အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်သမ္မတရုံးဝန်ကြီးဦးအောင်မင်း၏ ဖိတ်ခေါ်ချက်ဖြင့် မြန်မာ့ ငြိမ်းချမ်း ရေး စင်တာ(MPC) တွင် ကျင်းပခဲ့သော နိုင်ငံရေးပါတီ ၆၆ ပါတီတွေ့ဆုံပွဲတွင် တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး အမြန် လက်မှတ် ထိုးရန် ထုတ်ပြန်သော ကြေညာချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် နိုင်ငံရေးပါတီများကို ကိုယ်စား မပြုဟု NLD က ယနေ့ ကြေညာချက်ထုတ်ပြန်သည်။
သမ္မတရုံးဝန်ကြီးဦးအောင်မင်း၏ ဖိတ်ခေါ်ချက်အရ သြဂုတ်လ ၁၁ ရက်နေ့ နိုင်ငံရေးပါတီ ၆၆ ပါတီမှ ကိုယ်စား လှယ် များ တွေ့ဆုံ၍ ဦးအောင်မင်း၏ ငြိမ်းချမ်းရေးဖြစ်စဉ် ရှင်းလင်းတင်ပြမှုနှင့် အပြန်အလှန်ဆွေးနွေးမှုများကို ရန်ကုန်မြို့၊ ကမာရွတ် မြို့နယ်၊ ရွှေလီလမ်းရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC) တွင် ပြုလုပ်ခဲ့ကြောင်း၊ ယင်း နောက် နိုင်ငံရေး ပါတီ တချို့ က အချက် ၆ ချက်ပါ သဘောထားကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပြီး ယင်း ကြေ ညာ ချက်တွင် အပစ်ရပ်ရေး အမြန် လက် မှတ် ထိုးရန် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် သက်ဆိုင်သူ များကို တိုက်တွန်းသည် ဆိုသော အချက် ပါဝင် ကြောင်း၊ ယင်းကြေညာချက်တွင် နိုင်ငံရေးပါတီ ၆၆ ပါတီကို ကိုယ်စားပြု သည့်ပုံစံ ထုတ်ပြန်ထားကြောင်း သိရှိရသည်။
NLD က MPC တွင် ထုတ်ပြန်သော ကြေညာချက်တွင် NLD ၊ တိုင်းရင်းသား ပါတီများနှင့် အခြားပါတီများ ပါဝင်ခြင်း မရှိ ကြောင်း သြဂုတ်လ ၁၃ ရက်နေ့စွဲဖြင့် ကြေညာချက်တရပ်ထုတ်ပြန်ပြီး ယင်းကြေညာချက်ကို သဘော မတူကြောင်း ထုတ် ပြန် ပြောဆိုလိုက်သည်။
“ ဒီထုတ်ပြန်ချက်ကို ကျနော်တို့ လုံးဝမသိဘူး ။ သဘောလည်း မတူဘူး ” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။
နိုင်ငံရေးပါတီများ စုပေါင်းထုတ်ပြန်သော MPC ကြေညာချက် တွင် နိုင်ငံရေးပါတီများဟု သုံးနှုန်းထားရာ NLD အနေဖြင့် ထောက်ခံသည့် သဘော ဖြစ်နေသောကြောင့် NLD မပါဝင်ကြောင်း ရှင်းလင်း သိသာစေရန် ကြေညာချက် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောသည်။
ရှမ်းဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွန့်လွင်က MPC ကြေညာချက် ထုတ်ပြန်မည်ကို လုံး၀ မသိ ရှိသကဲ့ သို့ အသိပေးမှုလည်း မရှိကြောင်း ၊ MPC နှင့် နီးစပ်သည့် နိုင်ငံရေးပါတီ အဖွဲ့ဝင်များက ဦးဆောင် လုပ်ဆောင် သွားခြင်း ဖြစ်ကြောင်း ၊ ပါတီ အားလုံး၏ သဘောထား မပါဝင်ကြောင်း ပြောသည်။
“ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး (Nationwide Ceasefire Agreement) ကို အမြန်ဆုံး လက်မှတ်ထိုးဖို့ တိုက်တွန်း တာ ဟာ တိုင်းရင်းသားတွေကို ဖိအားပေးသလို ဖြစ်နေတယ် ” ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။
MPC ကြေညာချက် ထုတ်ပြန်ရန် စတင်အဆိုပြုသူမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းအိုက်ပေါင်းဖြစ်ပြီး အခြားပါတီ ၃ ခုခန့်ကလည်း ထောက်ခံကြကြောင်း ၊ ယင်းအချိန်မှာ Coffee Break ပြုလုပ်သော အချိန်ဖြစ်နေကြောင်း ၊ ထို့နောက် ဆက်လက်ဆွေးနွေးရာ ပါတီအားလုံး သဘောတူညီမှုဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း ဒီမိုကရက် တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
“ NLD က ဦးဉာဏ်ဝင်းကတော့ Coffee Break ပြီးတော့ ပြန်သွားတဲ့ အတွက် သူတို့ မသိလိုက်တာ ။ နောက်ဆုံးမှာ ပါတီ တွေ အကုန်လုံး သဘောတူလို့ ဒီကြေညာချက်ထွက်လာတာ ” ဟု ဦးသုဝေက ပြောသည်။
MPC တွင် နိုင်ငံရေးပါတီများ ထုတ်ပြန်သော ကြေညာချက်သည် MPC ၏ သဘောထားမဟုတ်ဘဲ နိုင်ငံရေး ပါတီများ၏ သဘောထားသာ ဖြစ်ကြောင်း ၊ MPC နှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိကြောင်း MPC မှ တာဝန်ရှိသူတဦးက ပြောသည်။