ဧရာဝတီတိုင်း ဒေသကြီး သာပေါင်းမြို့နယ်တွင် ကျောက်ထုတ်လုပ်ငန်းများကြောင့် တောတောင် သဘာ၀ ပတ်ဝန်း ကျင်များ ပျက်စီးခြင်း၊ လယ်ယာမြေများ ရွှံ့နွံဖုံးလွှမ်းခြင်းနှင့် ချောင်းမြောင်းများ တိမ်ကောခြင်းတို့ ဖြစ်ပေါ်နေကြောင်း သိရသည်။
ကျောက်ထုတ်လုပ်ငန်းများမှ ထွက်ရှိသည့် ရွှံ့နွံများဖုံးလွှမ်းမှုကြောင့် သာပေါင်းမြို့နယ်တွင် လယ်ဧက ၆၀ ကျော် ပျက်စီးသွားပြီဖြစ် ကြောင်း ပျဉ်းမထုံး ကျေးရွာမှ ဦးစိုးအောင်က ဧရာဝတီကို ပြောသည်။
“ကျောက်စရစ်ထုတ်တဲ့ သူတွေက ဒီတောတောင်တွေကို မြေတူးစက်မျိုးစုံနဲ့ စိတ်ကြိုက် တူးဖေါ်လာတာ ၂ နှစ် ၃ နှစ် လောက် ရှိပါပြီ။ သူတို့က တောင်တွေကို ရေပိုက်တွေနဲ့ ထိုးပြီး ကျောက်စရစ်တွေကို ဖြိုချကြတာ။ လိုချင်တဲ့ ကျောက်ကို ယူပြီး ကျောက်မှာ ပါတဲ့ မြေတွေက ရေနဲ့အတူ ချောင်းအတိုင်း စီးတော့ ချောင်းတွေ ကောလာတယ်။ လယ်တွေထဲကို စီးတော့ လယ်တွေ ဖုံးကုန်တယ်” ဟု သူက ပြောပြသည်။
သာပေါင်းမြို့နယ် ကြက်သွန်ကွင်းနှင့် နံနံပင်ကုန်း ကျေးရွာအနီးရှိ တောင်ကြောများပေါ်တွင် လမ်းခင်း ကျောက်ကြီးများကို ထုတ် လုပ် လျက်ရှိပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး ကျောက်စရစ်များကို ပျဉ်းမထုံး ကျေးရွာအုပ်စု အတွင်းရှိ ရေသိုး၊ တောင်သုံးလုံးနှင့် ဝါးနက်ချောင်း ကျေးရွာများတွင် ထုတ်လုပ်လျက်ရှိသည်ဟုလည်း ဦးစိုးအောင်က ဆက်ပြောသည်။
လယ်မြေများကို ရွှံ့သဲမြေများ ဖုံးသည့်အပြင် သာပေါင်းမြို့နယ်ရှိ သဲဖြူချောင်း (ခေါ်) ဝါးနွယ်စမ်းချောင်းလည်း တိမ်ကော ပျက်စီး သွားပြီ ဖြစ်ကြောင်း ဧရာဝတီတိုင်း အခြေစိုက် Beautiful Land (လှပသောမြေ) သဘာ၀ ပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောပြသည်။
Beautiful Land အဖွဲ့ခေါင်းဆောင် ဦးမြင့်အောင်က “အရင်တုန်းက ၆ ပေလောက် နက်တဲ့ ချောင်းဟာ အခု ၂ ပေလောက်ပဲ နက် တော့တယ်။ ကျောက်စရစ် ထုတ်တဲ့ လုပ်ငန်းက ထွက်တဲ့ သဲနဲ့ရွှံ့မြေတွေက ချောင်းထဲကို ဝင်ကုန်တော့ ချောင်းက လုံးဝပျက်သွားတယ်။ ကျောက်ထုတ်လုပ်ငန်း ပတ်ဝန်းကျင် တဝိုက်က သစ်ပင်တွေဆိုလည်း ပျက်စီးကုန်တယ်”ဟု ပြောသည်။
ယင်းဒေသတွင် ကျောက်ကြီး ထုတ်လုပ်သူ ၅ ဦးခန့် ရှိပြီး တနေ့လျှင် တန် ၅၀ ခန့် ထုတ်လုပ်လျက် ရှိကြောင်း၊ ကျောက်စရစ် ထုတ်လုပ်သူမှာ ၇ ဦးခန့် ရှိပြီး နေ့စဉ် တန် ၁၀၀ ခန့် ထုတ်လုပ်နေသည်ဟု ဒေသခံများက ပြောဆိုသည်။
ထိုသို့ ကျောက်ထုတ်လုပ်ရာတွင် ကျောက်ကြီး ထုတ်လုပ်သူ ၃ ဦးသာ လုပ်ငန်းလိုင်စင်ဖြင့် လုပ်ကိုင်နေခြင်း ဖြစ်ပြီး ကျောက်ကြီး လုပ်ငန်း အတွက် လိုင်စင်လျှောက်ထားဆဲ ၃ ဦး ရှိကြောင်း၊ ကျောက်စရစ် ထုတ်လုပ်မှုလုပ်ငန်းများမှာ လုပ်ငန်းလိုင်စင် ချထားခြင်း မရှိဘဲ လိုင်စင် လျှောက်ထားလာသူလည်း မရှိသေးကြောင်း သာပေါင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာနက တာဝန်ရှိသူ တဦး က ပြောသည်။
“သာပေါင်းမြို့နယ် အတွင်းမှာ ကျောက်ကြီး ထုတ်လုပ်တာနဲ့ ပတ်သက်လို့ နှစ်ဦးသုံးဦးလောက် ခွင့်ပြုထားတာ ရှိတယ်၊ ခွင့်ပြုပေးဖို့ နှစ်ဦးသုံးဦးလောက် လျှောက်ထားတာလည်း ရှိတယ်၊ ကျောက်စရစ်နဲ့ ပတ်သက်လို့တော့ လျှောက်ထားတာ မရှိသေးဘူး၊ ကျောက် ထုတ်လုပ်တာတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေက တိုင်ကြားတာတွေရှိလို့ ကျောက်ထုတ်လုပ်တာတွေ အားလုံး ဆက်မလုပ်ဖို့ တား ထားတယ်၊ နာမည်နဲ့တကွ တိုင်ထားတဲ့ ကျောက်ထုတ်လုပ်သူတွေကိုလည်း အဖွဲ့ဖွဲ့ပြီး စစ်ဆေးနေပါတယ်။ ပေါ်ပေါက်ခဲ့ရင် တရား ဥပဒေနဲ့ အညီ အရေးယူ သွားမှာပါ”ဟု သူက ပြောဆိုသည်။
ကျောက်ကြီး ထုတ်လုပ်ရာတွင် မြေကြီးကို တူး၍ ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲကာ ထုတ်ကြပြီး ကျောက်စရစ် ထုတ်လုပ်မှုသည် တောင် များကို ရေပိုက်အပြင်းစားဖြင့် ထိုးပြီး ကျောက်စရစ်များ ထုတ်ယူခြင်း ဖြစ်သည်။ ရရှိလာသည့် ကျောက်စရစ်နှင့် ကျောက်ကြီးများကို ပုသိမ်မြို့အပါအဝင် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ် အသီးသီးသို့ ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် ရောင်းချနေပြီး ပုသိမ်မြို့တွင် ကျောက်ကြီး တကျင်းလျှင် ကျပ် ၇ သောင်းခန့်၊ ကျောက်စရစ် တကျင်းလျှင် ကျပ် ၆ သောင်းခန့် ပေါက်ဈေး ရှိကြောင်း သိရသည်။
ကျောက်စရစ်နှင့် ကျောက်ကြီး ထုတ်လုပ်ခြင်းကို သာပေါင်းမြို့နယ် သာမက ငပုတောမြို့နယ်ရှိ ဂျမ်းကပ်၊ မှော်ဘီ၊ သဲချောင်း စသည့် ကျေးရွာများတွင် တွင်ကျယ်စွာ လုပ်ကိုင်နေကြပြီး သာပေါင်း ဒေသကဲ့သို့ ယင်းဒေသများ၌ သစ်တောများ ပြုန်းတီးခြင်း၊ ချောင်းမြောင်းများ တိမ်ကောခြင်း၊ မြေပြိုခြင်းနှင့် လူနေအိမ်များ သဲဖုံးလွှမ်းမှု ခံရခြင်းများ ဖြစ်ပွားလျက် ရှိကြောင်း ဒေသခံများက ပြော ဆိုကြသည်။