ဖြစ်စေ၊ စီးပွားရေးအတွက်ဖြစ်စေ၊ အစိုးရ လုပ်ငန်းအရဖြစ်စေ ခရီးသွားလာသည့် အမေရိကန် နိုင်ငံသားတဦး၏ ငွေပေး ချေမှု မှန်သမျှကို ကင်းလွတ်ခွင့်ပြုထားသောကြောင့် The Lake Garden ဟိုတယ်တွင် ဂျွန်ကယ်ရီ တည်းခို ခြင်းသည် ဥပဒေ ချိုးဖောက်ခြင်းမရှိဟု ဆိုသည်။
သြစတြေး လျနိုင်ငံ ဆစ်ဒနီမြို့ရှိ Macquarie တက္ကသိုလ်မှ မြန်မာ့ စီးပွားရေး ကျွမ်းကျင်သူ Sean Turnell က “ ဥစ္စာဓနနဲ့ စီးပွားရေး လုပ်ဆောင်နိုင်စွမ်းတွေက အရင်စစ်အစိုးရနဲ့ ဆက်သွယ်နေတဲ့ လူလက်တဆုပ်စာရဲ့ လက်ထဲမှာပဲ ရှိနေ ပါတယ်” ဟု သုံးသပ်ပြောဆိုကြောင်း The Wall Street Journal တွင် ဖော်ပြထားသည်။
အမေရိကန်၏ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် အရေးယူခံထားရသူ လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီ ၂၀၀ နီးပါး ပါဝင်ပြီး ၎င်းတို့မှာ ၂၀၁၁ ခုနှစ် အရပ်သားအစိုးရ ကာလ မတိုင်မီ မြန်မာနိုင်ငံကို ဆယ်စုနှစ် ၆ ခုနီးပါး အုပ်စိုးခဲ့သည့် စစ်ဗိုလ်ချုပ်များနှင့် ဆက်သွယ်မှုရှိသည်ဟု စွပ်စွဲခြင်းခံ ရသူများ ဖြစ်သည်။
မက်စ်မြန်မာကုမ္ပဏီအုပ်စု၏ ဥက္ကဋ္ဌ ဦးဇော်ဇော်က သူသည် စစ်အစိုးရ၏ ခရိုနီမဟုတ်ဟု မီဒီယာများနှင့်တွေ့ဆုံတိုင်း ထုတ်ဖော်ပြောဆိုထားသည်။