ကရင် အမျိုးသား အစည်းအရုံး(KNU) ဗဟိုကော်မတီ အဖွဲ့ဝင်များနှင့် လူငယ် အရပ်ဘက်အဖွဲ့အစည်းများ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဂျက်ဆင်ခန်းမ (ယုဒသန်ဝင်း) တွင် ယနေ့ နံနက်ပိုင်းက ပထမဆုံးအကြိမ် တွေ့ဆုံကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်သည့် လုပ်ငန်းစဉ်များတွင် ပြည်သူ့အသံများ ပိုမိုပါဝင်ရန် အတွက် ရည်ရွယ်ပြီး လူငယ် အရပ် ဘက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း ဖြစ်သည်ဟု KNU ဗဟိုကော်မတီ အဖွဲ့ဝင် ဦးစောလှက ဧရာဝတီကို ပြောသည်။
“မြန်မာပြည်က လူတွေလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အားလုံး လိုချင်ကြပါတယ်။ ပြီးတော့ နိုင်ငံတခု တည်ဆောက်တဲ့ အခါမှာလည်း လူငယ်တွေရဲ့ အခန်းနေရာက ပါဝင်ကြဖို့၊ လူငယ်တွေကိုလည်း နိုင်ငံရေးမှာ လုပ်ဆောင်ဖို့ အတွက် ဖိတ်ခေါ်ပါတယ်”ဟု ၎င်းက ဆိုသည်။
ထိုတွေ့ဆုံဆွေးနွေးပွဲသို့ လူငယ်အရပ်ဘက် လူမှုအဖွဲ့အစည်း ၇၀ ကျော် တက်ရောက်ခဲ့ပြီး ကရင်လူငယ် ကွန်ရက်၊ ချင်းလူငယ် ကွန်ရက်၊ ရှမ်းလူငယ် ကွန်ရက် နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့တို့ ပါဝင်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် KNU ၏ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များအား လူငယ်များကို ပြောပြခဲ့ပြီး ယခင်က လူငယ် အဖွဲ့အစည်းများသည် လူမှုအဖွဲ့အစည်းများ၌ ပါဝင်မှုမရှိသဖြင့် မကြာခဏ ငြိမ်းချမ်းရေး ပျက်ပြယ်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင် ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့် နေရာတွင် ပါဝင်နေသည့်အတွက် ယင်းသို့ တွေ့ဆုံရခြင်း ဖြစ် ကြောင်း ဦးစောလှက ပြောသည်။
တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး စီစဉ်သူ တဦးဖြစ်သည့် ပြည်သူ့အကျိူးပြု ကွန်ရက်မှ ကိုသီဟမောင်မောင်ကလည်း“ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ဆွေးနွေးတဲ့နေရာမှာ ပါတီတွေ၊ လက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာအစိုးရကပဲ အဓိကပါဝင် ဆွေးနွေးကြတယ်။ အရပ် ဘက် လူမှုအဖွဲ့အစည်းတွေလည်း ပါဝင်လာဖို့ လိုအပ်တယ်။ ပြည်သူကို ကိုယ်စားပြုတဲ့လူမှုအဖွဲ့အစည်း တွေပေါ့”ဟု ပြောဆိုသည်။
“တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ လူငယ်အဖွဲ့အစည်းတွေ ဆွေးနွေးတဲ့အခါ ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုလည်း အရင်က ထက် ပိုသိသွားပါတယ်။ နောင်မှာလည်း တခြားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိလာမယ်လို့ မျှော်လင့် ပါတယ်”ဟု ထိုတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် Myanmar Institute of Theology (MIT) Liberal Arts Program မှ ကျောင်းသား ဥက္ကဌ ဘီအက်စတာဇေနော က ဆိုသည်။
လူငယ်မျိုးဆက်များ အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားသော်လည်း လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်တွင် သံသယရှိကြောင်း ဆွေးနွေးပွဲ တက်ရောက်လာသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီမှ ကိုဒီငြိမ်းလင်းကပြောဆိုသည်။
“ငြိမ်းချမ်းရေးမှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးတော့ တိုက်ပွဲငယ်တွေလည်း ပြန်ဖြစ်တာပဲ။ ငြိမ်းချမ်းရေး ဖြစ်စဉ်ကတော့ တကယ်ရော ဖြစ်လာမှာလား ဆိုတာ ကျနော်တို့ကတော့ သံသယ ဖြစ်နေပါတယ်။ ကျနော်တို့ မျိုးဆက်လူငယ်တွေ အားလုံးက တော့ ငြိမ်းချမ်းရေးကို လိုလားတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ အကြား တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး အတွက် လုပ်ဆောင်နေသော်လည်း လက်ရှိအခြေအနေအထိ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် အစိုးရ အကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။