မြန်မာနိုင်ငံတွင် မုဒိမ်းမှုများ တနှစ်ထက်တနှစ် တိုးပွားနေပြီး အာဏာပိုင်များထံမှ ရရှိထားသော စာရင်းဇယားများအရ တနိုင်ငံလုံးတွင် တနေ့လျှင် မုဒိမ်းမှု ၂ မှုခန့် ဖြစ်နေသည်ဟု သိရသည်။
ဖြစ်ပွားမှုနှုန်းများသလို လူအများ မုန်းတီးသည့် မုဒိမ်းမှုများကို ခေါင်းစဉ်တပ်၊ အကြောင်းရှာပြီး ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ ဆူပူအကြမ်းဖက်မှုများ ပြုလုပ်လာသူများစွာ ရှိနေသကဲ့သို့ ဆိုရှယ်မီဒီယာများထက်တွင် ဝါဒဖြန့်လှုံ့ဆော်မှုများလည်း ရှိလာကြောင်း တွေ့ရသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သည့် မန္တလေးဆူပူ အကြမ်းဖက်မှုတွင် မုဒိမ်းမှုဟု လီဆယ်တိုင်ကြားရာမှ အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး လူများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်ရပ်သည် အစိုးရပိုင်း တာဝန်ရှိသူများ ဆက်တိုက် ပြောဆိုနေသည့် “နောက်ကွယ်မှ ကြိုးကိုင်သူများက” မုဒိမ်းမှုများကို လှည့်ကွက်သဖွယ် သဘောထားပြီး ဆူပူမှုများ ဖန်တီးနေသည်ဟု သက်သေပြနေသည်။
မုဒိမ်းမှုများ ဖြစ်ပွားရန် လှုံ့ဆော်ပေးသည့် အကြောင်းအရင်းများစွာရှိပြီး ညစ်ညမ်း ဗီဒီယိုခွေများနှင့် ညစ်ညမ်း စာအုပ်များကို အလွယ်တကူ ဝယ်ယူရရှိနေခြင်း၊ မူးယစ်ဆေးဝါးများ သုံးစွဲကြခြင်း၊ ဆန့်ကျင်ဘက် လိင်များနှင့် အရောတဝင်နေခြင်း စသည့် အကြောင်းအရာများမှ အစပြုကာ မုဒိမ်းမှုများ ဖြစ်ပွားလာကြောင်း၊ သက်ငယ်မုဒိန်းမှုများ ပိုမို များပြားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မုဒိမ်းမှုများ ကျဆင်းရေးအပေါ် သုံးသပ် အဖြေရှာထားချက်များအရ သိရသည်။
မှုခင်းများ ပိုမိုဖြစ်ပွားလာသည့်အတွက် သက်ဆိုင်ရာ အာဏာပိုင်များက မုဒိမ်းမှုများ ဘာကြောင့် ဖြစ်ရသလဲ၊ ဘယ်လို ကာကွယ်ရမလဲ၊ ပညာပေး လုပ်ငန်းတွေ ဘယ်လိုလုပ်ကြမလဲဆိုသည့် ခေါင်းစဉ်များဖြင့် မုဒိမ်းမှု ပြန်လည် ကျဆင်းလာစေရေးအတွက် သုံးသပ်အဖြေရှာ နေကြသည်။
“အခုနောက်ပိုင်းမှာ ပိုပြီးဖြစ်လာတယ်၊ အသက်မပြည့်သေးတဲ့ ကလေးတွေအထိ ကျူးလွန်မှုတွေ ဖြစ်လာတယ်၊ အဓိက ကတော့ ထိရောက်တဲ့ပြစ်ဒဏ် ပေးဖို့လိုတယ်၊ ရဲတွေအပိုင်းက ဖော်ထုတ်ပေးဖို့၊ ပြည်သူက ဝိုင်းဝန်း ထိန်းသိမ်းဖို့လုပ်ပြီး တရားစီရင်ရေး အပိုင်းကလည်း နောင်ကျဉ်အောင် ထိရောက်တဲ့ ပြစ်ဒဏ်ကို ကြိုတင်ချမှတ်မယ်ဆိုရင် ဖြစ်နှုန်းကျဆင်းနိုင်တယ်။ အဲဒီလိုမဟုတ်ရင်တော့ ဖြစ်နှုန်းကျဆင်းမှာ မဟုတ်ဘူး” ဟု ရန်ကုန်တိုင်း ဒေသကြီးနယ် စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ရှင်းပြသည်။
တနိုင်ငံလုံး အတိုင်းအတာအားဖြင့် ၂၀၁၀ ခုနှစ်တွင် မုဒိမ်းမှု ၃၃၇ မှု၊ ၂၀၁၁ ခုနှစ်တွင် ၆၀၅ မှု၊ ၂၀၁၂ ခုနှစ်တွင် ၆၅၄ မှု၊ ၂၀၁၃ ခုနှစ်တွင် ၇၃၄ မှုနှင့် ၂၀၁၄ ခုနှစ် ဇူလိုင်လကုန်အထိ ၄၇၀ မှု ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးက ဖြစ်ပွားမှု အမြင့်ဆုံးဖြစ်ခဲ့သည်။
၂၀ဝ၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် ဇူလိုင်လကုန် အထိ မုဒိမ်းမှုပေါင်း ၅၈၂၈ မှု ဖြစ်ပွားခဲ့သည်ဟု နေပြည်တော် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၁၂ ခုနှစ် နှင့် ၂၀၁၃ ခုနှစ် ၂ နှစ် အတွင်း မုဒိမ်းမှု ၂၈၇ မှု ဖြစ်ပွားခဲ့ပြီး မိသားစုဝင်အချင်းချင်း ကျူးလွန်သည့် အမှုများလည်း ပါဝင်နေသည့်အတွက် တရားစီရင်ရေး အပိုင်းက ယင်းပြစ်မှုမျိုး ဖြစ်ပွားလာပါက ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်သင့်သည်ဟု အာဏာပိုင်တချို့က အကြံပြုပြောဆိုကြသည်။
မုဒိမ်းမှုခင်းများသည် တခြားဒေသများထက် ရန်ကုန်တွင် ပိုမိုဖြစ်ပွားသော်လည်း မန္တလေးဖြစ်စဉ်ကဲ့သို့ မုဒိမ်းမှုကို အကြောင်းပြပြီး ဆူပူအကြမ်း ဖက်ကိစ္စမျိုး ရန်ကုန်တွင် လုံးဝအဖြစ်မခံနိုင်ဟု ဗိုလ်မှူးကြီး တင်ဝင်းက ဆိုသည်။
“လုံးဝအဖြစ်မခံဘူး၊ ဖြစ်ပြီဆိုတာနဲ့ ချက်ချင်း အရေးယူ ဆောင်ရွက်လိုက်တာတွေကြောင့် ပြဿနာ ကြီးကြီး ကျယ်ကျယ်တွေ မဖြစ်ဘူး၊ အဓိကက မှုခင်းကို မှုခင်းလို့ မြင်စေချင်တယ်၊ ဘာသာရေးနဲ့ သွားရောလို့ မကောင်းဘူး” ဟု သူက ပြောပြသည်။
တချို့သော မုဒိမ်းမှုများသည် တည်းခိုခန်းများတွင် ဖြစ်ပွားကြခြင်းဖြစ်ပြီး ကျူးလွန်ပြီးနောက်ပိုင်းမှ သိရသည့်အတွက် ၎င်းတို့ကို အကန့်အသတ်ဖြင့် ပိတ်သိမ်း အရေးယူနေရကြောင်း၊ ဒီဘက်ခေတ်တွင် တည်းခိုခန်းနှင့် ဟိုတယ်များတွင် အချိန်ပိုင်း တည်းခိုနိုင်ရန် ဝန်ဆောင်မှုများ ခေတ်စားလာသကဲ့သို့ မှတ်ပုံတင် ပေးစရာမလိုဘဲ တည်းခိုခွင့်ပြုမှုလည်း ရှိလာသည်ဟုလည်း ဗိုလ်မှူးကြီး တင်ဝင်းက ရှင်းပြသည်။
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလက အသက် ၁၆ နှစ် မပြည့်သေးသည့် ကလေးသူငယ်များအပေါ် မုဒိမ်းမှု ကျူးလွန်သူအား သေဒဏ် (သို့မဟုတ်) တသက်တကျွန်း ပြစ်ဒဏ်ချမှတ်နိုင်မည့် ဥပဒေကြမ်းကို သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က လွှတ်တော်သို့ တင်သွင်းခဲ့ပြီး လက်ခံဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ၁၉ မဲ၊ ကန့်ကွက်သူ ၃၁၁ မဲဖြင့် ရှုံးနိမ့်ခဲ့ရသည်။
အမျိုးသမီး အဖွဲ့အစည်းများကလည်း မုဒိမ်းမှုများ ကျဆင်းစေရေးနှင့် အမျိုးသမီးများ လိင်အကြမ်းဖက်မှု ကာကွယ်ပေးရေးတို့အတွက် ဥပဒေကြမ်းရေး ဆွဲနေကြပြီး ပြစ်မှုကျူးလွန်သူများကို မှန်ကန်ထိ ရောက်သည့် ပြစ်ဒဏ်များ ချမှတ်ပေးရန် ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ပြုလုပ်လာကြသည်။
အဓမ္မ ပြုကျင့်ခံခဲ့ရသည့် အမျိုးသမီးများ၏ အနာဂတ် ကောင်းမွန်လာစေရေးအတွက် လုံခြုံစိတ်ချရမှုရှိသည့် ခိုနားရာနေရာများနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးသင့်ကြောင်း၊ မုဒိမ်းမှုများ လျော့နည်းစေရန် ပညာပေး အစီအစဉ်များနှင့် မိမိကိုယ်ကိုယ် ကာကွယ်နိုင်မည့် နည်းလမ်းများကို ပညာပေးသင့်ကြောင်း အမျိုးသမီးအရေး လှုပ်ရှား ဆောင်ရွက်သူများက အကြံပြု ပြောဆိုကြသည်။
“အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ကျမတို့ အားမရဘူး၊ တိုင်းရင်းသား ဒေသတွေမှာရှိတဲ့ အမျိုးသမီးလေးတွေ တပ်မတော်သားတွေရဲ့ အကြမ်းဖက်မှုကို ခံနေရတယ်၊ မှတ်တမ်းတွေရှိတယ်၊ အစိုးရက ဒီအတိုင်းကြည့်နေတယ်၊ တာဝန်ယူမှု လုံးဝမရှိဘူး။ အရပ်ဘက်မှာလည်း ဒီပြဿနာက ငွေများ တရားနိုင်နဲ့ ဖုံးဖိ ပျောက်ကွယ်သွားတယ်” ဟု အမျိုးသမီး အဖွဲ့အစည်းများ ကွန်ရက်တာဝန်ခံ ဒေါ်မာမာချိုက ပြောသည်။
မြို့ကြီးပြကြီးများတွင် မုဒိမ်းမှုများ ဖြစ်ပွားသကဲ့သို့ ဝေးလံခေါင်ဖျားသည့် တိုင်းရင်းသား ဒေသများနှင့် ပဋိပက္ခများဖြစ်ပွားရာ ဒေသများရှိ အမျိုးသမီးများ၊ အရွယ်မရောက်သေးသော အမျိုးသမီးငယ် ကလေးများမှာလည်း စစ်တပ်၏ လိင်အကြမ်းဖက်မှုများကို ခံစားနေကြရသည်ဟု ပြည်ပအခြေစိုက် အမျိုးသမီး အဖွဲ့အစည်းများက ဝေဖန်ပြောဆိုနေကြသည်။
အမျိုးသမီးများ လိင်အကြမ်းဖက်မှု ကျူးလွန်ခံလာရခြင်း၊ မုဒိမ်းမှုများ များပြားလာခြင်းတို့နှင့် ပတ်သက်၍ အစိုးရ အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နေပြည်တော်ရုံးနှင့် ရန်ကုန်ရုံးခွဲသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖြေကြားမည့်သူ မရှိဟုသာဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲကာလမှ စတင်၍ သမ္မတ ဦးသိန်းစိန် တာဝန်ယူနေသည့် ကာလအတွင်း တိုင်းရင်းသား ဒေသများတွင် တပ်မတော်သားများ၏ မုဒိမ်းမှု ကျူးလွန်မှုပေါင်း ၁၀ဝ ကျော်ရှိခဲ့ကြောင်း။ ၄၇ မှုသည် အုပ်စုလိုက် မုဒိမ်းပြုကျင့်မှုဖြစ်ပြီးအသက် ၈ နှစ်အရွယ် ကလေးအထိ ပါဝင်ကြောင်း၊ ကျူးလွန်ခံရသူ ၂၈ ဦးသည် သတ်ဖြတ်ခံရခြင်း (သို့) ရရှိသောဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း၊ ထိုမှုခင်းများသည် မြို့နယ်ပေါင်း ၃၅ ခုတွင် ဖြစ်ပွားခဲ့ပြီး တပ်ရင်းပေါင်း ၃၈ ခု ကျော် ပါဝင်ပတ်သက်နေကြောင်း ထိုင်းအခြေစိုက် အမျိုးသမီးရေးရာအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ ဇန်နဝါရီလပိုင်းက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
တိုင်းရင်းသားဒေသများ၊ အထူးသဖြင့် ပဋိပက္ခများ ဖြစ်ပွားနေသည့် ဒေသများရှိ အမျိုးသမီးများနှင့် အရွယ် မရောက်သေးသော ကလေးများအပေါ် တပ်မတော်သားတချို့၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို အစိုးရပိုင်းက ထိထိရောက်ရောက် အရေးယူပေးရေး အမျိုးသမီး အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူများက တောင်းဆိုနေကြသည်။ အစိုးရကလည်း အထောက်အထားနှင့် တင်ပြတိုင်ကြားပါ၊ အရေးယူမည်ဟု ပြောဆိုနေသည်မှအပ အမျိုးသမီးများ၏ လူ့အခွင့်အရေးနှင့် အကြမ်းဖက်မှု ပပျောက်ရေး ကိစ္စများအပေါ် ထိရောက်သည့် လုပ်ဆောင်ချက်မျိုး မတွေ့ရဟု လူ့အခွင့်အရေး အဖွဲ့အစည်းများက ဝေဖန်ပြောဆိုနေကြသည်။
“သူတို့တတွေက တမင်သက်သက် လုပ်သလို ဖြစ်နေတယ်လို့ ပြောတော့ မစွပ်စွဲနဲ့လို့ ပြောကြတယ်။ စစ်တပ်အနေနဲ့လည်း တာဝန်ရှိတဲ့သူတွေက တာဝန်ယူပေးရမယ်။ ဒီလိုကိစ္စတွေသည် နိုင်ငံတကာ ဥပဒေအရ ကြည့်မယ်ဆိုရင် လူသားရာဇဝတ်မှု မြောက်တယ်။ ဒါကြောင့် ရပ်တန်းကရပ်ဖို့ အချိန်ဖြစ်နေပါပြီ” ဟု လူ့အခွင့်အရေးနှင့် အမျိုးသမီးများအရေး လှုပ်ရှားဆောင်ရွက်သူ ဒေါ်ခင်ဥမ္မာက ပြောသည်။
အစိုးရနှင့် စစ်တပ်မှ တာဝန်ရှိသူများကမူ တပ်မတော်သားများ မုဒိမ်းမှု ကျုးလွန်နေကြသည်ဟု ဆိုသော ကိစ္စများသည် ဝါဒဖြန့် စွပ်စွဲချက်များ ဖြစ်သည်၊ ကျူးလွန်မှုများ ရှိပါကလည်း စစ်ခုံရုံးတွင် စစ်ဆေးပြီး အရပ်ဘက်သာ ပြန်လည်လွှဲပြောင်း ပေးခြင်းဖြစ် သည်ဟု ပြန်လည်တုံ့ပြန်သည်။
“စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေက အဓမ္မပြုကျင့်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီလီက ပြောတယ်၊ ကျနော်တို့အနေနဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှား သူတွေကိုလည်း ပူးပေါင်းဖို့ ဖိတ်ခေါ်ထားပြီး ဖြစ်တယ်။ ဒီလိုကိစ္စမျိုးကို တပ်မတော်ကလည်း လုံးဝခွင့်မပြုထားဘူး၊ တချို့သောဟာတွေက ခိုင်လုံမှုမရှိသော စွပ်စွဲပြောဆိုချက်တွေလို့ ကျနော်တို့ယူဆတယ်” ဟု သမ္မတရုံးဝန်ကြီးဌာန တာဝန်ရှိသူတဦးက BBC မြန်မာပိုင်း အစီအစဉ်တွင် ကန့်ကွက်ပြောဆိုသွားသည်။
“ပြောတဲ့သူကို ပြန်မေးတယ်၊ ဖြစ်တဲ့နေရာကို သွားကြည့်သလား၊ ဖြစ်နေရင်လည်း အရေးယူထားသလား၊ အရေးမယူဘူးဆိုရင် ပြန်ပြော၊ အဲဒီလောက်အထိ အာမခံတယ်။ တပ်မှာဖြစ်တာဆိုရင် ကျနော်တို့ ပိုပြီး ဆင်ခြင်တယ်” ဟု နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဆိုသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာနိုင်ငံအတွင်း စစ်ဖြစ်ပွားရာ ဒေသများနှင့် ဆက်စပ်ဒေသများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေး အရေးယူပေးရန် မြန်မာအစိုးရကို တောင်းဆိုခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်