Human Rights

ထိုင်း-မြန်မာ “သေမင်းတမန် ရထားလမ်း” အထိမ်းအမှတ်ပြတိုက် ဆောက်လုပ်ခွင့်ပြု

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဒုတိယ ကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့သော နာမည်ကျော် “သေမင်းတမန် ရထားလမ်း” အထိမ်းအမှတ်ပြတိုက်ကို မွန်ပြည်နယ် သံဖြူဇရပ်မြို့၌ ဆောက်လုပ်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါ အထိမ်းအမှတ် ပြတိုက်ဆောက်လုပ်ခွင့်ကို တလမွန် ကုမ္ပဏီက ရရှိခဲ့ခြင်းဖြစ်ပြီး ပြတိုက် မြေနေရာကို သံဖြူဇရပ်မြို့ စည်ပင် သာယာရေး အဖွဲ့ထံမှ နှစ်ရှည် ငှားရမ်းသည့် စနစ်ဖြင့် လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ ယဉ်ကျေးမှုနှင့် စီမံကိန်းဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက ဧရာဝတီသို့ ပြောသည်။

“ပြည်နယ် အစိုးရအဖွဲ့ကတော့ အရင်ကတည်းက ပြတိုက်ဆောက်ဖို့ လျာထားတဲ့ တလမွန် ကုမ္ပဏီကိုပဲ ခွင့်ပြုခဲ့တာ။ မြေနေရာ အတွက်တော့ မပြီးပြတ်သေးဘူးလားတော့ မပြောတတ်သေးဘူး။ မြေနေရာကို ကုမ္ပဏီကို အပိုင်ပေးတဲ့ စနစ်မဟုတ်ဘူး။ သူတို့ကိုဆောက်လုပ် ငှားရမ်းခွင့်ပဲ ပေးတာ။ အသေးစိတ်တော့ မပြောနိုင်သေးဘူး”ဟု ၎င်းက ဆိုသည်။

ယခု ဆောက်လုပ်မည့် ပြတိုက်သည် သံဖြူဇရပ်မြို့ရှိ သေမင်းတမန် ရထားလမ်း တည်ဆောက်ခဲ့ရာတွင် ကျဆုံးခဲ့ရသော နိုင်ငံ တကာ တပ်ဖွဲ့မှ စစ်သားများ၏ ဂူဗိမာန် နှင့် ဆက်စပ်မှု ရှိမည်ဖြစ်ကြောင်း၊ ပြတိုက်ကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆွဲဆောင်မှုရှိစေမည့် ပြကွက်များ ထည့်သွင်းနိုင်လျှင် ရေရှည်ရပ်တည်ရေးအတွက် ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက ပြောပြသည်။

ပြတိုက် ဆောက်လုပ်ခွင့် ရထားသည့် တလမွန် ကုမ္ပဏီ အနေဖြင့်လည်း ပြတိုက်ဆောက်လုပ်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထား ကြောင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့ရှိ သေမင်းတမန် မီးရထားလမ်း ပြတိုက်သို့လည်း သွားရောက် လေ့လာထားကြောင်း သိရ သည်။

“ပြတိုက်ဆောက်ဖို့ အခက်အခဲမရှိပါဘူး၊ ဒါပေမယ့် ပြတိုက်မှာ ပြမယ့် သမိုင်းဆိုင်ရာ အထောက်အထားတွေကတော့ အခက်အခဲရှိတယ်”ဟု တလမွန် ကုမ္ပဏီပိုင် ရှင် ဦးနိုင်မောင်တိုးက ပြောသည်။

သို့သော် ကန်ချနဘူရီမြို့ရှိ ပြတိုက်တွင် ပြသထားသည့် သမိုင်းဆိုင်ရာပစ္စည်း များသည် မြန်မာနိုင်ငံမှ အထောက်အထားများ ဖြစ် သည်ကို တွေ့ရှိခဲ့ရပြီး မြန်မာနိုင်ငံ ပြတိုက် အတွက် အဆိုပါ အထောက်အထားများကို ပြန်လည်ရယူရန် မဖြစ်နိုင်ဟုလည်း သူက ရှင်းပြသည်။

“ကျနော်သွားကြည့်တော့ ကိုယ့်နိုင်ငံထဲက ပစ္စည်းတွေ ဖြစ်နေသလို၊ နောက်ပြီး သံဖြူဇရပ်မြို့မှာ အထောက်အထား တချို့က ရှိပေ မယ့်၊ တကယ်တမ်း ပစ္စည်းကိုစုဆောင်းဖို့ သွားကြည့်ရင် ငွေကြေး တောင်းတာလည်း များတယ်၊ သေမင်းတမန် လမ်းနဲ့ သက်ဆိုင်ခဲ့ တဲ့ ဂျပန်ဓား အစစ်ဆိုရင် ကျပ်သိန်း ၂၀၀ လောက်အထိ တောင်းနေတော့ မတတ်နိုင်ဘူး”ဟု ဦးနိုင်မောင်တိုးက ပြောဆိုသည်။

လက်ရှိ အချိန်တွင် ပြခန်းတည်ဆောက်ရန်နှင့် လက်ဆောင်ပစ္စည်းများ ရောင်းချရန် ဆိုင်ခန်းများအတွက်သာ လျာထားပြီး ပြတိုက် ရေရှည် ရပ်တည်ရေးအတွက် စီးပွားရေး ဆိုင်ရာ လုပ်ငန်းတခုခုကို မစီစဉ်ရသေးကြောင်း၊ ရေရှည်ရပ်တည်ရေး ရန်ပုံငွေရရှိနိုင်မည့် လုပ်ငန်း တမျိုးမျိုးလုပ်ကိုင်ရမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ယူဆကြသည်ဟု သိရသည်။

သို့သော် မည်သည့် အချိန်တွင် ပြတိုက် စတင်တည်ဆောက်မည်ကိုမူ မသိရှိရပေ။

မြန်မာနိုင်ငံ မွန်ပြည်နယ် သံဖြူဇရပ်မြို့မှ ဘုရားသုံးဆူ တောင်ကြားကို ဖြတ်၍ ထိုင်းနိုင်ငံ ဘန်ပေါင်မြို့ အထိ ဖောက်လုပ်ထားသည့် ယိုးဒယား-မြန်မာ မီးရထားလမ်းသည် အရှည် ၁၇၅ မိုင်ရှိပြီး ဒုတိယ ကမ္ဘာစစ် အတွင်း ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန် တို့က ဖောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း စာရေးဆရာ လင်းယုန်သစ်လွင် ၏ “သေမင်းတမန် ရထားလမ်း ခေါ် ထိုင်း မြန်မာ မီးရထားလမ်း ကိုယ်တွေ့ ချွေးတပ်မှတ်တမ်း”စာအုပ်၌ ရေးသားထားသည်။

ထို သေမင်းတမန် ရထားလမ်း ဖောက်လုပ်စဉ်က မြန်မာနိုင်ငံမှ ချွေးတပ်သား ၈ သောင်း ကျော်၊ နိုင်ငံတကာက စစ်သုံ့ပန်း ချွေးတပ် သား ၁၃၅၀၀ ထက်မနည်း သေဆုံးခဲ့ရကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် သေမင်းတမန် ရထားလမ်းသည် ကမ္ဘာလှည့်ခရီးသွားများကို အများဆုံး ဆွဲဆောင်မှုရှိသော နေရာတခု ဖြစ်လျက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading