ရေချိုငါး လုပ်ငန်းဥပဒေ ချိုးဖောက်သည့် အင်းသားကြီးများအား အရေးယူခြင်း မရှိဟုဆိုကာ ဟင်္သာတခရိုင် ငါးလုပ်ငန်း ဦးစီးဌာန ကို လယ်သမား ၄၀၀ ကျော်က သြဂုတ်လ ၁၂ ရက် နံနက်ပိုင်းတွင် ဆန္ဒပြကြောင်း သိရသည်။
ဟင်္သာတခရိုင် အတွင်းရှိ အင်းအိုင်၊ ချောင်း၊ မြောင်း များကို အင်းသားကြီးများက ပိတ်ဆို့ ငါးဖမ်းကြသဖြင့် ယခုနှစ် မိုးရာသီအတွင်း လယ်ယာမြေ ဧက ၄၀၀၀ ကျော် ရေနစ်မြုပ်မှု ဖြစ်ပေါ်နေကြောင်း၊ ဥပဒေ ချိုးဖောက်၍ ငါးဖမ်းနေသည့် အင်းသားကြီးများကို အရေး ယူပေးရန် ဟင်္သာတခရိုင် ငါးလုပ်ငန်းဌာနသို့ အကြိမ်ကြိမ် တင်ပြသော်လည်း အရေးယူခြင်း မရှိသည့်အတွက် ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဆန္ဒပြရာတွင်ပါဝင်သည့် ဟင်္သာတမြို့နယ် နိဗ္ဗာန်တိုက်နယ် တံတားဦးကျေးရွာမှ လယ်သမား ကိုသိန်းဇော်မြင့်က ပြော သည်။
“အင်းသားကြီးတွေက ယင်းစိပ် (ငါးသေးငါးနုပ်အထိ ဖမ်းဆီးနိုင်သော ငါးဖမ်းကိရိယာ) တွေသုံးပြီး ငါးဖမ်းတယ်။ အဲဒီလို ယင်းစိပ် တွေ နဲ့ ရေကိုတားပြီး ငါးဖမ်းတော့ မိုးလည်းရွာရော ရေက မစီးနိုင်တော့ဘဲ လျှံထွက်ပြီး လယ်တွေ အကုန် ရေမြုပ်ကုန်တယ်။ ဥပဒေ ချိုးဖောက်တဲ့ အင်းသားကြီးတွေကို အရေးယူပေးပါ၊ ယင်းစိပ်တွေနဲ့ ငါးဖမ်းနေတာတွေ ဖျက်သိမ်းပေးပါလို့ ခရိုင် ငါးလုပ်ငန်းကို အကြိမ်ကြိမ် တင်ပြပေမယ့် ဆောင်ရွက်မပေးလို့ အခုလို ဆန္ဒဖော်ထုတ်တာပါ”ဟု ၎င်းက ဆိုသည်။
ဆန္ဒပြပွဲသို့ ဟင်္သာတ ခရိုင်ရှိ တလုတ်ထော် တိုက်နယ်၊ နိဗ္ဗာန် တိုက်နယ်၊ ရှားခဲ တိုက်နယ်၊ ယုန်သလင်း တိုက်နယ်၊ ပျဉ်းမကုန်း တိုက် နယ်၊ ကော့ကရက် တိုက်နယ်၊ နတ်မှော် တိုက်နယ်တို့မှ လယ်သမား ၄၀၀ ကျော် ပါဝင်ပြီး ဟင်္သာတမြို့ ဥပါရဲ ဘုရားမှ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးနှင့် ခရိုင် ငါးလုပ်ငန်း ဦးစီးရုံးများရှေ့တွင် လှည့်လည် ဆန္ဒပြခြင်း ဖြစ်သည်။
အင်းသားကြီးများက ယင်းစိပ် အသုံးပြု၍ ငါးဖမ်းဆီးကြသဖြင့် ရေစီးရေလာ ပိတ်ဆို့ကာ ဟင်္သာတခရိုင် အတွင်းရှိ လယ်ယာမြေများသည် သြဂုတ်လ ၂ ရက်က စတင်ပြီး ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရ၍ စပါးစိုက်ခင်း တချို့ ပျက်စီးကုန်ပြီ ဖြစ်ကြောင်း ဒေသခံ လယ်သမား ဦးမင်းမင်းစိုးက ပြောသည်။
“ကျနော်တို့မှာ ရေနစ်မြုပ်လို့ လယ်တွေကို နှစ်တိုင်း နှစ်ကြိမ် သုံးကြိမ်လောက် ပြန်စိုက်နေရတယ်။ အဲဒီလိုတွေ ပြန်စိုက်ရတော့ စိုက် ပျိုးစရိတ်တွေ ကုန်တယ်။ စပါးစိုက်ပြီး မိုးများများ ရွာလိုက်တာနဲ့ ရေစီးရေလာ ပိတ်ဆို့ပြီး ရေမြုပ်တော့တာပဲ။ စပါးက အရှုံးပေါ်ပြီး အကြွေးတင်တဲ့ အခြေအနေတွေ ဖြစ်နေပြီ”ဟုလည်း ၎င်းက ဆိုသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် ဟင်္သာတ မြို့နယ်သာမက ကျောင်းကုန်းနှင့် ပန်းတနော်မြို့နယ်များတွင်လည်း အင်းသားကြီးများ၏ ဆည်ပိတ်၊ ရေလှောင် ငါးဖမ်းမှုကြောင့် လယ်ယာမြေများ ရေကြီးနစ်မြုပ်မှု နှစ်စဉ် ကြုံတွေ့နေရကြောင်း လယ်သမားအရေး လှုပ်ရှားသူများက ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်တွင် ၂၀၁၂ ခုနှစ်က ပြဌာန်းခဲ့သည့် ရေချိုငါးလုပ်ငန်း ဥပဒေအရ အင်းအိုင်၊ ချောင်းမြောင်းများအား ပိတ်ဆို့ပြီး ရေစီးရေလာ ပြောင်းလဲရေး ပြုလုပ်၍ ငါး မဖမ်းရန် တားမြစ်ထားပြီး ယင်းတားမြစ်ချက်ကို ကျူးလွန်ပါက ထောင် ဒဏ် ၃ နှစ် (သို့) ငွေဒဏ် ၆ သောင်းကျပ် (သို့) ပြစ်ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်သည်ဟု ပါရှိသည်။