အင်ဒိုနီးရှား ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုမှာ အင်ဒိုနီးရှားသို့ ကျနော် ရောက်ခဲ့သည်။ မီဒီယာများ၊ တက်ကြွလှုပ်ရှားသူများ၊ လူထုအခြေပြု အဖွဲ့အစည်းများအားလုံး လွှတ်တော် ရွေးကောက်ပွဲနှင့် သမ္မတ ရွေးကောက်ပွဲတို့အတွက် စိတ်လှုပ်ရှားနေကြသော အချိန်ဖြစ်သည်။ အဓိက စိုးရိမ်သောကမှာ သမ္မတ ရွေးကောက်ပွဲတွင် လူကြိုက်များသော မြို့တော်ဝန် ဂျိုကိုဝီဟု ခေါ်ကြသည့် ဂျိုကိုဝီ ဒိုဒိုကို PDI-P ပါတီခေါင်းဆောင် မေဃာဝတီက သမ္မတလောင်းအဖြစ် မတင်ဘဲ သူကိုယ်တိုင် ရွေးချယ်ခံလျှင် ရှုံးသွားနိုင်သည့်ကိစ္စ ဖြစ်သည်၊ ထိုအရှုံးမှာ ရိုးရိုးသာမန် အရှုံးမဟုတ်။ အင်ဒိုနီးရှား ဒီမိုကရေစီဖြစ်စဉ်ကို နောက်ကြောင်း ပြန်သွားနိုင်သည်ဟု တွက်ကြပြီး စိုးရိမ်ကြခြင်းဖြစ်သည်။
သဘာဝကျစွာပင် ထိုသို့ ရလဒ်မျိုး ထွက်ပေါ်လာမည်ကို အဓိက စိုးရိမ်သူများမှာ ၁၉၉၈ လူထုအရေးတော်ပုံတွင် တက်တက်ကြွကြွ ပါဝင်ခဲ့ကြသူများဖြစ်သည်။ သူတို့သည် ယခုအခါ မီဒီယာလောကနှင့် လူထုအခြေပြု အဖွဲ့အစည်းများတွင် ခေါင်းဆောင်မှုနေရာ ရှိနေကြသည်။ အင်ဒိုနီးရှားမှာ အကြီးဆုံး ရေဒီယို ကွန်ရက်တခုမှ ညွန်ကြားရေးမှူးတာဝန် ယူထားသူတယောက်နှင့် စကားစမြည် ပြောသောအခါ ဂျိုကိုဝီကိုသာ သမ္မတလောင်းအဖြစ် ပြိုင်စေချင်သည့်အကြောင်း ပြောသည်။ “ဂျိုကိုဝီကိုသာ တင်လိုက်စမ်းပါ၊ မနက်ဖြန် ရွေးကောက်ပွဲလုပ်ရင် မနက်ဖြန် နိုင်မှာပဲ” လို့ သူက ယုံကြည်မှုအပြည့်နှင့် ပြောခဲ့သည်။
ကျနော်စကားပြောခဲ့ရသော လူထုအခြေပြု အဖွဲ့အစည်းတခုမှ ခေါင်းဆောင်တယောက်က ပိုပြီး စိတ်လှုပ်ရှားနေခဲ့သည်။ သူက ၁၉၉၈ အရေးတော်ပုံတွင် သပိတ်မှောက် ကျောင်းသားအဖြစ် ပါဝင်ခဲ့ပြီး အဖမ်းခံခဲ့ရသည်။ ထိုစဉ်က ကျောင်းသားနှင့် တက်ကြွလှုပ်ရှားများကို ဖမ်းဆီးဖို့ အမိန့်ပေးခဲ့သူမှာ တခြားသူမဟုတ်၊ သမ္မတ ရွေးကောက်ပွဲအတွက် ဂျိုကိုဝီနှင့်အပြိုင် လူကြိုက်များနေသော အထူးတပ်ဖွဲ့အကြီးအကဲဟောင်း ဘရာဘိုဝို ဆူဘီယံတို ဖြစ်ခဲ့သည်။ ဒီမိုကရေစီ ဘက်တော်များအတွက် မေဃာဝတီ ရှုံးသွားတာ ပြဿနာ မဟုတ်၊ ဘရာဘိုဝို နိုင်သွားလျှင်သာ ပြဿနာဖြစ်သည်။ ထို့ကြောင့် ဂျိုကိုဝီကို မတင်ဘဲ မေဃာဝတီကိုယ်တိုင် ရွေးကောက်ပွဲဝင်လျှင် လူထုအခြေပြု အဖွဲ့အစည်း ကွန်ရက်တွေကို စည်းရုံးပြီး ဆန္ဒပြမည်ဟု ကျနော်ကို ပြောပြသည်။
အင်ဒိုနီးရှား လွတ်လပ်ရေးခေါင်းဆောင် ဆူကာနို၏ သမီးဖြစ်သူ မေဃာဝတီမှာ အင်ဒိုနီးရှား သမ္မတ အဖြစ် ၂၀၀၁ မှ ၂၀၀၄ အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသော်လည်း လူကြိုက်များလှသူ မဟုတ်ပါ၊ ၁၉၉၉ ခုနှစ်မှာ လွှတ်တော်စနစ်အရ ရွေးချယ်ခဲ့သော သမ္မတ အဗ္ဗဒူရာမန် ဝါဟစ်ကို လွှတ်တော်က ဖြုတ်ချခဲ့ပြီးနောက် ထိုစဉ်က ဒုတိယ သမ္မတဖြစ်သော မေဃာဝတီက သမတဖြစ်လာခဲ့သည်။ သမ္မတ သက်တမ်း ၃ နှစ် တာဝန်ထမ်းဆောင်ခဲ့ရပြီး ဆုံးဖြတ်ချက် မပြတ်သားသူအဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။ ထို့နောက် သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးချယ်သည့် စနစ်အောက်တွင် ကျင်းပသော ရွေးကောက်ပွဲ နှစ်ကြိမ်စလုံး (၂၀၀၄ နှင့် ၂၀၀၉ ခုနှစ်) တွင် ယှဉ်ပြိုင်ခဲ့သော်လည်း ဆူစီလို ဘန်ဘမ်း ယူဒိုယိုနိုကို အရှုံးပေးခဲ့ရသည်။ ၂၀၁၄ သမ္မတရွေးကောက်ပွဲ အကြိုစစ်တမ်းတွေအရလည်း နောက်တကြိမ် အရွေးခံရလျှင်လည်း ရှုံးဖို့ သေချာနေသည်။
သို့နှင့် မေဃာဝတီအတွက် အတုယူစရာမှာ ဆိုနီယာ ဂန္ဒီ ဖြစ်လာသည်။ ဆိုနီယာ ဂန္ဒီသည် နေရှင်နယ် ကွန်ဂရက်ပါတီ ဥက္ကဌဖြစ်သည်။ သို့သော် သရဖူ မဆောင်းသော ဘုရင်မဟု ဆိုရပါမည်။ ၁၉၉၈ ခုနှစ်မှ ကွန်ဂရက်ပါတီ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သဖြင့် ယခုအချိန်အထိ သက်တမ်း အရှည်ကြာဆုံး ဥက္ကဌလည်း ဖြစ်သည်။ နေရူး၏ သမီး အင်ဒီယာ ဂန္ဒီ အနိုင်ရခဲ့သော ဥတြာပရာဒေ့ ပြည်နယ်တွင် ၁၉၉၉ ခုနှစ်မှာ ရွေးကောက်ပွဲဝင်ရာ အနိုင်ရခဲ့သည်။
၂၀၀၄ ခုနှစ်တွင် ဆိုနီယာ၏ ဦးဆောင်မှုဖြင့် ကွန်ဂရက်ပါတီက ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။ ထိုနှစ် Forbes မဂ္ဂဇင်း၏ ကမ္ဘာ့ သြဇာအကြီးဆုံး အမျိုးသမီးခေါင်းဆောင် စာရင်းတွင် ဆိုနီယာမှာ နံပါတ် ၃ ဖြစ်သည်။ ဆိုနီယာ၏ ဦးဆောင်မှုဖြင့် ကွန်ဂရက်ပါတီ အောင်ပွဲခံသဖြင့် ဆိုနီယာသာ ဝန်ကြီးချုပ်ဖြစ်လာမည်ဟု တော်တော်များများက မျှော်လင့်ခဲ့ကြသည်။ ကွန်ဂရက်ပါတီနှင့် မဟာမိတ်ပါတီများကလည်း ဆိုနီယာကို တခဲနက် ခေါင်းဆောင်အဖြစ် ရွေးကောက် တင်မြှောက်လိုက်ကြသည်။ သို့သော် အတိုက်အခံ ဘီဂျေပီ ပါတီက ဆိုနီယာ၏ အီတာလီနိုင်ငံဖွား ဖြစ်မှုကို အကြောင်းပြပြီး ကန့်ကွက်ခံရသည့်နောက် ဆိုနီယာက မန်မိုဟမ်ဆင်းကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွားခဲ့သည်။
ဆိုနီယာ ကိုယ်တိုင်ကမူ ပါတီ တည်ဆောက်ရေး၊ ပါတီ မူဝါဒများကို အာရုံစိုက် ဆောင်ရွက်ခဲ့သည်။ ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေး၊ တက်ကြွလှုပ်ရှားသူများ ပါဝင်သော အမျိုးသားအကြံပေး ကောင်စီ (NAC) ၏ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုကောင်စီမှာ ကျေးလက်နေ ဆင်းရဲသားပြည်သူများအတွက် အလုပ်အကိုင်နှင့် စားနပ်ရိက္ခာ ဖူလုံရေးလို ကိစ္စမျိုးအတွက် သိသာသော ပြုပြင်ပြောင်းလဲမှုများကို ဆောင်ကျဉ်းပေးနိုင်ခဲ့သဖြင့် ဆိုနီယာ ဂန္ဒီ ကိုယ်တိုင်နှင့် ကွန်ဂရက်ပါတီ၏ ဂုဏ်သိက္ခာ များစွာတက်ခဲ့သည်။
ထို့ကြောင့် အင်ဒိုနီးရှား လွတ်လပ်ရေး ခေါင်းဆောင်၏ သမီးဖြစ်သူ မေဃာဝတီအနေနှင့်လည်း အိန္ဒိယတွင် ဆိုနီယာ၏ ဉာဏ်ပညာရှိသော ဆုံးဖြတ်ချက်ကို သင်ခန်းစာယူပြီး ပါတီ တည်ဆောက်ရေးကို အာရုံစိုက်သင့်သည်ဟု အကြံပြုခဲ့ကြသည်။
ထိုကာလအတွင်းမှာ မေဃာဝတီကိုယ်တိုင်ကလည်း ပါတီတွင်းတွင် စိတ်ဝမ်းကွဲမည့်အရေးကို လိမ္မာပါးနပ်စွာ ကိုင်တွယ်နေခဲ့ရသည်။ ထုံးစံအတိုင်း မေဃာဝတီကို နှစ်ပေါင်းများစွာ သစ္စာခံလာသူများက မေဃာဝတီကိုသာ ရွေးကောက်ပွဲ ဝင်စေချင်သည်။ ဂျိုကိုဝီကို အပြင်လူဟု မြင်ကြသည်။ မေဃာဝတီ ကိုယ်တိုင်ကလည်း ဂျိုကိုဝီ၏ သစ္စာရှိမှုနှင့် ဂျိုကိုဝီကို ထောက်ခံသူများအပေါ် မယုံတဝက် ရှိနေသည်။ ဒါကလည်း သဘာဝကျသည်ဟု ဆိုနိုင်သည်။ ဂျိုကိုဝီမှာ ပါတီ၏ ငယ်မွေးခြံပေါက် မဟုတ်ဘဲ ဆိုလိုမြို့တော်ဝန် ရွေးကောက်ပွဲကျင်းပသည့် ၂၀၀၅ ခုနှစ်ကျမှ ပါတီဝင် ဖြစ်လာသူဖြစ်သည်။ ထို့ကြောင့် မေဃာဝတီ၏ အတွင်းစည်းက တဖက်၊ လက်တွေ့ကျသော အုပ်စုက တဖက် အားပြိုင်ပွဲများ ပေါ်လာသည်။ ထိုနေရာတွင် မေဃာဝတီ၏ အမြော်အမြင်သည် အလွန် အရေးကြီးပြီး ပညာပါလှသည်။
ထိုကိစ္စအတွက် မေဃာဝတီက လွတ်လပ်သော အကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အများလေးစားသော ပညာရှင်လည်းဖြစ်၊ နှစ်ပေါင်းများစွာ ယုံကြည်ခင်မင်ရသော မိတ်ဆွေတယောက် အပါအဝင်၊ ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ ပါတီတွင်းက သမာသမတ်ကျသူများပါသော ၁၁ ဦးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မေဃာဝတီကို တိုက်ရိုက် အစီရင်ခံစေသည်။ ၁၁ ဦးအဖွဲ့သည် ကြိုတင်စစ်တမ်းများ၊ ဖြစ်နိုင်ခြေ အခင်းအကျင်းများ အားလုံးကို လေ့လာပြီးနောက် ပါတီက သမ္မတလောင်းအဖြစ် တင်မည့် ပုဂ္ဂိုလ်အတွက်လည်း နိုင်ငံရေးနှင့် ဝါဒရေးရာ ဦးစားပေးသင့်သည့် မူဝါဒများကို ရေးဆွဲခဲ့သည်။
၂၀၁၄ ဖေဖော်ဝါရီလတွင် ၁၁ ဦးပါ အကြံပေးအဖွဲ့က ဂျိုကိုဝီကို သမ္မတလောင်း တင်သင့်သည်ဟု အကြံပြုခဲ့ပြီး မေဃာဝတီက သဘောတူခဲ့သည်။ သို့သော် အချိန်မတိုင်ခင် ထိုကိစ္စကို လူသိရှင်ကြား မပြောသေးဘဲ လျှိုဝှက်ထားခဲ့သည်။ ပါတီတွင်းတွင် စိတ်ဝမ်းကွဲပြီး ရွေးကောက်ပွဲ အနိုင်ရရေး လုပ်ငန်းစဉ်မှာ အဆင်မပြေဖြစ်မည်၊ ဂျိုကိုဝီအတွက် ပြင်ဆင်ချိန် မရသေးခင် ပြိုင်ဖက် သမ္မတ လောင်းများဘက်က မလိုလားအပ်သည့် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရမည်ကို တွက်ဆပြီး လျှို့ဝှက်ထားခဲ့ခြင်းဖြစ်သည်။ လွှတ်တော် ရွေးကောက်ပွဲ ကျင်းပရန် နှစ်ရက်အလို မတ်လ ၁၄ ရက်နေ့အထိ ထိုကိစ္စမှာ လျှို့ဝှက်ချက်ဖြစ်ခဲ့သည်။
နောက်ဆုံးမှာ ဂျိုကိုဝီကို ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ကြောင်း တရားဝင် ကြေညာပြီးနောက် မဲဆွယ်ပွဲတခုတွင် မေဃာဝတီက ဂျိုကိုဝီသည် လူကြိုက်များရုံမျှမက၊ အလုပ်ကြိုးစားသူ၊ ရိုးသားသူ၊ ဇွဲကြီးသူ၊ မိမိကိုယ်ကို အမြဲ နှိမ်ချတတ်သူဖြစ်၍ ရွေးချယ်ခဲ့ရသည့်အကြောင်း ရှင်းပြခဲ့သည်။ ဂျိုကိုဝီ၏ ခေါင်းဆောင်မှုပုံစံကို ဆိုလို မြို့တော်ဝန်ဘဝ၊ ဂျကာတာမြို့တော်ဝန်ဘဝတွင် တစိုက်မတ်မတ် အကဲခတ်ခဲ့သည်ဟု နောက်ကြောင်းပြန် ပြောခဲ့သည်။ ဆိုလိုမြို့တော်ဝန် ဒုတိယသက်တမ်းတွင် တာဝန်ထမ်းဆောင်နေသော ဂျိုကိုဝီကို ဂျကာတာ မြို့တော်ဝန်အဖြစ် ရွေးချယ်ရာတွင် မေဃာဝတီသည် အဆုံးအဖြတ်နေရာတွင် ရှိခဲ့သည်။ ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခါနီးတွင်လည်း ဂျိုကိုဝီ၏ အမြင်၊ ရည်မှန်းချက်၊ အစီအစဉ်များကို ဆွေးနွေးခဲ့ပြီး စိတ်ချ၍ ရွေးချယ်ခဲ့သည်ဟု ရှင်းပြခဲ့သည်။
“လူကသာ ပိန်ပေမယ့် အင်မတန် သန်မာတဲ့လူ၊ ကျွဲရိုင်းလို သန်စွမ်းတဲ့လူ၊ အဲဒါ ဂျိုကိုဝီ” ပဲဟု ပြောခဲ့သည်။ ဂျိုကိုဝီ အနိုင်ရသည့်အချိန်တွင် မေဃာဝတီမှာ မျက်ရည်မဆည်နိုင် ဖြစ်ခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် အင်ဒိုနီးရှား ရွေးကောက်ပွဲထက် ရက်အနည်ငယ်စောပြီး ကျင်းပခဲ့သော အိန္ဒိယ ရွေးကောက်ပွဲတွင် ဆိုနီယာ ဂန္ဒီတို့ သားအမိ ခေါင်းဆောင်သော ကွန်ဂရက်ပါတီ အရှက်ရဖွယ်ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
ဆိုနီယာလမ်းကြောင်းကို လိုက်သော မေဃာဝတီက အနိုင်ရပြီး ကာယကံရှင် ဆိုနီယာ ကိုယ်တိုင်ကမူ ရှုံးနိမ့်ခဲ့သည်။ ဤသို့ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသည့်အကြောင်းမှာ ဆိုနီယာ၏ ပါတီတွင်း ပြုပြင်ပြောင်းလဲရေး အားနည်းချက်များကိုပင် အပြစ်တင်ရပါမည်။ ဆိုခဲ့သည်အတိုင်း ဆိုနီယာခေါင်းဆောင်မှုနှင့် လူမှုပြုပြင်ပြောင်းလဲရေး အမြောက်အမြားကို ဖော်ဆောင်နိုင်ခဲ့သည့်တိုင် ပါတီတွင်း နိုင်ငံရေးအရ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ လုံလောက်သည့် အခြေအနေသို့ မရောက်ခဲ့ဘဲ ရေပေါ်စီ ဆန်လွန်းသည်ဟု ဝေဖန်ခံရသည်။ အထင်ရှားဆုံးကိစ္စမှာ အိန္ဒိယတွင် ဝန်ကြီးချုပ် လောင်းလျာအဖြစ် ဆိုနီယာ၏သား ရာအူး ဂန္ဒီ ဖြစ်ခဲ့ပြီး အင်ဒိုနီးရှားတွင် သမ္မတလောင်းမှာ အပြင်လူဟု ပြောရမည့် ဂျိုကိုဝီ ဒိုဒို ဖြစ်နေသည်။
ပိုပြီး စိတ်ဝင်စားစရာကောင်းသည့် ကိစ္စမှာ မေဃာဝတီတွင် နိုင်ငံရေး ရည်မှန်းချက်ကြီးသော သမီးမှာ ဆိုနီယာ၏ သားဖြစ်သူ ရာအူးဂန္ဒီနှင့် သက်တူရည်တူဖြစ်သည်။ သို့သော် ဆိုနီယာ ဂန္ဒီက အတွေ့အကြုံနုပြီး အပေါ်ယံဆန်သူအဖြစ် ဝေဖန်ခံရသူ ရာအူး ဂန္ဒီကို ဝန်ကြီးချုပ်လောင်းအဖြစ် စင်တင်ခဲ့ပေမယ့် မေဃာဝတီ၏ သမီးဖြစ်သူ ပူအန်မဟာရာနီက ရွေးကောက်ပွဲ အောင်နိုင်ရေး စီမံကိန်း မန်နေဂျာအဖြစ် ဆောင်ရွက်နေခဲ့သည်။
အိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင် နေရူး၏ အဆက်အနွယ် ဆိုနီယာ ဂန္ဒီ၊ အင်ဒိုနီးရှား၏ လွတ်လပ်ရေးခေါင်းဆောင် ဆူကာနို၏သမီး မေဃာဝတီ၊ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်တို့ မျိုးရိုးနောက်ခံချင်း ဆင်တူရုံမက၊ အသက်အရွယ်အရလည်း မတိမ်းမယိမ်း ရှိကြသည်။ တိုင်းမ်မဂ္ဂဇင်းက ရွေးချယ်သည့် ကမ္ဘာ့သြဇာအကြီးဆုံး အမျိုးသမီးများစာရင်းတွင် ရှေ့ဆင့်နောက်ဆင့် ပါဝင်ကြသူတွေချည်း ဖြစ်သည်။ သို့သော် မျိုးဆက်သစ် ခေါင်းဆောင်ကို မွေးမြူသည့်နေရာတွင် ကွဲပြားခြားနားသည်ကို သတိထားမိသည်။
မေဃာဝတီ၊ ဆိုနီယာဂန္ဒီတို့နှင့် မတူသောအချက်မှာ အသက် ၇၀ သို့ ချဉ်းနင်းဝင်ရောက်လာသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ မျိုးဆက်သစ် ခေါင်းဆောင်ကို မွေးမြူယူရသည်ဆိုသော အယူအဆကို လက်မခံသူ ဖြစ်သည်။ ဒီမိုကရေစီနည်းလမ်းမကျဟု မကြာခဏ အကြောင်းပြခဲ့သည်။ မှန်သင့်သလောက် မှန်သော်လည်း အပြည့်အ၀ မှန်သည်ဟု မဆိုနိုင်ပါ။ နိုင်ငံအခြေအနေချင်း တထပ်တည်း မကျနိုင်သော်လည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပါတီတည်ဆောက်ရေးနှင့် မျိုးဆက်သစ် ပြုစုပျိုးထောင်သည့် ကိစ္စတို့တွင် ဆိုနီယာဂန္ဒီနှင့် မေဃာဝါဒီ ထံမှ အကောင်းအဆိုး သင်ခန်းစာ ထုတ်ယူစရာတွေ ရှိမည်ဟု ယူဆပါသည်။