Ethnic Issues

တိုက်ပွဲတွေ ထပ်ဖြစ်မှာစိုးရိမ်ပြီး ဖားကန့်ဒေသခံ ၂၀၀ ခန့် ထွက်ပြေးတိမ်းရှောင်မှု ဖြစ်ပွား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)တို့အကြား တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားမှာ စိုးရိမ်နေတဲ့ ဒေသခံ ၂၀၀ ခန့်ဟာ နေရပ်စွန့်ခွာပြီး ပုန်းရှောင်မှုတွေ ပြုလုပ်နေတယ်လို့ အဲဒီ ဒုက္ခသည်တွေကို သွားရောက်ကြည့်ရှုခဲ့သူတွေက ပြောပါတယ်။

ဖားကန့်မြို့နယ် KIA လှုပ်ရှားနယ်မြေအနီးမှာ အစိုးရစစ်တပ် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတချို့ စစ်ကြောင်း လှုပ်ရှားမှုတွေ ပြုလုပ်နေတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အဲဒီ ဒေသခံတွေက ထိတ်လန့်ပြီး ဖားကန့်-မြစ်ကြီးနား ကားလမ်းပေါ်က ကျေးရွာတချို့နဲ့ ဘုရားကျောင်း တချို့မှာ သွားရောက်ခိုလှုံနေကြတာလို့ ဆိုပါတယ်။

“တိုက်ပွဲကြီးတွေဖြစ်တာတော့ မရှိပါဘူး။ ဒါပေမယ့် စစ်ကြောင်း လှုပ်ရှားမှုတွေနဲ့ ဟိုတနေ့က ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ က လန့်ပြီး ဘေးလွတ်ရာ ပြေးလာကြတာ။ ကျနော်တို့ ဒီနေ့သွားကြည့်တော့ ဆိုင်းဖရာ ရွာ ဘုရားကျောင်း ၂ ကျောင်းမှာတင် ၁၀၀ ကျော်လောက်ရှိတယ်။ အများစုက ကလေးတွေနဲ့ အမျိုးသမီးတွေ၊ အသက် ၈၀ ကျော် အဘိုးကြီး တယောက်တောင် ပါတယ်”လို့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို သွားရောက် ကြည့်ရှုခဲ့တဲ့ ဦးဒါချီလဆိုင်းက ဧရာဝတီကိုပြောပါတယ်။

ဦးဒါချီလဆိုင်းဟာ ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘာပတိ အဖွဲ့ဝင်လည်းဖြစ်ပြီး ဖားကန့်မြို့နယ် ကချင်ရိုးရာ ယဉ်ကျေးမှု ကော်မတီ ဥက္ကဌ လည်း ဖြစ်ပါတယ်။

သြဂုတ်လ ၈ ရက်နေ့မွန်းလွဲပိုင်းက တပ်မ ၆၆ လက်အောက်ခံ ခြေမြန် တပ်ရင်း(ခမရ) ၁၀၈ တပ်ဖွဲ့က နယ်မြေလုံခြုံရေး အတွက် စစ်ကြောင်း လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ရာက KIA တပ်မဟာ ၂ လက်အောက်ခံ ရှေ့တန်းတပ်ရင်းတခုနဲ့ တွေ့ဆုံပြီး ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကြောင်းလှုပ်ရှားမှုတွေ ရှိနေတာကြောင့် ဒေသခံတွေက တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်ပြီး တိမ်းရှောင်ခဲ့ကြတာ ဖြစ်ကြောင်း ပြောဆိုပါတယ်။

ဒေသအခြေစိုက် တပ်မ ၆၆ တာဝန်ရှိသူတွေက စစ်ဘေးရှောင် ဒုက္ခသည်တွေခိုလှုံရာ နေရာကို သြဂုတ်လ ၁၃ ရက်နေ့မှာ သွားရောက် တွေ့ဆုံပြီး ဆန်နဲ့ စားနပ်ရိက္ခာတွေကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့ရတဲ့ နေရာကို လည်း သွားရောက် စုံစမ်းနေတယ်လို့ဆိုပါတယ်။

“စစ်ကြောင်းတွေက နေရာယူချထားတာဆိုတော့ တိုက်ပွဲတွေဖြစ်လာမဖြစ်လာဆိုတာကတော့ တပ်အပ်မပြောနိုင်ဘူး။ ဒါပေမယ့် စစ်တပ်အနေနဲ့ အရင်နဲ့ မတူတဲ့ တာဝန်ယူမှု အပိုင်းလေးတွေတော့ တွေ့လာရတယ်။ ဒီနေ့ ဒုက္ခသည်တွေကိုသွားတွေ့ပြီး အကူ အညီ တွေပေးခဲ့သလို ဟိုနေ့က လမ်းပြခေါ်သွားပြီး သူတို့ ရိုက်နှက်မိခဲ့တဲ့ ဒေသခံကိုဆေးပြန်ကုပေးတယ်”လို့ ဦးဒါချီလဆိုင်း က ရှင်းပြ ပါတယ်။

အစိုးရ စစ်တပ်ရဲ့ နယ်မြေစိုးမိုးရေးလှုပ်ရှားမှုပြုလုပ်ရာမှာ နားလည်မှုလွဲမှားပြီး KIA တပ်ဖွဲ့ဝင်တချို့နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာ မှန် ပေမယ့် ထိုးစစ်ဆင်တိုက်ပွဲကြီးတွေဖြစ်ပွားခဲ့တာမဟုတ်ကြောင်း၊ သေဆုံး ဒဏ်ရာရရှိမှုလည်း မရှိကြောင်း KIA မဟာဗျူဟာ လေ့ လာ ရေးဌာန တာဝန်ရှိသူလည်းဖြစ် အစိုးရနဲ့ ကချင်လွတ်လပ်ရေး အဖွဲ့(KIO) တို့ အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ညှိနှိုင်း အဖြေရှာရေး အလုပ်အဖွဲ့(Technical Advisory Team) အဖွဲ့တာဝန်ရှိသူလည်းဖြစ်တဲ့ ဦးဒေါင်ခါးက ပြောပါတယ်။

“အခုဟာက တိုက်ပွဲအဆင့်လို့တောင် ပြောလို့မရပါဘူး။ နှစ်ဘက်အကြားမှာ နားလည်မှုလွဲပြီး မတော်တဆဖြစ်တဲ့ အနေအထားပါ။ ဒေသခံတွေကတော့ဗျာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က တိုက်ပွဲကြီးတွေဖြစ်ထားတဲ့ အခြေအနေတွေကြောင့် ခဲမှန်ဖူးတဲ့ စာသူငယ်လိုဖြစ်နေကြရတာပေါ့။ စစ်ရေးလှုပ်ရှားမှုတွေဖြစ်လာရင် သူတို့ဒုက္ခရောက်တော့မလားဆိုပြီး ထိတ်လန့်ကြတာ”လို့ ဦးဒေါင်ခါး က ဧရာဝတီကို ပြောပါတယ်။

ဒီနှစ် မေလဆန်းက မြစ်ကြီးနားမြို့မှာ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နဲ့ KIO ခေါင်း ဆောင်တွေ တွေ့ဆုံခဲ့ကြပြီး တိုက်ပွဲတွေ လျှော့ချဖို့အတွက် “ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့” ဖွဲ့စည်းခဲ့ပေမယ့် အဲဒီ အဖွဲ့ဟာ အလုပ်မဖြစ်ဘူးလို့ KIO ခေါင်းဆောင်တွေက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်တွေနဲ့ KIA တို့အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့နောက်ပိုင်းမှာ တိုက်ပွဲကြီးတွေဖြစ်ပွားခဲ့ပြီး သိန်းဂဏန်းရှိတဲ့ ဒေသခံတွေလည်း အိုးအိမ်တွေကို စွန့်ခွာပြီး ဒုက္ခသည်တွေစခန်းတွေမှာ ခိုလှုံခဲ့ကြရပါတယ်။

KIA နဲ့ အစိုးရတို့အကြားမှာ အခုချိန်ထိ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရရှိသေးဘဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ တိုက်ပွဲတွေ ကြိုကြား ဖြစ်နေဆဲဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း လက်ရှိ စစ်ဘေးရှောင် ဒုက္ခသည် စုစုပေါင်း ၆ သောင်းကျော် ရှိကြောင်း ကချင် ဒုက္ခသည် ကော်မတီ ရဲ့ စာရင်းတွေအရ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading