Politics

မြန်မာ့ အပြောင်းအလဲ အလားအလာကောင်းများရှိဟု ဂျွန်ကယ်ရီ ပြော

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရှိ ပြဿနာအားလုံး ပြေလည်ခြင်း မရှိသေးသော်လည်း မြန်မာ့ အပြောင်းအလဲသည် ထူးခြားပြီး အလားအလာ ကောင်း များ တွေ့ရှိရသည်ဟု မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားလိုက်သည်။

အမေရိကန်နိုင်ငံ ဟာဝိုင်ယီ ပြည်နယ် ဟိုနိုလူလူ မြို့ရှိ East-West Center တွင် ကျင်းပသည့် အခမ်းအနား တခု၌ ပြောကြား သော မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုပြီး ဝန်ကြီး ဂျွန်ကယ်ရီက ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။

နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက အာရှ-ပစိဖိတ် ဒေသသည် အမေရိကန် နိုင်ငံခြားရေး မူဝါဒ မဟာဗျူဟာအရ အရေးကြီးကြောင်း၊ စိတ်လှုပ်ရှားဖွယ် ပြောင်းလဲမှု ရှိလာသည့် အာရှ-ပစိဖိတ် ဒေသ၌ အမေရိကန်၏ နောက်ထပ် ခြေလှမ်း အစီအစဉ်များကို အလေးအနက် ပြောဆိုခဲ့ရာတွင် ထိုကဲ့သို့ မြန်မာနိုင်ငံအပေါ် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သြဂုတ် ၁၃ ရက်နေ့ ရက်စွဲဖြင့် ဟိုနိုလူလူ မိန့်ခွန်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သို့သော် ယင်းသို့ ပြောဆိုမှုသည် သူ၏ သဘောထား မှတ်ချက်သာ ဖြစ်ပြီး မြန်မာနိုင်ငံရှိ ပြဿနာ အားလုံး ပြေလည်သွားသည် ဟု ဆိုလိြုခင်း မဟုတ်ကြောင်း၊ အာရှဒေသတွင်းက အမေရိကန် နိုင်ငံအနေဖြင့် ကတိပြုထားသည့် မြန်မာ့ အသွင်ကူးပြောင်းမှုသည် စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံး နိုင်ငံတခုသာ ဖြစ်ကြောင်း မစ္စတာ ဂျွန်ကယ်ရီက ဖြည့်စွက် ပြောကြားခဲ့သည်။

ဝန်ကြီး ဂျွန်ကယ်ရီသည် သြဂုတ်လ ဒုတိယပတ်က နေပြည်တော်တွင် ကျင်းပခဲ့သည့် အာဆီယံ- အမေရိကန်၊ အာဆီယံ ဒေသ ဆိုင်ရာ ဖိုရမ်(ARF) အပါအဝင် အခြားဆက်စပ် အစည်းအဝေးများ တက်ရောက်ရန် မြန်မာ နိုင်ငံသို့ ရောက်ရှိခဲ့ပြီး သြဂုတ်လ ၉ ရက်နေ့က သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

ခရီးစဉ်အတွင်း ဝန်ကြီး ဂျွန်ကယ်ရီသည် မြန်မာအစိုးရ အကြီးအကဲများ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ တခြားသော တာဝန်ရှိသူများနှင့်လည်း နေပြည်တော်၌ တွေ့ဆုံခဲ့သေးသည်။

ထို့အပြင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် တွေ့ဆုံ ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်အမတ် တဦးအဖြစ် လွတ်လပ်စွာ စကားပြောဆိုနိုင်ခဲ့ကြောင်း ဂျွန်ကယ်ရီက ပြောဆို သည်။

“လွန်ခဲ့တဲ့ ၁၅ နှစ်က ကျနော် မြန်မာနိုင်ငံ(Burma)ကိုသွားခဲ့တာ ဘယ်တော့မှမေ့မှာ မဟုတ်ဘူး။ ဆယ်စုနှစ် ၂ ခုနီးပါးအကျယ် ချုပ် နေခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်မှာ သူနဲ့ တွေ့ခဲ့ပါတယ်။ အခုတခေါက်လည်း ဒီအိမ်မှာပဲ သူ့ကို တွေ့ဖြစ်ပါတယ်။ သူ့ ကြည့်ရတာတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကလိုပဲ၊ ဘာမှ မပြောင်းလဲဘူး၊ ဒါပေမယ့် အခု လွှတ်တော် အမတ်တဦး အနေနဲ့ သူနဲ့တွေ့တော့ စကား လွတ်လွတ်လပ်လပ် ပြောလို့ရနေပြီ”ဟု ဂျွန်ကယ်ရီက ပြောသည်။

မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေး လေ့လာသူများနှင့် နိုင်ငံရေးတွင် ပါဝင်နေသူများက ဂျွန်ကယ်ရီ၏ မြန်မာနိုင်ငံ ခရီးစဉ်ကြောင့် ထူးခြားသည့် သက်ရောက်မှု မရှိနိုင်ကြောင်း သုံးသပ် ပြောဆိုထားသူများ ရှိသကဲ့သို့ ပြုပြင်ပြောင်းလဲရေး အရှိန်မြင့်လာမည်ဟု ယူဆသူများလည်း ရှိနေသည်။

နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီသည် မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ရာတွင် မြန်မာ့ တပ်မတော် နှင့် ပတ်သက်ပြီး ဝေဖန်ထောက်ပြမှု လုံး၀ မလုပ်ဆောင်ခဲ့သည့် အပေါ် ဝေဖန်မှုများ ရှိနေသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဝန်ကြီး ဂျွန်ကယ်ရီက East West Center တွင် ၁၅ မိနစ်ကြာ မိန့်ခွန်း ၌ အမေရိကန် နိုင်ငံ၏ အာရှဗဟိုပြု မဟာဗျူဟာ (Pivot to Asia) နှင့် ပတ်သက်၍ သမ္မတ အိုဘားမား အစိုးရ တက်လာပြီး နောက်ပိုင်း အာရှပစိဖိတ် ဒေသဆိုင်ရာ အမေရိကန်၏ မဟာဗျူဟာ အရ အရေးပါပုံများ၊ အဆိုပါ ဒေသ စီးပွားရေး ဖွံ့ဖြိုးရေးနှင့် တည်ငြိမ်ရေး အတွက် အမေရိကန်က ဆက်လက် ကူညီရန်နှင့် အာရှ-ပစိဖိတ် ဒေသအား ထူးခြားစွာ ဆက်ဆံသွားမည့် အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းထားသည်။

ဂျွန်ကယ်ရီက မြန်မာ့ ပြုပြင်ပြောင်းလဲရေး အလားအလာ ကောင်းသည်ဟု မှတ်ချက်ပေးသည့် အပေါ် ရှစ်လေးလုံး ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သည့် ဦးမိုးသီးဇွန်က ယုံကြည်မှု မရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“အလားအလာ ကောင်းသလား၊ မကောင်းဘူးလား ဆိုတာ တိုင်းပြည်မှာ ဘယ်လောက် လွတ်လပ်သလဲ၊ တရားမျှတမှု ဘယ် လောက် ရှိသလဲ အပေါ် မူတည်ပါတယ်။ ကောင်းတယ်၊ ကောင်းတယ်လို့ သံတမန်တွေလည်း ပြောခဲ့ပေါင်းများလို့ သူပြောတာလဲ သိပ်မယုံတော့ဘူး”ဟု ဦးမိုးသီးဇွန်က ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading